Print

အရက်ဖြတ်ခြင်း

  02-Dec-2017
Preview Image


အရက်သောက်တာ မကောင်းဘူးလို့ ပတ်ဝန်းကျင်က အမြဲပြောတတ်ကြပါတယ်။ ဒါပေမဲ့ အရက်သောက်သူ ဦးရေက လျှော့နည်းမသွားဘဲ တစ်နေ့တစ်ခြား ပိုများလာတယ်။ ဒီခေတ်ရောက်တော့ ယောကျ်ားလေးတွေတင်မက မိန်းကလေးတွေပါ သောက်လာကြပြီ။ ပိုဆိုးတာက အသက်မပြည့်သေးတဲ့ လူငယ်လူရွယ်တွေလည်း ပါနေတာပါ။ ၂၀၀၈ ခုနှစ်က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ လေ့လာတော့ အသက် ၁၈ နှစ်အောက် လူငယ်ကျောင်းသားတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ အရက်သောက်ကြတယ်ဆိုတာ တွေ့ရတယ်။ လူတစ်သောင်းကျော်ကို လေ့လာပြီး အဖြေထုတ်တော့ လူငယ်တွေ အရက်သောက်တဲ့ အခြေခံအကြောင်းရင်းက မိမိကိုယ်ကို ယုံကြည်ချက် အားနည်းခြင်းကြောင့်ဆိုတာ တွေ့ရတယ်။ အထူးသဖြင့် ဖိအားဒဏ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကောင်းကောင်း မဖြေရှင်းနိုင်တာက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။


အရက်လို့ပြောရင် ဝိသေသလေးတွေပါ ထည့်ပြောမှ ပိုပြည့်စုံတယ်။ အရက်မှန်ရင် ခါးရတယ်။ မူးရတယ်။ နောက်ပြီး လူ့စိတ်ကို စွဲလန်းစေတယ်။ ဒီအချက်တွေနဲ့ ပြည့်စုံမှ အရက်လို့ ခေါ်ရတယ်။ အရက်ပါဝင်မှု သုံးရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းကြား ပါဝင်ရင် ယမကာလို့ ခေါ်ပြန်တယ်။ အင်္ဂလိပ်လိုဆိုရင် Alcoholic Beverage လို့ ခေါ်ရမှာပေါ့။ ဘီယာ၊ ဝိုင်၊ ထန်းရည် စတာတွေဟာ ယမကာအမျိုးအစားတွေပဲဖြစ်တယ်။


အရက်အကြောင်း ပြောတဲ့အခါ Alcohol percentage ရာခိုင်နှုန်းက အရေးကြီးတယ်။ အနောက်နိုင်ငံတွေမှာ အရက် ပါဝင်မှုပမာဏ Alcohol by volume နဲ့ တွက်ပါတယ်။ ABV လို့ အတိုကောက်ခေါ်တယ်။ သောက်စရာအရှည် 100ml ထဲမှာ ပါဝင်တဲ့ အရက်စစ်စစ် Ethanol ပမာဏကို မီလီလီတာ (ml) နဲ့ တွက်ချက်ပြီး ဖော်ပြရတယ်။ အရက် Ethanol ပါဝင်မှု အချိုးအဆအပေါ် မူတည်ပြီး နာမည်တွေ ကွဲသွားတယ်။ ဥပမာ ဘီယာမှာ Ethanol ငါးရာခိုင်နှုန်း ပါဝင်တယ်။ ဝိုင်ဆိုရင် ၁၅ ရာခိုင်နှုန်း ကိုးရီးယားတွေသောက်တဲ့ ဆိုဂျူးမှာ ၂၀ ရာခိုင်နှုန်းစီ ပါဝင်ကြတယ်။ ဒီထက် နည်းနည်းမြင့်တဲ့ ဗော့ကာနဲ့ ဘရန်ဒီမှာ ၂၀ ရာခိုင်နှုန်းလောက် ပါဝင်တယ်။ အရက်ပြင်းပြင်း ကြိုက်သူတွေက Ethanol ပါဝင်မှုထက်ဝက်လောက် (၅၀ ရာခိုင်နှုန်း) လောက်ရှိတဲ့ ရမ်၊ ဂျင်၊ ဝစ်စကီ စတာတွေကို သောက်ကြတယ်။


