Print

သွေးနုသားနုစိတ်ရောဂါ

  30-Oct-2016
Preview Image

“ငါ့သားလာမထိနဲ့၊ ငါ့ကို ဘာမှတ်နေလို့လဲ၊ နင်တို့လုပ်တိုင်း ခံနေမယ်များ မှတ်နေသလား”လူနာကို မတွေ့ရသောမီ လူနာ၏ ဒေါသဖြင့် အော်ကြီးဟစ်ကျယ်နေသော အသံကို ကြားနေရ ပါပြီ။ စိတ်ရောဂါလူနာ ကုသဆောင်၏ သင်္ကေတတစ်ခုဟု ဆိုရပါမည်။ အသံရှင်မှာ အမျိုးသမီးလူနာ တစ်ယောက် ဖြစ်မည်။

“ လူနာအိမ်ရှင်ကို အရင်လွှတ်လိုက်ပါ”ချက်ချင်းဆိုသလို အသက်ငါးဆယ်ကျော် မိန်းမကြီးတစ်ယောက်နဲ့ အသက်နှစ်ဆယ်ခန့် အမျိုးသားတစ်ယောက် ၀င်လာကြ၏။

“ ထိုင်ကြပါ၊ လူနာနှင့် ဘာတော်ကြပါသလဲ”

“ ကျွန်မက လူနာရဲ့အမေပါ”

“ ကျွန်တော်က လူနာရဲ့ခင်ပွန်းပါ ဆရာကြီး”

“ ဘယ်လိုစဖြစ်တယ်ဆိုတာ ပြောပြပါ”

အမေပဲပြောပြပါဟု လူရွယ်လေးက ပြောသဖြင့် လူနာ၏မိခင်က သူ့သမီးဖြစ်ပုံကို ပြောပြပါ သည်။ သူ၏ ပြောစကားအရ လူနာသည် အသက်နှစ်ဆယ်ရှိပြီ။ အိမ်ထောင်ကျသည်မှာ တစ်နှစ်ရှိပြီ။ သားဦးကိုယ်ဝန် မွေးဖွားသည် သားဖွားဆရာမနှင့် အိမ်မှာပဲ မွေးသည်။ လွယ်လွယ်ကူကူပဲ မွေးသည်။ သားယောကျ်ားကလေးဖြစ်၏။ မွေးပြီးကတည်းက ကောင်းကောင်းမအိပ်ဘဲ ကလေးအတွက် ပူပန်နေ ၏။ သူအိပ်ပျော်နေစဉ် ကလေးနို့မစို့ရမှာစိုး၍ သူကိုယ်တိုင် မအိပ်ခြင်း ဖြစ်ဟန်တူ၏။ အအိပ်ပျက်လာ သည့်အတွက် အစားပါပျက်လာသည်။ ထို့နောက် အလိုလို စိတ်တိုနေတတ်သည်။ စိတ်ရောကိုယ်ပါ ဂနာမငြိမ်ဖြစ်လာ၏။ တဖြည်းဖြည်းကလေးကိုပါ ဂရုမစိုက်နိုင် ဖြစ်လာ၏။ ကလေးငိုလျှင် ရပ်တည်ရာ မရဖြစ်လာ၏။ တစ်ဆက်တည်းဆိုသလို သူနှင့် သူကလေးကို ပြုစားထားကြသည်ဟု ပြောလာ၏။ လက်လှမ်းမီရာ ကျန်းမာရေးဝန်ထမ်းများနှင့် ကုသသော်လည်း အခြေအနေမှာ ကောင်းမလာဘဲ ယခုကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း အဆင့်ထိ ရောက်လာသည်ဟု သိရပါသည်။

မွေးဖွားပြီး နှစ်လအတွင်း “ ယောကျ်ားဖောင်စီး၊ မိန်းမမီးနေ ” ဟူသောဆိုရိုးစကားဆိုပါသည်။ သားသမီး မွေးဖွားရ သော အမျိုးသမီးတိုင်းသည် ကျန်းမာရေးအန္တရာယ် တစ်မျိုးမျိုးနှင့် ရင်ဆိုင်ရတတ်ပါသည်။ ကလေး မွေးပြီး နှစ်လအတွင်းတွင်ဖြစ်တတ်သော စိတ်ရောဂါတစ်မျိုး ရှိပါသည်။ မွေးဖွားပြီးစအချိန်ကို မြန်မာ တို့က “ သွေးနုသားနုကာလ ” ဟုလည်းကောင်း၊ “ မီးတွင်းကာလ ” ဟုလည်းကောင်းခေါ်တတ်ကြ ပါသည်။ ထိုပကြောင့် ဤကာလအတွင်းဖြစ်သော စိတ်ရောဂါကို “ သွေးနုသားနု စိတ်ရောဂါ ” (Post Partum Psychosis) ဟု ခေါင်းစဉ်တပ်ထားရခြင်း ဖြစ်ပါသည်။ ဤရောဂါသည် ဆောင်းပါးအစတွင် ဖော်ပြခဲ့သော လူနာမိန်းကလေး ကဲ့သို့ပင် သားဦးမွေးဖွား ပြီးလျှင် ဖြစ်တတ်ကြပါသည်။ စိတ်ရောဂါ မျိုးရိုးရှိလျှင်သော်လည်းကောင်း၊ ယခင်က စိတ်ရောဂါဖြစ် ခဲ့ဖူးသော်လည်းကောင်းဖြစ်တတ်ပါသည်။ ဤရောဂါဖြစ်တတ်သော အကြောင်းများတွင် မိခင်၏ ခန္ဓာကိုယ် ကျန်းမာရေးကောင်းမှု မကောင်းမှု၊ မိခင်၏ ပင်ကိုစိတ်နေသဘောထား (ဥပမာ-စိုးရိမ်စိတ် များခြင်း၊ အားငယ်တတ်ခြင်း) မိသားစု၏ ဖေးမကူညီစောင့်ရှောက်မှုရှိ မရှိ၊ ကလေးမီးဖွားခြင်းနှင့် ကလေးပြုစုခြင်း ကိစ္စများကိုနားလည်မှုနှင့် ကြိုတင်ပြင်ဆင်ထားမှု ရှိခြင်း မရှိခြင်း၊ မွေးလာမည့်ကလေး ကို မိခင်က လိုလားမှု ရှိခြင်း မရှိခြင်းနှင့်မွေးဖွားခြင်းကြောင့် သဘာဝအလျောက် အမျိုးသမီး ဟော်မုန်းဓာတ်များလျော့နည်းသွားခြင်း စသည့်အကြောင်းချက်များ ပါ၀င်ပါသည်။ မည်သို့ဆိုစေ ယခုကဲ့သို့့ဤရောဂါအကြောင်း သိထားလျှင် တွေးကြောက်နေရန် မလိုပါ။ သိထားသည့်အတိုင်း ဆောင်ရွက်ရန်သာ လိုပါသည်။ အနာသိဆေးရို ဆိုသည့်စကားအရဆေးကုသသင့်သည့်ရောဂါကို ဆေးကုပေးလျှင် ပျောက်ပင်းမည်သာ ဖြစ်ပါသည်။ သို့ဆိုလျှင် သွေးနုသားနု စိတ်ရောဂါကြောင့် စိတ်သောကရောက်ရန် မလိုပါကြောင်း ရေးသားလိုက်ပါသည်။

Ref:

ဒေါက်တာဟန်စိန်

စိတ်သန့်ရှင်းရေးနှင့် စိတ်ကျန်းမာရေး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18