Print

မကောင်းမှုကိုရှောင် ၊ ကောင်းမှုကို ဆောင်

  14-Oct-2017
Preview Image


 စိတ်သန့်ရှင်းရေးသည် စိတ်ကျန်းမာရေးအတွက် အရေးကြီးသည်။ စိတ်သန့်ရှင်းရန် အညစ်အကြေးများကို ရှင်းလင်းဖယ်ထုတ်ပစ်ရမည်။ စိတ်အညစ်အကြေးများးဆိုသည်မှာ မကောင်းသည့်စိတ်များကို ဆိုလိုသည်။ မကောင်းသည့် အပြောအဆို အပြုအမူများကို ရှောင်ကြဉ်ခြင်းအားဖြင့် မကောင်းသည့်စိတ်များ လျော့ပါးသွားနိုင်ပါသည်။  ငယ်စဉ်ကတည်းက မိဘဆရာသမားများက လိမ္မာယဉ်ကျေးအောင် အပြစ်ကင်းစွာ ပြောတတ်နေတတ်အောင် ဆိုဆုံးမခဲ့ကြသည်။ ဥပမာ - သူတစ်ပါးနှင့် ခိုက်ရန်မဖြစ်စေရန် ၊ သူတစ်ပါးအားနှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခြင်း မပြုရန် ၊ သူတစ်ပါး ပစ္စည်း မခိုးယူရန် ၊ လိမ်ညာမပြောဆိုရန် ၊ သူတစ်ပါး ဇနီး ခင်ပွန်းနှင့် မဖောက်ပြန် မကျူးလွန်ရန် ၊ သေရည်သေရက်နှင့် မူးယစ်ဆေးဝါးများကို မသုံးစွဲရန် စသည့် မကောင်းသည့် အကျင့်စာရိုက်များကို ရှောင်ကြဉ်ရန် ဆုံးမခဲ့ကြသည်။ ဆုံးမသည့်အတိုင်း ရှောင်ကြဉ်ခဲ့သူသည် စိတ်သောက ကင်းဝေးရသည်။ စိတ်အေးချမ်းရသည်။ ဘေးအန္တရာယ်များ အပြစ်များ ကင်းစင်ရသည်။ ဤသည်မှာ မကောင်းမှုကို ရှောင်သဖြင့် မကောင်းသည့်စိတ်များ နည်းပါးသွားရခြင်းဖြစ်သည်။ 


 ထိုကဲ့သို့ မကောင်းသည့် စိတ်များ နည်းနိုင်သမျှနည်းအောင် မကောင်းမှုတို့မှ ရှောင်ကြည်နေသည့်နည်းတူ စိတ်ကောင်းစေတနာကောင်းများ မိမိသန္တာန်တွင် ကိန်းအောင်းစေရန် ကြိုးစားအားထုတ်ရပါမည်။ တစ်နည်းဆိုသော် ကောင်းမှုကို ဆောင်ရပါမည်။ တစ်ဖက်သားအား ကောင်းစေလိုခြင်း ၊ ပေးကမ်းထောက်ပ့ံခြင်း ၊ စာနာသနားခြင်း ၊ ညှာတာခြင်း ၊ သည်းခံခြင်း ၊ ခွင့်လွှတ်ခြင်း ၊ တင်းတိမ်ရောင့်ရဲခြင်း ၊ ထောင်လွှားမှုကင်းခြင်း ၊ အပြန်အလှန်လေးစားခြင်း ၊ ငြူစူမှုကင်းခြင်း ၊ ပျံ့လွင့်မှုကင်းခြင်း ၊ တည်ငြိမ်အေးဆေးမှုရှိခြင်း ၊ ချင့်ချိန်မှုရှိခြင်း စသည့် စိတ်ထားများသည် သန့်ရှင်းသော စိတ် (သို့) ကျန်းမာသောစိတ်၏ အရည်အသွေးကောင်းများပင် ဖြစ်ပေသည်။ ကောင်းသည့်စိတ်များအားကေင်းလာလျှင် မကောင်းသည့် စိတ်များ အားနည်းသွားဖြစ်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ အလင်းရောက်သော် အမှောင်ပျောက်သည့် သဘောဖြစ်သည်။ 


