Print

အပြစ်စွဲစိတ် ခံစားမှု

  29-Jul-2017
Preview Image


လူ့ကျင့်ဝတ်တစ်ခုခုကို ချိုးဖောက်သည်ဟူ၍ လည်းကောင်း၊ ရှက်ဖွယ်ကောင်းသော အပြုအမူတစ်ခုခုကို ပြုလုပ်မိသည်ဟူ၍ လည်းကောင်း ယူဆပြီး မိမိကိုယ်မိမိ တန်ဖိုးမရှိသူဟု ခံစားနေရခြင်းသည် အပြစ်စွဲစိတ် ခံစားမှုဖြစ်၏ ။အပြစ်စွဲစိတ် ခံစားနေရသူတွင် တွေ့မြင် ရတတ်သည့် လက္ခဏာတို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

၁။ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း 

- အမှားတစ်ခု ကျူးလွန်မိခြင်း၊ ရှက်ဖွယ်ကောင်းသော အလုပ်တစ်ခု ပြုလုပ်မိခြင်းတို့ကြောင့် မိမိကိုယ်မိမိ ရှုတ်ချခြင်း၊ အပြစ်တင်ခြင်း။


၂။ ကိုယ့်ကိုယ်ကို အပြစ်ပေးခြင်း

- လူ့ကျင့်ဝတ်အရ မှားယွင်းသောအမှုကို ကျူးလွန်မိသဖြင့် အစာမစားဘဲ နေခြင်း၊ အဝတ်မဝတ်ဘဲနေခြင်း စသည်ဖြင့် အပြစ်ပေးခြင်း။


၃။ မိမိအမှားထောက်ပြမည်ကို မျှော်လင့်နေခြင်း

- ပတ်ဝန်းကျင်မှ လူများသည် မိမိအမှားအား ထောက်ပြခြင်း၊ မိမိအားရှုတ်ချခြင်း ပြုလုပ်မည်ဟု မျှော်လင့်နေခြင်း၊ မိမိအား တန်ဖိုးမရှိသူဟု ထင်နေကြသည်ဟု သူ့စိတ်တွင် ခံစားရခြင်း။


၄။ စိတ်ထားဖော်ခြင်း 

- မိမိ၏ အမှားများအား အခြားသူများ၏ အမှားအဖြစ် ယိုးစွပ်တတ်ခြင်း။


၅။ ရန်လိုခြင်း

- သူ၏ လွဲမှားသော အပြုအမူအတွက် အပြစ်စွဲစိတ် ရှိနေသဖြင့် အခြားသူများအား ရန်လိုတတ်ခြင်း။


၆။ စံပြအပြုအမူ

- မိမိ၏ ဆိုးညစ်သော ခံစားမှု၊ ယုတ်မာသော ခံစားမှုတို့အား ဖုံးကွယ်ထားရန် အလွန်အမင်း ကျိုးနွံခြင်း၊ အလွန်အမင်း ကောင်းမွန်သော အပြုအမူရှိခြင်း။


အပြစ်စွဲစိတ်ကြောင့်ပင် အကြောက်လွန်ခြင်း၊ မလုပ်ရမနေနိုင်ဖြစ်ခြင်း၊ စိတ်စွဲခြင်းစသည့် Neurotic အပြုအမူများကို ဖြစ်ပေါ်စေသည်။ တစ်ခါ တစ်ရံ ယုံမှားလွန်စိတ်၊ လှုံ့ဆော်မဲ့ အာရုံသိစိတ် တို့ဖြင့် Psychotic ဘဝသို့ ကျရောက်စေတတ်သည်။ အချို့သောသူများ အတွက်မူ သာမန်ညှိယူလွဲမှုသာ ဖြစ်ပေါ်စေတတ်သည်။ မလုံခြုံစိတ်၊ နိမ့်ကျစိတ် ကဲ့သို့ပင် အပြစ်စွဲစိတ်သည်လည်း မိဘများနှင့် ပတ်သက်သော ကလေးဘဝ အတွေ့အကြုံများကြောင့် စတင်ဖြစ်ပေါ်စေတတ်သည်။ သို့သော် ဘဝတစ်လျှောက်လုံးမှာ အချိန်မရွေးလည်း ဖြစ်ပေါ်စေနိုင်သည်။ "မင်းအတွက် တို့မှာ ရှက်ရတယ် " ၊ " မင်းဟာ တို့တစ်မျိုးလုံးရဲ့ မျက်နှာကို အိုးမဲသုတ်တာပဲ " အစရှိသည့် မိဘများ၏ ပြစ်တင်ဝေဖန်ချက်များကြောင့် ထိုကလေးငယ်တွင် အပြစ်စွဲစိတ်ခံစားစေသည်။ " မင်းကြောင့် ငါတော့သေတော့မှာပဲ " ၊ "


မိဘတွေကို မင်း ဒုက္ခအပေးဆုံးပဲ " အစရှိသည့် ပြောဆိုချက်များကလည်း ထိုခံစားမှုကို ဖြစ်ပေါ်စေတတ်သည်။ထို့ကြောင့် ကာကွယ်နည်းအနေဖြင့် ကလေးငယ်များ၏ စိတ်ကျန်းမာရေး မြှင့်တင်ပေးမှုသည် အရေးကြီးသည်။ သင်သည် မိဘတစ်ဦးဖြစ်ပါက သို့မဟုတ် မိဘလောင်းတစ်ဦး ဖြစ်ပါက သင့်သားသမီးများ၏ စိတ်ကျန်းမားရေးသည်သင့်လက်ထဲတွင် ရှိသည်ကို သတိမူသင့်၏။ သင်၏ အမှတ်မထင်ပြောဆိုမှု၊ ဆက်ဆံမှုတို့ကြောင့် သင့်ကလေးငယ်၏ ဘဝတစ်ခုလုံးအား ထိခိုက်သွားနိုင်စေသည်ကို သတိပြုသင့်သည်။အကယ်၍ သင်ကိုယ်တိုင်သည် အနည်းငယ် ညှိယူလွဲသူ ဖြစ်ပါက သင့်စိတ်ကျန်းမာရေး မြှင့်တင်ပေးသည့်နည်းလမ်းများဖြစ်သော ကိုယ့်ကိုယ်ကိုနားလည်အောင် ပြုလုပ်ခြင်း၊ စိတ်တင်းကျပ်မှုကို လျော့ပါးအောင် ပြုလုပ်ခြင်း၊စိတ်လက်ပေါ့ပါးအောင်လေ့ကျင့်ယူခြင်း၊ ကိုယ်ခံစားနေရသည်များကို စာနာစိတ်ဖြင့် နားထောင်ပေးနိုင်သည့် သူများအား ထုတ်ဖော်ပြောပြခြင်း၊ တတ်ကျွမ်းနားလည်သူ စိတ်ပညာရှင်၊ စိတ်ကုဆရာဝန်တို့နှင့် ဆွေးနွေးခြင်း၊ အကြံဉာဏ်ရယူခြင်း၊ကုသမှုခံယူခြင်းဖြင့် စိတ်ကျန်းမာမှုအခြေအနေ တိုးတက်ကောင်းမွန်လာစေနိုင်သည်။


Credit: ခင်မောင်သန်း( စိတ်ပညာ )

By Dr. Pearl ( 7887 Healthcare Call Canter )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18