Print

ဒေါသစိတ်နှင့် အဆုတ်ကို ထိခိုက်စေနိုင်မှု

  25-Feb-2017
Preview Image

ဒေါသစိတ်ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သော အဆုတ်ကို ထိခိုက်စေနိုင်ကြောင်း သုတေသနပြုချက်များအရ သိရှိရသည်။ ဒေါသကြီးသောသူ၏ အဆုတ်သည် လုပ်ငန်းဆောင်ရွက်နိုင်စွမ်း အလျင်အမြန် ကျဆင်းသည်ကို သိပ္ပံပညာရှင်များက ထုတ်ဖော် သိရှိခဲ့ရပါသည်။ ဒေါသစိတ်နှင့် အဆုတ်ဆက်စပ်မှုကို သိရှိထားခြင်းဖြင့် အဆုတ်ရောဂါနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်သော မဟာဗျူဟာများ ချမှတ်ကျင့် သုံးနိုင်ပြီး အဆုတ်ရောဂါကို ရှာဖွေဖော်ထုတ်ရာ၌လည်း နည်းလမ်းသစ်များကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း Journal Thorax စာစောင်တွင် ရေးသားဖော်ပြထားပါသည်။

 

အဆုတ်၏ လုပ်ငန်းဆောင်ရွက်နိုင်စွမ်း လျင်မြန်စွာ ဆုတ်ယုတ်ကျဆင်းကြောင့်ရောဂါကူးစက်မှုဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ အင်အားကုန်ခမ်း၍ အဆုတ်နှင့် ပတ်သက်သော ရောဂါများကို ခံစားရရှိစေနိုင်သည်။ အထူးသဖြင့် အဆုတ်နှင့် ပတ်သက်သော နာတာရှည် အသက်ရှူလမ်းကြောင်း ဆို့ကျပ်ရောဂါ Chronic Obstructive Pulmonary Disease (C.O.P.D) နှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ ခံစားရရှိစေနိုင်ပြီး သေဆုံးမှုနှုန်းကို မြင့်မားစေသည်။ 

 

သုတေသီများက ဒေါသစိတ်နှင့် ရန်လိုစိတ်သည် အာရုံကြောနှင့် ဟော်မုန်း ဓာတ်ဖြစ်စဉ်များအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပြီး အကျိုးဆက်အားဖြင့် ခန္ဓာကိုယ် အတွင်း အဆုတ်ကဲ့သို့ အရေးကြီးသော အစိတ်အပိုင်းများတွင် နာတာရှည် ရောင်ရမ်းခြင်းဝေဒနာ (Chronic Inflammation) ကိုခံစားရစေနိုင်ကြောင်း ယုံကြည်လျက်ရှိသည်။

 

ထိုကဲ့သို့ ဒေါသစိတ်၊ရန်လိုစိတ် ပြင်းထန်သူများသည် ဆေးပညာ အလိုအရ နှလုံးနှင့် သက်ဆိုင်သော ရောဂါများ ခံစားရနိုင်သကဲ့သို့ ယခုလေ့လာတွေ့ရှိချက်အရ အဆုတ်နဲ့ပတ်သက်သော နာတာရှည်ရောဂါများလည်း ခံစားရနိုင်ကြောင်း ထပ်မံတွေ့ရှိရပြန်သည်။ ထို့ကြောင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေနိုင်ရန်မှာမူ ကျန်းမာရေးကို ထိခိုက်စေသော ဒေါသတရားကို ဆင်ခြင်တုံတရား ရှေ့ထား၍ ဘာသာတရား၏ ဆုံးမပဲ့ပြင်မှုကို ခံယူပြီး ထိန်းသိမ်း ထားကြပါစို့ဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အောင်ဇင်
Health for all magazine, July 2014, Pg.83-84


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18