Print

Insomnia (အိပ်မပျော်ခြင်း)

  12-Aug-2017
Preview Image

Insomnia ဆိုသည်မှာ ကောင်းမွန်စွာ အိပ်မပျော်သည့် ရောဂါအခြေအနေတစ်ခု ဖြစ်သည်။ အရွယ်ရောက်ပြီး သူတိုင်း အိပ်မပျော်ခြင်းကို အနည်းနဲ့ အများ ခံစားဖူးကြသည်။ Insomnia တွင် အိပ်ပျော်ရန် ခက်ခဲခြင်း၊ အိပ်ပျော်သော်လည်း မကြာခဏ နိုးခြင်း၊ သို့တည်းမဟုတ် ၂ မျိုးလုံး ဖြစ်ပေါ် ခံစားရခြင်းများ ရှိနိုင်သည်။ အိပ်ပျော်ခြင်း ကောင်းစွာမဖြစ်သည့်အခါ မနက်ခင်းတွင် လန်းဆန်းခြင်း မရှိဘဲ၊ စွမ်းဆောင်မှုများလည်း ကျဆင်းနိုင်သည်။ 

လူတစ်ယောက်နှင့် တစ်ယောက် အိပ်ချိန် လိုအပ်ပုံခြင်း မတူညီကြပေ။ အရွယ်ရောက်ပြီး လူကြီးများအတွက် အများအားဖြင့် အိပ်ချိန် ရ နာရီမှ ၈ နာရီအထိ လိုအပ်သည်။  


လက္ခဏာများ 

- အိပ်ပျော်ရန် ခက်ခဲခြင်း

- တောက်လျှောက် အိပ်မပျော်ဘဲ မကြာခဏ နိုးခြင်း

- စောစီးစွာ နိုးခြင်း

- မနက်နိုးထလျှင် လန်းဆန်းတက်ကြွမှု မရှိခြင်း

- နေ့ခင်းဖက်တွင် နုံးချိနေခြင်း၊ အိပ်ငိုက်ခြင်း

- အမှားများခြင်း၊ မတော်တဆမှုများ များခြင်း

- အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ မှတ်သားရခက်ခြင်း၊ 

- ခေါင်းကိုက်ခြင်း

- စိတ်ကျလွယ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း


အိပ်မပျော်ခြင်း ပြဿနာခံစားရသူများတွင် စတင် အိပ်ပျော်ရန် မိနစ် ၃၀ နှင့် အထက်ကြာမြင့် တတ်ကြပြီး ၆ နာရီနှင့် အောက်သာ အိပ်ပျော်တတ်ကြသည်။ ထိုသို့ ဖြစ်ပေါ်မှုသည် ရက်သတ္တပတ် တစ်ပတ်တွင် ၃ ရက်နှင့် အထက်ရှိတတ်ပြီး တစ်လနှင့် အထက်ဖြစ်ပေါ်ခံစားရလျှင် Insomnia ပြဿနာဟု သတ်မှတ်နိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

အိပ်မပျော်ခြင်း ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများမှာ

- စိတ်ဖိစီးမှုများခြင်း

- Anxiety စိုးရိမ်စိတ်ကဲ ရောဂါရှိခြင်း

- စိတ်ကျရောဂါ Depression ရှိခြင်း

- အခြား ရောဂါများဖြစ်သည့် နာတာရှည် နာကျင်မှု ရောဂါ၊ အသက်ရှူမှု ဆိုင်ရာ ရောဂါ၊ ဆီးမကြာခဏသွားရသည့် ရောဂါ စသည့် အခြေအနေများ

- အိပ်ချိန် မမှန်ခြင်း

- အိပ်ခြင်းကို ထိခိုက်စေသော ဆေးဝါးများ သောက်သုံးရခြင်း ( ဥပမာ- Ritalin၊ စတီးရွိုက်ဆေးများ )

- ကဖင်း၊ နီကိုတင်းနှင့် အရက် စသည်တို့ကြောင့် အိပ်မပျော်ခြင်း

- အိပ်ယာဝင်ကာနီးအချိန်တွင် ပြည့်အင့်နေအောင် စားသောက်မိခြင်း


* အိုမင်းခြင်းနှင့် Insomnia

အသက်အရွယ် အိုမင်းလာသည်နှင့် အမျှ အိပ်မပျော်ခြင်း ဝေဒနာကို ပိုမိုခံစားရတတ်သည်။ အဘယ်ကြောင့် ဆိုသော် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ

