Print

အကြောက်လွန်ရောဂါအကြောင်း

  18-Nov-2017
Preview Image

  အကြောက်လွန်ရောဂါ (Phobia)ဆိုတာ စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါ (anxiety disorder) တစ်မျိုးပဲဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုခုကို ဒါမှမဟုတ် သတ္တဝါတစ်ကောင်ကောင်ကို ဒါမှမဟုတ် အခြေအနေတစ်ရပ်ရပ်ကို အလွန်ကြောက်ရွံ့သည့် အခြေအနေမျိုးကို အကြောက်လွန်တယ်လို့ ခေါ်ပါတယ်။


ဘာတွေခံစားရမလဲ

 အကြောက်လွန်တဲ့ ရောဂါလက္ခဏာအကြောင်းရှင်းပြရမယ်ဆိုရင် လူတစ်ယောက်ဟာ ရုတ်တရက်ကြီး ကြောက်လန့်လာတယ်။ ကြောက်လန့်နေမှုဟာ ခြောက်လထက်ပိုကြာနေမယ်။ အရာဝတ္ထု၊ အကောင်တစ်ကောင်၊ ပစ္စည်းတစ်ခုခု ဒါမှမဟုတ် နေရာတစ်နေရာမျိုးတွေကို ကြောက်နေမယ်။ ကြောက်သင့် ကြောက်ထိုက်တာထက်ပိုပြီးကြောက်နေမယ်။ သူကြောက်နေတဲ့ အရာဝတ္ထုနား၊ အကောင်းနား၊ နေရာနား မလွဲမသွေရှောင်လွဲဖို့မဖြစ်နိုင်တော့ဘူးဆိုရင် သူဟာ နေမထိ ထိုင်မသာနဲ့ စိတ်ဖိစီးမှုကို အမြဲခံစားနေရပါတော့တယ်။ များသောအားဖြင့် တစ်ချို့က သွေးကြောက်တတ်တာ၊ ဒဏ်ရာရမှာကြောက်တာ ဖြစ်တတ်ပြီး သွေးမြင်တာနဲ့ မူးမေ့လဲကျသွားတတ်တာတွေအထိ ရှိတတ်ပါတယ်။ ဒီရောဂါကြောင့်ပဲ “ ကျစိတ်လွန်’’ ဝေဒနာဆိုတာလည်း ဖြစ်တတ်ပါတယ်။ 


 ကျစိတ်လွန်ဝေဒနာဆိုတာ ကိုယ့်မှာရောဂါတစ်စုံတစ်ရာမရှိပဲ ကိုယ့်ကိုကိုယ်ရောဂါတစ်ခုခုဖြစ်နေပြီလို့ ထင်တတ်တာမျိုးပါ။ ဥပမာ-ကင်ဆာဖြစ်နေပြီလား၊ AIDS ရောဂါဖြစ်နေပြီလားဆိုတဲ့ အတွေးနဲ့ ကြောက်လန့် နေတာမျိုးဖြစ်ပါတယ်။ အဲလိုဖြစ်လာပြီဆို အဓိပ္ပါယ်မဲ့ ပူပင်တာ၊ ဆေးတွေအများကြီးသောက်တာ၊ ဆရာဝန်တွေတစ်ယောက်ပြီး တစ်ယောက်ပြသတာမျိုးရှိချင်ရှိနေပါမယ်။ ဓါတ်ခွဲခန်းအမျိုးမျိုးသွားပြီး သွေးအမျိုးမျိုးစစ်၊ အဖြေအမျိုးမျိုးထုတ်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။