ဖြူစင်စိတ်ကိုထား

  မကောင်းမှုကို ရှောင်ခြင်းသည် စိတ်သန့်ရှင်းရေးအတွက်ဖြစ်သည်။ ဥပမာဆိုသော် မြင်သာသော အမှိုက်သရိုက်များကို တံမြက်စည်းဖြင့် အကြမ်းလှည်းသောအခါ အခိုက်အလျောက် ရှညး်လင်းသွားးသည့် သဘောဖြစ်သည်။ ကျန်သည့် ဖုန်မှုန့်များကို ကုန်စင်စေရန်အတွက် အချောသပ်ရှင်းလင်းရန် လိုအပ်သေး၏။ ကိုယ်နှင့် နှုတ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အကြမ်းရှင်းလင်းခြင်းနှင့် တူ၏။ မနောတွင်ကျန်နေသည့် အညစ်အကြေးများ စင်ကြယ်သည်ထက် ပိုမိုစင်ကြယ်စေရန် အချောသပ်ရပါဦးမည်။  အကြောင်းတစ်ခုခုကြောင့် စိတ်ဆင်းရဲနေသည် ဆိုပါစို့ ။ စိတ်သည် လောဘ ၊ ဒေါသ ၊ သောက စသည့် စိတ်အညစ်အကြေးများကြောင့် မတည်ငြိမ်ဖြစ်နေပါလိမ့်မည်။ စိတ်လှုပ်ရှားလွန်းသဖြင့် နှလုံးခုန်နှုန်းလည်း သာမန်ထက် မြန်နေပေမည်။ သွေးပေါင်ချိန်တက်နေမည်။ အသက်နှုန်းလည်း မြန်ကာ မောဟိုက်နေမည်။ ကြွက်သားများ အကြောအခြင်များ တောင့်တင်းကာ ကိုယ်ရော စိတ်ပါ အလွန် မသက်သာ ဖြစ်နေပေမယ်။ 


 ထိုအခါ အိပ်ယာပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းနေလိုက်ပါ။ မျက်စိ၂ လုံးကို ပိတ်ထားပါ။ စိတ်နှင့် ကိုယ်ကို လျှော့ချလိုက်ပါ။ သတိနှင့် ပုံမှန် အသက်ရှုပေးပါ။ ငါးမိနစ် ဆယ်မိနစ်မျှ ဤအနေအထားအတိုင်း ကြိုးစားနေကြည့်ပါ။ သင့်စိတ်သည် တဖြည်းဖြည်း ငြိမ်လာပါလိမ့်မည်။ စိတ်ငြိမ်လာသည်နှင့် အမျှ နှလုံးခုန်နှုန်း ၊ အသက်ရှုနှုန်းနှင့် သွေးပေါင်ချိန်တို့သည် ပုံမှန်ဖြစ်လာပါလိမ့်မည်။ ကြွက်သားများ တောင့်တင်းလွန်း၍ အနေရခက်ခြင်းမှ သိသိသာသာ လျော့ပါးလာပါလိမ့်မည်။ ထိုဖြစ်စဉ်ကို Relaxation ဟုခေါ်ပါသည်။ လက်တွေ့ အသုံးဝင်မည့် အချောသပ် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ စိတ်ကို လျှော့ချခြင်း ၊ အာရုံတစ်ခုတည်း အပေါ်၌သာ သတိကပ် စူးစိုက်ခြင်းကြောင့် စိတ်တည်ငြိမ်လာခြင်းဖြစ်သည်။ စိတ်အေးချမ်းလာခြင်းဖြစ်သည်။


Credit :ဒေါတ်တာ ဟန်စိန် ( စိတ်ကျန်းမာရေး ဆရာဝန်ကြီး )

By Dr May Hnin Phyu ( 7887 Healthcare Call Center )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18