Print

ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ဓာတ်ကျခြင်းကို ကိုင်တွယ် ဖြေရှင်းခြင်း

  30-Sep-2017
Preview Image


 စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ရဲ့ အကျိုးဆက်အဖြစ် မိမိဆုံးရှုံးသွားခဲ့တာမှန်သမျှကို စဉ်းစားကြည့်ပါ။ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေ ဒါမှမဟုတ် ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းတွေ ဆုံးရှံုးခဲ့ရတာမျိုးဖြစ်နိုင်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်က တစ်စုံတစ်ခု ဆုံးရှံုးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မိမိရဲ့ လွတ်လပ်ခွင့်၊ ကျန်းမာရေး ဒါမှမဟုတ် ဘေးကင်းလုံခြံရေး အစရှိတဲ့ တစ်စုံတစ်ခု ဆုံးရှံုးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။  မိမိ ဘာတွေဆုံးရှံုးသွားတယ် ဆိုတဲ့ အကြောင်းနဲ့ အဲ့ဒီဆုံးရှံုးသွားတဲ့အရာတွေအတွက် မိမိဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်းတွေကို ပြန်ပြောင်းပြောပြ ဒါမှမဟုတ် ရေးပြပါ။


 အဲဒီဆုံးရှံုးသွားတဲ့အရာတွေကို ဘယ်လိုပြန်လည်တည်ဆောက်လို့ ရနိုင်မလဲဆိုတာကို စဉ်းစားပါ။ ဥပမာအားဖြင့်_ မိမိရဲ့ ထိန်းသိမ်းနိုင်စွမ်းကို ဘယ်လို ပြန်လည်တည်ဆောက်မလဲ။ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်ချနေရတဲ့ အရာကိစ္စတွေကို ကိုယ့်ဘာသာ ဘယ်လိုကြိုးစားဆုံးဖြတ်မလဲ အစရှိတာ မျိုးတွေပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ဘဝအပေါ် ထိန်းချုပ်နိုင်တယ် ဆိုတဲ့ခံစားမှု ပိုမိုရှင်သန်လာပါလိမ့်မယ်။ ဒီစိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကနေ ဘယ်လိုမျိုးကိစ္စကောင်းတွေ ဆွဲထုတ်လို့ရနိုင်သလဲ ဆိုတာ စဉ်းစားပါ။ မိမိကိုယ်တိုင်နဲ့ တခြားလူတွေအတွက် သင်ခန်းစာဖြစ်စေနိုင်တဲ့ အကြောင်းအရာမျိုးတွေပေါ့။ လမ်းညွှန်ချက်အသစ်တွေ၊ ဦးစားပေးဆောင်ရွက်သင့်တဲ့ အချက်တွေ ပေါ်ထွက်လာနိုင်ပါတယ်။ 

 

အပြစ်ကို ကိုင်တွယ် ဖြေရှင်းခြင်း

 စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကိုယ်က တာဝန်ယူစိတ် သိပ်ကြီးမားရင်း ကိုယ့်အပြစ် ဆိုတဲ့ ခံစားမှုက ပေါ်ထွက်လာလေ့ရှိပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ ကိုယ်က ဘယ်လိုတာဝန်ရှိတာလဲ ဆိုတဲ့အကြောင်းကို စဉ်းစား တွေးခေါ်ပါ။ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကို ပေါ်ပေါက်စေတဲ့ လူအားလုံးနဲ့ ဖန်တီးလာတဲ့ အခြေအနေရဲ့ ဘက်အသီးသီးကို စာရင်းပြုစုပါ။ အဲဒီစာရင်းထဲမှာပါတဲ့ လူတစ်ဦးချင်းစီ၊ အခြေအနေအချက်အလက်တစ်ခုချင်းစီရဲ့ ဖြစ်ရပ်ပေါ်ပေါက်မှုအတွက် ပတ်သက်တဲ့ရာခိုင်နှုန်းကို ခန့်မှန်းရေးသားပါ။


 ဥပမာအားဖြင့် မိမိဖြစ်ခဲ့တဲ့ ကားတိုက်မှုမှာ မိမိဟာ အရမ်းကိုတာဝန်ရှိတယ်လို့ ခံစားနေရတယ်ဆိုပါစို့။ ဒီလေ့ကျင့်ခန်းကို လေ့ကျင့်ကြည့်တဲ့အချိန်မှာ တခြားအရာကိစ္စတွေ အများကြီးရှိနေသေးတဲ့အကြောင်း သတိရလာပါလိမ့်မယ်။ (ရာသီဥတုအခြေအနေ၊ လမ်းအခြေအနေ၊ ယာဉ်ကြောအခြေအနေ၊ တခြားကားမောင်းသူတွေရဲ့ အခြေအနေ အစရှိတာတွေကလည်း ကားတိုက်မှုဖြစ်အောင် ပ့ံပိုးပေးနေတယ်ဆိုတာ သတိပြုမိလာပါလိမ့်မယ်။)  ဒီလေ့ကျင့်ခန်းက မိမိကို မြင်ကွင်းကျယ်ကျယ် ကြည့်တတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးမှာ ဖြစ်ပါတယ်။ အခြေအနေကို ခံစားတတ်အောင် ကူညီပေးပါလိမ့်မယ်။


စိတ်အာရုံစုစည်းခြင်းနဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းခြင်း 

 ကိုယ်မှတ်မိချင်တဲ့အရာတွေကို ကိုယ်အမြဲဆောင်ထားတဲ့ အိတ်ဆောင် မှတ်စုစာအုပ်ကလေးထဲမှာ ရေးမှတ်ထားခြင်းအားဖြင့် မှတ်ဉာဏ်ကို အကူအညီပေးပါတယ်။  ချိန်းဆိုထားမှုတွေနဲ့ တခြားကိစ္စတွေကို အမှတ်ရစေဖို့ ကိုယ် အမြင်သာဆုံးနေရာတွေမှာ စာရေးပြီးကပ်ထားပါ။ (မှန်ပေါ်မှာ ကပ်ထားသလိုမျိုး) စိတ်အာရုံစုစည်းမှုအားနည်းလို့ ပုံမှန်အလုပ်တစ်ခုကို ပြီးနေကျ အချိန်မှာ မပြီးဘဲ ပိုပြီးအချိန်ကြာသွားတတ်ပါတယ်။ အဲဒီလို ဖြစ်မှုအပေါ် စိတ်မတိုဘဲ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးပါ။ အပြင်းအထန် ကြိုးစားပြီး မမေ့အောင်လုပ်တာ၊ အတင်းကြီး စိတ်အာရုံယူတာတွေ မလုပ်ပါနဲ့။   


Credit: စိတ်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်ပါ (အောင်အေး- ရန်ကုန်တက္ကသိုလ်) 

By Dr. Pearl (7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18