ဘယ်လိုလူမျိုးတွေမှာဖြစ်တာများလဲ

 ကိုယ့်ကိုကိုယ် အရမ်းဂရုစိုက်လွန်းသူတွေ၊ မိဘဆွေမျိုးအသိုင်းအဝို်င်းက အမြဲဂရုစိုက်နေတဲ့သူတွေမှာ ဒါမျိုးရောဂါတွေဖြစ်တတ်ပါတယ်။ အကြောက်လွန်ရောဂါနဲ့ပတ်သတ်ပြီး အမေရိကန် အမျိုးသားစိတ်ကျန်းမာ ရေး တက္ကသိုလ် အဆိုအရ အသက် ၂၅ နှစ် အထက်ရှိသူ ၈.၇ ရာခိုင်နှုန်းကနေ ၁၈.၁ ရာခိုင်နှုန်းလောက်အထိ မှာ ဒီအကြောက်ရောဂါရှိနေတတ်ကြတယ်လို့ဆိုပါတယ်။ ကလေးတွေမှာ ၄ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ထိ ရှိတတ်ပါတယ်။ 


အကြောက်လွန်အမျိုးအစားများ

 အကြောက်လွန်ရောဂါတွေကို

၁။ ရိုးရိုးအကြောက်လွန်ရောဂါ (Simple or Specific Phobias)

၂။ လူမှုဆက်ဆံရေး အကြောက်လွန်ရောဂါ (Social Phobia)

၃။ ပြင်ပဟင်းလင်းပြင်ကို ကြောက်တဲ့ရောဂါ (Agoraphobia) ဆိုပြီး ဆေးပညာအရ သုံးမျိုးခွဲခြားသတ်မှတ်ထားတာ တွေ့ရပါတယ်။ 


ဘယ်လိုကုသနိုင်မလဲ

 ကုသနည်းတွေ အမျိုးမျိုးရှိပါတယ်။ ပျောက်ကင်းဖို့ အလားအလာလည်းကောင်းပါတယ်။ Specific Phobias တစ်ခုခုကို သတ်သတ်မှတ်မှတ်ကြောက်နေသူ ရ၅ ရာခိုင်နှုန်းဟာ Congnitive Behavioral Therapy စိတ်ကုသနည်းနဲ့ ပျောက်ကင်းနိုင်ပါတယ်။ Social Phobia လို့ခေါ်တဲ့ လူတောသူတော တိုးရမှာကြောက်တဲ့သူ တွေကဆေးဝါးနဲ့ စိတ်ကုသနည်း လုပ်ပေးရင် ၈၀ ရာခိုင်နှုန်းပျောက်ပါတယ်။ Panic Disorder ခေါ်တဲ့ အလွန် အကျွန်ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ရင် ၃၀-၄၀ ရာခိုင်နှုန်းက ဆေးကုရင်ကောင်းပြီး ၅၀ ရာခို်င်နှုန်းက နည်းနည်း တော့ကျန်တတ်ပါတယ်။ 


 ပျော်ပျော်နေတတ်တာဟာလည်း စိတ်ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ စိတ်ဖိစီးမှုများလာ တယ်ထင်ရင် အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာနေထိုင်ပါ။ စိတ်နှလုံးအေးချမ်းပြီး ပူပင်သောကကင်းနိုင်တယ်။ စိတ်ဓါတ် ရင့်ကျက်ခိုင်မာတယ်ဆိုရင် ရောဂါဖြစ်ဖို့ အတော်ခဲယဉ်းပါတယ်။


 ကြောက်ရွံ့တာကို ကျော်လွှားဖို့ အခုခေတ်မှာနည်းလမ်းတွေ အများအပြား ရှိနေပါပြီ။ ကြောက်ရွံ့ခြင်းကင်းတဲ့ ဘဝအစစ်ကိုနေနိုင်ဖို့ ကိုယ်တိုင်က ကြိုးစားပြောင်းလဲပြီး နေထိုင်ရမှာပါ။ အပြင်ပန်း ပြောင်းလဲလို့မရပါဘူး။ မိမိစိတ်အတွင်း ခံစားချက်ကို ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲ ကျင့်ကြံရမှာပဲ ဖြစ်ပါတယ်။ 


Credit: မောင်မောင်ထွန်းအောင် (ကျန်းမာရေး)

ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18