Print

စိတ်ပျိုကိုယ်နုစေဖို့

  11-Nov-2017
Preview Image

 စိတ်ဖိစီးမှုဖြစ်ရတဲ့ အကြောင်းအရာတွေက တကယ်တော့ အများကြီးပါ။ ယေဘာယျအားဖြင့် ရန်ကုန်မြို့နေ လူထုအတွက်ဆို ထရပ်ဖစ်ဂျန်းဆိုတဲ့ မော်တော်ယာဉ်ပိတ်ဆို့နေတဲ့ကိစ္စ၊ လျှပ်စစ်မီးပျက်နေတဲ့ မော်တော်ယာဉ်ပိတ်ဆို့နေတဲ့ ကိစ္စ၊ လျှပ်စစ်မီးပျက်နေတဲ့ ကိစ္စနဲ့ မိုးတွင်းလမ်းပေါ် ရေလျှံနေတဲ့ ကိစ္စတွေပါ။ တကယ်တော့ လူတစ်ဦးချင်းစီရဲ့ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းအရာတွေက တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူတာပါ။ ကိုယ်နှစ်သက်မြတ်နိုးတဲ့ မိဘဆွေမျိုး၊ အပေါင်းအသင်း တစ်ယောက်ယောက်ဖြစ်စေ၊ သက်မဲ့ပစ္စည်း တစ်စုံတစ်ရာ ဆုံးရှုံးသွားရင်ဖြစ်စေ၊ စိတ်ဖိစီကြတာပါ။ တပ်မက်မောလို့ ဖြစ်ရတာပါပဲ။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ ရှိနေသမျှ ဆင်းရဲ့ချမ်းသာမရွေး စိတ်သောကတွေ ဝေနေကြရဦးမှာပါ။ ဒါကြောင့် ဘဝမှာ ကြုံလာမယ့် သောကကင်းဝေးစွာ နေနိုင်ရေးအတွက် နည်းလမ်းလေးတွေ ကျင့်ကြံကြဖို့ လိုပါတယ်။ ဒါမှ နုပျိုလန်းဆန်းမှာလေ။


လေ့ကျင့်ခန်းလုပ်ပါ

 ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု မိနစ်နှစ်ဆယ်လောက် လုပ်ပေးပါ။ လမ်းလျှောက်တာဖြစ်ဖြစ်၊ စက်ဘီးစီးတာဖြစ်ဖြစ်၊ ထိုက်ချိကစားတာဖြစ်ဖြစ် ကိုယ်ဝါဒနာပါတာ တစ်ခုခုကို လုပ်သင့်ပါတယ်။ အိမ်တွင်းမှာထက် လေကောင်းလေသန့်ရတဲ့ ပြန်းခြံလိုမျိုး၊ အားကစားကွင်းလို ကွင်းပြင်ကျယ်လို နေရာမျိုးမှာ လုပ်နိုင်ရင် ပိုကောင်းပါတယ်။ သွေးလည်ပတ်မှုကောင်းတော့ အကြောအခြင်တွေလည်း လျော့သွားပြီးတော့ စိတ်ဖိစီးမှုတွေပါ လျော့ကျသွားမှာပါ။ နေ့စဉ်ပုံမှန်လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့။


စိတ်ညစ်ရင် ဂစ်တာတီးပါလား

 စိတ်ကျဉ်းကျပ်နေတဲ့အခါမျိုးမှာ သာယာငြိမ့်ညောင်းတဲ့ ဂီတသံ၊ သီးချင်းသံကို နားထောင်သင့်ပါတယ်။ ဆူည့ံပြီး စိတ်လှုပ်ရှားစေတဲ့ သီးချင်းမျိုးကိုရှောင်ပါ။ မိမိတစ်ဦးတည်း သီချင်းသံ၊ တီးလုံးသံ အေးအေးနားထောင်ရင်း ပူလောင်နေတဲ့ သောကတွေကို လျော့ပါးသက်သာစေအောင် လုပ်ပေးနိုင်ပါတယ်။ ဂီတသံစဉ်ကြောမှာ နစ်မျောပြီး တစ်ခဏတာတော့ စိတ်လက်ပေါ့ပါးသွားစေမှာ အမှန်ပါပဲ။ 


ရယ်ရယ်မောမော

 Laugh is really the best medicine တဲ့။ ရယ်မောခြင်းဟာ ကျန်းမာရေးအတွက် ဆေးတစ်ခွက်ပါ။ ရယ်သောသူ အသက်ရှည်၏လို့တောင် ဆိုတယ် မဟုတ်ပါလား။ စိတ်ညစ်၊ စိတ်မောနေသူတစ်ယောက်ကို အခြောက်တိုက် ရယ်မောအောင် လုပ်ဖို့တော့ ခက်ပါတယ်။ ဒီတော့ ရယ်မောစရာ ဗွီဒီယိုတွေကို ထိုးကြည့်ပါ။ ဒါမှမဟုတ် တီဗွီကလွှင့်တဲ့ ဟာဒယရယ်မောစရာ ချန်နယ်တွေကို ဖွင့်ကြည့်ပါ။ ခုခေတ်မှာ တီဗွီလိုင်းတွေက စုံပါဘိသနဲ့။ လူရွှင်တော်တွေကလည်း ပေါပါဘိသနဲ့။ တော်လည်း တော်ကြပါတယ်။ ဟာသရုပ်ရှင်တွေဆိုရင် ကြည့်တဲ့သူ မရယ်ဘဲကို မနေနိုင်ပါဘူး။ ရယ်စရာမောစရာတွေ ကြည့်နေရတာနဲ့ပဲ သောကတွေ၊ ဘဝအမောတွေ လွင့်ပြယ်သွားမှာပါ။


