Print

အယ်လ်ဇိုင်းမားနဲ့ လက်ဆွဲနှုတ်ဆက်ရတဲ့အခါ

  30-Oct-2016
Preview Image

စိတ်ကျရောဂါ ဖြစ်တတ်တာကိုတော့ သတိထားပြီးစောင့်ကြည့်ရမှာပါ။အသက်အရွယ် အိုမင်းလို့ သတိချို့ယွင်းတဲ့ အယ်လ်ဇိုင်းမား ရောဂါလက္ခဏာတွေပြောခဲ့ပါပြီ။ အခုတော့ ကိုယ့်အသိုင်းအဝိုင်းမှာ အဲဒီဝေဒနာရှင် ရှိနေပြီဆိုရင် ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲဆိုတာလေးတွေ ကြံဆတွေးတောလို့ ရအောင် ပြောချင်ပါတယ်။ အကြောင်းရင်းအတိအကျ မသိရတဲ့ ရောဂါတွေရဲ့ သဘာဝအတိုင်းကာကွယ် ကုသတာထက် ပြုစုစောင့်ရှောက်တာကိုအလေးပေးကြရတာပါ။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း

ကိုယ်လက် လှုပ်ရှားမှုတွေက ကြွက်သားတွေ သန်မာဖို့နဲ့ ထိန်းညှိလှုပ်ရှားနိုင်စွမ်းမြင့်စေပါတယ်။ စိုးရိမ်သောကလျော့နည်းပြီးစိတ်ကိုလည်းပြေလျော့ ကြည်နူးစေပါတယ်။ ဘယ်လေ့ကျင့်ခန်းမျိုးတွေ သင့်တော်မယ် ဆိုတာကတော့ ဆရာဝန်နဲ့ တိုင်ပင် ရမှာပေါ့။ လမ်းလျှာက်တာ၊ ခြံဝင်းထဲတူးဆွရှင်းလင်းတာ၊ မီးပူတိုက်တာလိုထပ်ပြန် တလဲလုပ်ရတာမျိုးတွေကပိုပြီးအဆင်ပြေတတ်တယ် လို့ ဆိုပါတယ်။

ဆေးကုလို့ ရရဲ့လား

တကယ်တော့ အယ်လ်ဇိုင်းမားပျောက်တဲ့ဆေးမရှိပါဘူး။ ဦးနှောက်ထဲမှာဖြစ်နေတဲ့ အာရုံကြောတွေ ပျက်ယွင်းတာကို နှေးကွေးအောင် လုပ်ဖို့လည်းနည်းလမ်းကမရှိသလောက်ပါ။ တချို့ ဆေးဝါးတွေနဲ့တော့ စိတ်ပိုင်းဆိုင်ရာသိမှုတွေ ထိန်းပေးတာ၊ ရောဂါရဲ့ အကျိုးသက်ရောက်မှု နှေးအောင် ထိန်းပေးတာမျိုးတော့ ရှိပါတယ်။ စောစောသိ၊ စောစောဆေးပေးပြီး လွတ်လပ်တဲ့နေထိုင်ရှင်သန်မှုကိုရအောင်၊ နိစ္စဓူဝလုပ်ငန်းဆောင်တာလေးတွေ လုပ်နိုင်အောင် ကူညီပေးလို့တော့ ရပါတယ်။

ပြုစုသူရဲ့ ကဏ္ဍ

မိသားစုဝင်ထဲမှာဝေဒနာရှင် ရှိနေလို့ ကိုယ်က ပြုစုသူနေရာယူတော့မယ် ဆိုရင် အတော်လေးတော့ လက်ဝင် ပါတယ်။ အချက်အပြုတ်၊ စာရင်းအင်းအတွက်အချက်တွေပါ လုပ်ရမှာပါ။ ဝေဒနာရှင်ကိုကူညီပေးဖို့ နေ့စဉ် အစားအသောက် အစီအစဉ်စာရင်းလုပ်ရင်းကူခိုင်းတာ၊ ပိုက်ဆံတွက်တာတွေ သင်ရင်းလုပ်ခိုင်းရတာမို့ ပါ။ ဘီရိုမှာအကန့်လိုက် ရှိတဲ့ ပစ္စည်းတွေ အမည်နဲ့ အတူရေးကပ်ခိုင်းတာမျိုးတွေ၊ နေ့စဉ် လုပ်ရမယ့် အလုပ် အချိန်ဇယားလုပ်တာမျိုးလေးတွေ သူ့ဖာသာလုပ်နိုင်အောင် ကိုယ်ကကူပေးရတာပါ။ သူ့အတွက် လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်တာ၊ ဖြည့်တာပါလေ့ကျင့် ပေးရပါလိမ့်မယ်။ အယ်လ်ဇိုင်းမားလူနာတွေက အစောပိုင်းကာလတွေမှဖြစ်ပျက်တာတွေ သိနားလည် ကြတာမို့ သိပ်ပြသနာမရှိလှ သေးပါဘူး။ သူတို့ စိုးရွံ့တတ်တာ၊ ရှက်တတ်တာလောက်သာရှိတတ်ကြတာ ပါ။ စိတ်ကျရောဂါဖြစ်တတ်တာကိုတော့ သတိထားပြီးစောင့်ကြည့်ရမှာ ပါ။ နောက်ပိုင်းကျရင်တော့ သူတို့မှာထင်ယောင် ထင်မှား ဖြစ်တာတွေ၊ ရန်လိုတာတွေ ဖြစ်လာုပြီး ပြုစုသူကိုပါ ရန်ရှာတတ် ပါတယ်။ ဒါဟာရောဂါရဲ့ သဘောသဘာဝဆိုတာကိုအမြဲ သတိပြုနေဖို့သာလိုပါတယ်။ အမူအကျင့် ဆိုးရွားတာပြောင်းလဲလာတာနဲ့ ဆရာဝန်ကိုချက်ချင်းအကြောင်းကြားအသိပေးရမှာ ပါ။ ဆည်းဆာကိုစိုးထိတ်ပါ။

