Print

စိတ်ကျဝေဒနာ၏ ရောဂါလက္ခဏာများ

  04-Nov-2017
Preview Image

လူတစ်ယောက်ဟာ စိတ်ကျဝေဒနာရှိတယ်လို့ သတ်မှတ်ဖို့ရာ သူတို့မှာ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက ငါးခုနှင့်အထက် ရှိရမှာဖြစ်ပါတယ်။ နံပါတ် (၁) နှင့် (၂) ထဲက အနည်းဆုံးတစ်ခုကတော့ ရှိရမှာဖြစ်ပြီးတော့ ဒီရောဂါလက္ခဏာတွေကို နှစ်ပတ်အနည်းဆုံးခံစားရမယ်ဆိုရင် စိတ်ကျဝေဒနာရှိတယ်လို့ သတ်မှတ်လို့ရမှာ ဖြစ်ပါတယ်။ 


နံပါတ် (၁) ကတော့ အမြဲလိုလို စိတ်ညစ်ပြီးတော့ ပူဆွေးဝမ်းနည်းမှုတွေ ရှိနေမယ် ဒါမှမဟုတ်ရင် ပူဆွေးဝမ်းနည်းတဲ့ ခံစားချက်တွေ ရှိနေမယ် ဒါမှမဟုတ်ရင် ဆတ်ဆတ်ထိမခံ ဖြစ်နေတဲ့ ခံစားချက်မျိုးတွေ ရှိနေတာသည် လျော့ပါးမသွားဘဲနှင့် ခါတိုင်းထက် ပူဆွေးသောကရောက်တဲ့ ခံစားချက်တွေ ဒါမှမဟုတ်ရင်လည်း ဆတ်ဆတ်ထိမခံ ဖြစ်နေတဲ့ ထစ်ခနဲဆို ဒေါသထွက်ချင်တဲ့ စိတ်ခံစားချက်မျိုး ရှိနေတာ။ 


နံပါတ် (၂) ကတော့ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေတာ ဒါမှမဟုတ် စိတ်ဝင်စားမှုတွေ လျော့နည်းနေတာ။ စိတ်ဝင်စားမှုဆိုတာ ခါတိုင်းပျော်ရွှင်တယ်၊ နှစ်သက်တယ်ဆိုတဲ့ ခံစားချက်အပြုအမူမျိုး ခံစားချက်မျိုး၊ အပြူအမူလှုပ်ရှားမှုတွေမှာပဲ ပျော်ရွှင်ခြင်းမရှိဘဲဖြစ်နေတာ။


နံပါတ် (၃) ကတော့ ခွန်အားတွေ လျော့နည်းနေတာ၊ ဒါမှမဟုတ်ရင်လည်း ပင်ပန်းနွမ်းနယ်နေတာ။


နံပါတ် (၄) ကတော့ အကျိုးမရှိဘူး၊ အသုံးမကျဘူးလို့၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိနေတယ်လို့ ထင်နေတာ။ တကယ်တမ်းကျတော့ ဘယ်လိုအမှားအယွင်းမှ မရှိဘဲနဲ့ အပြစ်ရှိတယ်၊ မှားပါတယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားနေရတယ်။


နံပါတ် (၅) ကတော့ သေရင်ကောင်းမှာပဲလို့ တွေးမိတာ၊ ဒါမှမဟုတ်ရင်လည်း သေကို သေချင်ပါတယ်လို့ ဆန္ဒတွေရှိနေတာ။


နံပါတ် (၆) ကတော့ အာရုံစူးစိုက်နိုင်တဲ့အစွမ်းတွေ လျော့နည်းနေတာ၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ လျော့နည်း ခက်ခဲနေတာ။


နံပါတ် (၇) ကတော့ လှုပ်ရှားတဲ့နေရာမှာ ပိုပြီးတော့ နှေးကွေးလေးလံလာတာ တစ်ခါတလေကျတော့လည်း နေမထိထိုင်မသာ ဖြစ်ပြီးတော့ ငြိမ်ငြိမ်ကို ထိုင်မနေနိုင်ဘူး။ ထိုင်ရမလို၊ ထရမလို၊ သွားရမလို အဲဒီလို ခံစားနေရတာ။


နံပါတ် (၈) မှာကျတော့ အိပ်စက်ခြင်းဆိုင်ရာ အခက်အခဲတွေရှိတာ တစ်ခါတလေကျတော့လည်း အလွန်အကြူး အိပ်နေမိတာ။ 


နံပါတ် (၉) ကတော့ အစားအသောက်တွေမှာလည်း စိတ်ဝင်စားမှုတွေ လျော့နည်းနေတာ။ တစ်ခါတလေကျတော့ စားကို မစားချင်တာ။ တစ်ခါတလေကျတော့လည်း စိတ်ညစ်ညစ်နဲ့ အလွန်အမင်းစားနေတာ။ စားသောက်တာနဲ့ ပတ်သက်တဲ့ အလေ့အထတွေ ပြောင်းလဲတာ၊ အဲလိုပြောင်းလဲတဲ့အတွက် ကိုယ်အလေးချိန်တွေ ကျသွားတာတို့၊ တချို့ကျတော့လည်း ဖိစားပြီးတော့ ကိုယ်အလေးချိန် တက်လာတာတို့ဆိုတဲ့ အချက်တွေ ရှိတတ်ပါတယ်။ ဒီအချက်အလက်တွေထဲက (၅) ချက်နဲ့အထက် ရှိပြီဆိုရင်တော့ စိတ်ကျဝေဒနာ ခံစားနေရတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။


Credit: ပါမောက္ခဦးဉာဏ်ဝင်းကျော်

အတိုင်ပင်ခံ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18