တရားထိုင်ပါ

 ဘယ်ဘာသာကိုပဲ ယုံကြည်ကိုးကွယ်ပါစေ။ တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်အေးချမ်းစေတာ အမှန်ပါပဲ။ ထွေပြားနေတဲ့စိတ်တွေကို တည်ငြိမ်အောင် ထိန်းသိမ်းထားခြင်းဖြင့် လတ်တလော ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျသွားစေပါတယ်။ ယောဂ (yaga) ကျင့်စဉ်တွေဟာလည်း အတူတူပါပဲ။ အချိန်ပေးပြီး ကျင့်ကြံရင် နှလုံးခုန်နှုန်းလည်း ကျ၊ သွေးပေါင်ချိန်လည်း ကျမို့ ကျန်းမာရေးကို များစွာအထောက်အကူ ပြုပါတယ်။ ပုတီးစိတ်ပြီး ဘာသာတရားကို အာရုံပြုတာလည်း စိတ်ကို တည်ငြိမ်စေပါတယ်။ 


အဖော်ရှာပါ

 တချို့က စိတ်ဖိစီးရင် တယ်လီဖုန်းပိတ်၊ TV ပိတ်၊ အင်တာနက်ပိတ်ပြီး တစ်ယောက်တည်း အခန်းထဲမှာ စိတ်ပြေလျော့အောင် အနားယူတတ်ပါတယ်။ leave me alone ပေါ့။ တချို့ကတော့ သူ့ရဲ့ခံစားချက်တွေကို ရင်းနှီးတဲ့ မိတ်ဆွေတွေထံ မျှဝေပြီး စိတ်ပေါ့ပါးအောင် လုပ်ကြပါတယ်။ ကိုင်ဇာရဲ့ လက်ဖက်ရည်ဆိုင်ကို သွားကြပါစို့လေဆိုတဲ့ နာမည်ကျော်သီချင်းထဲကလို ဆိုးတိုင်းပင်၊ ကောင်းတိုင်းပင် သူငယ်ချင်းများနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာလည်း စိတ်တင်းကျပ်မှုတွေကို လွင့်ပြယ်စေပါတယ်။ ဒါမှမဟုတ် အိမ်မှာရှိတဲ့ ကလေးငယ်တွေ၊ အချစ်တော်ခွေးလေးတို့၊ ကြောင်လေးတို့နဲ့ ဆော့ကစားလိုက်ရင်လည်း သောကတွေ အဝေးကိုရောက်သွားနိုင်ပါတယ်။ 


ပတ်ဝန်းကျင်အပြောင်းအလဲ

 တချို့ကတော့ စိတ်ညစ်ရင် ခရီးထွက်ပါတယ်။ ပတ်ဝန်းကျင် အနေအထားပြောင်းလဲမှုတွေကြောင့် စိတ်ကျဉ်းကျပ်မှုတွေက လွတ်မြောက်နိုင်ပါတယ်။ ပတ်ဝန်းကျင်အသစ်ရဲ့ အငွေ့အသက်တွေဟာ လူကို လန်းဆန်းစေတာ အမှန်ပါပဲ။ စိတ်ညစ်နေတဲ့သူရဲ့ရှေ့က စားပွဲပေါ်မှာ ပစ္စည်းပစ္စယတွေဟာလည်း ရှုပ်ပွလေ့ရှိပါတယ်။ စာရွက်တွေ၊ ဖိုင်တွေ၊ စာအုပ်တွေ၊ သတင်းစာတွေ စသဖြင့် ဖရိုဖရဲ ဖြစ်နေတာကို စနစ်တကျ ပြန်စီပြီး သပ်သပ်ရပ်ရပ် ထားလိုက်ရင်လည်း ပတ်ဝန်းကျင်ပြောင်းသွားတာပါ။ အခန်းထဲက ပန်းချီကားတို့၊ ဓာတ်ပုံတို့၊ ပန်းအိုးတို့ကို နေရောပြောင်းထားလိုက်ခြင်း အားဖြင့်လည်း အပြောင်းအလဲကို ဖန်တီးပေးနိုင်ပါတယ်။


Credit: ဒေါက်တာကျော်ကျော်

(အရေပြားအထူးကုဆရာဝန်ကြီး)

Dr. KSA



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18