- အိပ်ချိန်ပုံစံ ပြောင်းလဲခြင်း

- လှုပ်ရှားမှု နည်းပါးလာခြင်း

- ကျန်းမာရေး ချို့ယွင်းလာခြင်း

- ဆေးဝါးများ ငယ်စဉ်ကထက် ပိုမိုမှီဝဲလာရခြင်း စသည်တို့ကြောင့် ဖြစ်သည်။


အဖြစ်များနိုင်သော သူများ

- အမျိုးသမီးများ

- အသက် ၆၀ ကျော် အဖိုးအဖွားများ

- စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူများ

- စိတ်ဖိစီးမှု များသူများ

- ညဖက် အလုပ်လုပ်ရသူများ

- ဝေးကွာလွန်းသော ခရီးသွားရသူများ (Jet lag)


နောက်ဆက်တွဲ ပြဿနာများ

အိပ်မပျော်ခြင်းကြောင့် သင့်ကိုယ်ခန္ဓာကို ထိခိုက်စေရုံမျှမက၊ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်သည်။ အိပ်ရေးမဝသူနှင့် အိပ်ရေးဝစွာ အိပ်ရသူတို့ကို နှိုင်းယှဉ်ကြည့်လျှင် ပျော်ရွှင်မှု၊ မှတ်ဉာဏ်၊ သချင်္ာစွမ်းရည်၊ ဆုံးဖြတ်နိုင်စွမ်း အစရှိသဖြင့် ဘက်ပေါင်းစုံတွင် အိပ်ရေးမဝသူတို့က များစွာ နိမ့်ကျနေတတ်သည်။

အိပ်ရေးမဝခြင်း၏ နောက်ဆက်တွဲ ပြဿနာများမှာ

- လုပ်ငန်းခွင်တွင်၊ ကျောင်းတွင် မိမိ၏ စွမ်းဆောင်ရည်များ ကျဆင်းခြင်း

- ယာဉ်မောင်းစဉ် ရုတ်တရက်တုံ့ပြန်မှု နှေးကွေးတတ်ခြင်းကြောင့် မတော်တဆထိခိုက်မှုများ ပိုဖြစ်နိုင်ခြင်း

- စိတ်ဆတ်ခြင်း၊ စိတ်တိုဒေါသထွက် လွယ်ခြင်း

- သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါများ ပိုမိုဖြစ်နိုင်ခြင်း


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အကယ်၍ အိပ်မပျော်ခြင်း ဝေဒနာကို ကာလအတန်ကြာခံစားရပြီး နေ့စဉ်လူနေမှု ဘဝကိုပါ ထိခိုက်မှု ရှိပါက ဆရာဝန်နှင့် ပြသပြီး ရောဂါ အဖြေရှာရန် လိုအပ်သည်။


စစ်ဆေးမှုများ

ဆရာဝန်က ရောဂါရာဇဝင် စစ်မေး၊ စမ်းသပ်မှုများအပြင်

- အိပ်စက်မှု စံချိန်မှီခြင်း ရှိမရှိ စမ်းသပ်ခြင်း (Sleep center တွင် စမ်းသပ်ခြင်း)

- အခြား စပ်ဆက်ရောဂါများ ရှိမရှိ စစ်ဆေးမှုများ 

စသဖြင့် ပြုလုပ်ရနိုင်သည်။


ကုသခြင်း

* Behavior therapies နည်းဖြင့် ကုသခြင်း (ဤနည်းသည် အိပ်မပျော်ခြင်း ဝေဒနာအတွက် ပထမဆုံး ပြုလုပ်သင့်သည့် ကုထုံးဖြစ်သည်)

ဤ ကုထုံးတွင်

- အိပ်စက်အနားယူသည့် ပတ်ဝန်းကျင်ကို မိမိနှင့် သဟဇာတဖြစ်အောင် ပြုလုပ်ခြင်း

- အိပ်ချိန်၊ ထချိန်မှန်မှန် ပြုလုပ်ခြင်း

- အိပ်ယာဝင်ကာနီးတွင် မျက်စိကျယ်စေသော အပြုအမူများရှောင်ရှားခြင်း

- အလင်းမှိန်မှိန်ဖြင့် အိပ်စက်ခြင်း

- မအိပ်မှီတွင် ကြွက်သားများ ဖြေလျှော့ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း စသည်တို့ ပါဝင်သည်


* ဆေးဝါးများဖြင့် ကုသခြင်း

အိပ်ဆေးများ ပေး၍လည်း ကုသနိုင်သည်။ သို့ရာတွင် ထိုဆေးများသည် ရေရှည်အသုံးပြုရန် မသင့်တော်ချေ။


ကြယ်မင်းတာယာ

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး​

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18