ဘာကြောင့်လို့ မသိရသေးပေမယ့်

အယ်လ်ဇိုင်းမားဝေဒနာသည်တွေမှာနေညိုလာလေ၊ ဝေဒနာပိုလေ ဖြစ်လေ့ ရှိပါတယ်တဲ့။ ညနေစောင်းကနေတညတာလုံးဂဏှာမငြိမ် ဖြစ်ပြီး အခြေအနေဆိုးတတ်ပါတယ်။ အိမ်ကို ညနေစောင်းတာနဲ့ သေသေချာချာပိတ်ပြီး သူကြိုက်တဲ့ တီဗီအစီအဉ််မျိုးတွေနဲ့ အာရုံပြောင်းပေးထားသင့်တယ်လို့ ဆိုပါတယ်။ ကော်ဖီတွေ မသောက်စေတာလည်းဝေဒနာသက်သာနည်းတခုလို့ ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုမမှတ်မိ ဖြစ်တတ်ပါတယ်

အယ်လ်ဇိုင်းမားအများစုကနာမည်တွေ၊ လူတွေကိုမမှတ်မိ ဖြစ်တတ်ပါတယ်။ အရင်ကဘယ်လောက် ချစ်ခင် ရင်းနှီးပါစေ၊ မသိတော့တာမျိုးပါ။ သူတို့ကို ရုပ်နဲ့ အမည် တွဲမိအောင် လုပ်ပေးလေ့ ရှိကြပေမယ့် ကြာရှည် မမှတ်မိဘဲ ပြန်မေ့လျော့ သွားတတ်ပြန်တာပါပဲ။ ကိုယ်ဖိရင်ဖိစောင့်ရှောက်နေသူအဖို့ လူနာကကိုယ့်ကိုမသိတာကိုစိတ် ကသိကအောင့် ဖြစ်စရာပါ။ ဒါပေမယ့် ရောဂါရဲ့ သဘာဝကိုနားလည်ထားဖို့သာလိုပါတယ်။

ပြုစုမှုပေးခြင်းဆိုင်ရာအထွေထွေ

နိုင်ငံကြီးတွေ မှာတော့ ဒီလိုအခြေအနေတွေ အတွက် သီးသန့် ပြုစုပေးတဲ့နေရာတွေမှာပို့ထားလို့ ရပေမယ့် ကိုယ့် ရေမြေအနေအထားအရအိမ်မှာသာ ပြုစုကြရမှာ ပါ။ ရောဂါရဲ့ နှောင်းပိုင်းကာလလမ်းမလျှောက်နိုင်၊ စကားမပြောနိုင်၊ အစာမမျိုနိုင် တတွေ ဖြစ်လာရင်တော့ ဆေးကုသမှု လိုလာပါတော့ တယ်။ နောက်ဆုံးကာလပြုစုမှုတွေ ဖြစ်တဲ့ အနာအကျင် သက်သာအောင် ကုသပေးရတော့မှာ ပါ။လူနာရှိတဲ့ မိသားစုမှာကလေးသူငယ်တွေ ရှိရင် စိတ်ရှုပ်ထွေးမှု မဖြစ်အောင်၊ ကြောက်ရွံ့ ထိတ်လန့်တာတွေ မဖြစ်အောင် ရှင်းလင်းပြောပြပြီးအကူအညီပေးတတ်အောင်လေ့ကျင့်ပေးတာလည်း နည်းကောင်းတခုပါပဲ။ ပြုစုသူအတွက်လည်း ကိုယ်တိုင် စိတ်ပြေလက်ပျောက်လေးတွေ နည်းလမ်းဖန်တီးပေးရပါလိမ့်မယ်။

ရောဂါကိုကာကွယ်လို့ရမလား

တိတိကျကျ မဟုတ်ပေမယ့် အစားအသောက် အနေထိုင် ပုံစံတွေကအယ်လ်ဇိုင်းမားရောဂါ ကာကွယ် ထောက်ကူမှု ပြုစေတယ် လို့ ဆိုကြပါတယ်။ အသီးအနှံတွေ စားတာ၊ ငါးတွေစားတာ၊ အစေ့အဆံတွေ စားတာ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ပေးတာမျိုးတွေ လုပ်ပေးသင့်တာပါ။ အခုလောက်ဆိုရင်ဖြင့် အယ်လ်ဇိုင်းမားအတွက် အခြေခံရေးရေးလေးလောက် သိပြီးဘယ်လိုသတိမူ၊ ဘာတွေ သတိပြု၊ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာအထောက်အကူ နှမ်းတစေ့မျှ ရကြလိမ့်မယ်ထင်ပါတယ်။ စောစောသိ၊ စောစော ပြုစုပျိုးထောင် လေ့ကျင့်ပေးရင်းမိသားစုဝင်တွေ အိုမင်းချိန်မှာ သက်တောင့်သက်သာ ဖြစ်အောင် ကူညီကြပါစို့။

 

Ref:

ဒေါက်တာသက်ဦး

May 29, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18