တချို့ရမ် အပြင်းစားတွေကတော့ ၈၀ ရာခိုင်နှုန်းလောက် ပါဝင်နိုင်တယ်။ ပိုပြင်းတာက ဆေးရုံ၊ ဆေးခန်းတွေမှာသုံးတဲ့ အရက်ပြန်ဖြစ်ပါတယ်။ အရက်ပြန်မှာ Ethanol ၉၅ ရာခိုင်နှုန်းနဲ့ Methanol (ငါးရာခိုင်နှုန်း) ပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း Methylated spirit လို့ ခေါ်တာပါ။ အဲဒီအရက်ပြန်ကိုပဲ ယူအက်စ်နဲ့ ကနေဒါမှာ Denatured Alcohol လို့ ခေါ်ပါတယ်။ အတတ်ဆန်းသူတွေက အရက်ပြန်ကိုဆားခပ်ပြီး သောက်ကြပါတယ်။ သောက်ပါများရင် ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပြီး မျက်စိကွယ်တာ၊ ရူးကြောင်ကြောင်ဖြစ်တာ၊ အသက်ဆုံးရှုံးတာမျိုး ဖြစ်နိုင်တယ်။


အရက်သောက်သူတိုင်းမှာ Drinking Tendency ဆိုတာမျိုးရှိပါတယ်။ သောက်မြဲသောက်ချင်တဲ့ ဆန္ဒပေါ့။ အရက်ဖြတ်သူတိုင်းဟာ ဖြတ်စမှာ နေလို့ထိုင်လို့ မကောင်းကြာတာ အမှန်ပဲ။ ဥပမာ ဒီနေ့ အရက်မသောက်တော့ဘူး ဆိုပါတော့။ သူသောက်နေကျ အချိန်ရောက်ရင် မသိစိတ်က သောက်ဖို့တိုက်တွန်းနေပြီ။ ရနေကျအရာတစ်ခု မရတဲ့အခါ ခန္ဓာကိုယ်က သတိပေးတယ်။ အဲလိုအချိန်မျိုးမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အရက်ဖြတ်စမှာ အရက်နာကျတဲ့ လက္ခဏာတွေ ခံစားရတယ်။


ချွေး၊ အလွန်အကျွံထွက်ခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ည အိပ်မပျော်ခြင်း ထင်ရောင်ထင်မှားဖြစ်ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ ပျို့ချင်၊ အန်ချင်ဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်အပြောင်းအလဲ မြန်ခြင်း၊ တက်ခြင်း အဆိုပါ လက္ခဏာတွေဟာ ငါးရက်မှ ခုနစ်ရက်ထိ ကြာတတ်ပါတယ်။ အရက်ကို နှစ်ပေါင်းများစွာ အလွန်အကျွံသောက်ပြီးမှ ဖြတ်သူတွေ ပိုခံစားရတယ်။ အများစုဟာ အရက်ဖြတ်ပြီး သုံးရက်လောက်နေရင် စဖြစ်ကြတယ်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေပြီး ကယောင်ကတမ်း အော်ဟစ်တာ၊ တောင်စဉ် ရေမရ ပြောတာမျိုးတွေရှိတယ်။ သူများမမြင်ရ၊ မကြားရတာတွေ မြင်နေကြားနေရတယ်။ ဒါမျိုးကို Delirium Tremens လို့ ခေါ်ပါတယ်။ လူ ၂၀ မှာ တစ်ယောက်လောက်ဟာ ဒီလို ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရတယ်။


ခံစားရတဲ့အခါ စိတ်မနိုင်တဲ့ အရက်သမား အချို့က အရက်ပြန်သောက် ကြပြန်ရော။ ဒီလိုနဲ့ ဖျက်လိုက်၊ သောက်လိုက် သံသရာ လည်နေတယ်။ ဒီသံသရာစက်ဝန်းထဲက ဘယ်လိုရုန်ထွက်မလဲ။ ဆရာဝန်လုပ်သူကနည်းပေး၊ လမ်းညွှန် လုပ်ပါတယ်။ အရက်မဖြတ်ခင် အရက်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို အရင်ကုရတယ်။ အရက်က ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေတယ်။ ဒီအချက်ကို ကာကွယ်ဖို့ ဒရစ်လိုင်းတင်တာ အားဆေးပေးတာ လုပ်ပေးရတယ်။ အရက်ခြေဖျက်ရာက ထွက်လာတဲ့ ဓာတ်ပစ္စည်းတွေ ဖယ်ရှားနိုင်ဖို့ N-acetylcysteine နဲ့ Thiamine ဗီတာမင် B1 ကို သုံးရတယ်။ လိုအပ်ရင် ဓာတ်ဆားရည် သောက်ပါ။ ဖြတ်စသုံးရက်အတွင်း ရေများများသောက်ပါ။ အမိုင်နိုအက်ဆစ် အားဆေး၊ အသည်းအားဆေး၊ ပရိုတင်း Albumin စတာတွေ နေ့စဉ်လိုအပ်တယ်။ အားဆေးထဲမှာ ဗီတာမင် B1, 6, 12 နဲ့ ဖောလစ်အက်ဆစ် အဓိကပါရတယ်။ အသားများများ၊ အသီးအရွက်များများ စားပေးနိုင်ရင် ပိုကောင်းတယ်။


Credit: ဒေါက်တာ အေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18