ကလေးကို နို႔ဘယ်အချိန် ဖြတ်ရမှာလဲ
24-Feb-2017
နို့စို့အရွယ်ကလေး အစာကောင်းကောင်း မစားလို့ နို့ဖြတ်ချင်သည့် မိခင်များနှင့် ထိုမိခင်များကို နို့ဖြတ်လိုက်ပါလားဟု ဝိုင်းအကြံပေးကြသော ဆွေမျိုးမိတ်သင်္ဂဟများသည် ကလေးနှင့် ကလေးအထူးကု ဆရာဝန်များ၏ ရန်သူဖြစ်ပါသည်။ ကလေးခန္ဓာကိုယ် ကြီးထွားစေရန် ပရိုတိန်းဓာတ် လိုအပ်သည်။ ထိုပရိုတိန်းဓာတ်တွေထဲမှာမှ မရှိမဖြစ် ပရိုတိန်းဓာတ်များ (essential amino acid) က အဓိကအကျဆုံး။ အကြောင်းမှာ ထိုမရှိမဖြစ် ပရိုတိန်းဓာတ်များကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်စွမ်းမရှိ။ အာဟာရကသာ ရနိုင်မည်။
အာဟာရ အများစုတွင်လည်း ထိုပရိုတိန်းဓာတ်များ စုံအောင်ပါလေ့မရှိ။ အာဟာရ အမျိုးမျိုး တွဲဖက်လိုက်မှသာ စုံသွားလေ့ရှိပါသည်။ ပထမတန်းစား ပရိုတိန်း (first class protein) ဆိုတာတော့ ရှိသည်။ ရှိသမျှသော မရှိမဖြစ် ပရိုတိန်းဓာတ်များစွာ ပါဝင်သည့် အာဟာရကို ဆိုလိုသည်။ နှစ်မျိုးသာရှိပါသည်။ နို့နှင့်ကြက်ဥပါ။ ဒီအထဲမှာမှ လူနို့က ကလေးနှင့်သင့်လျော်ဆုံး အာဟာရအပြည့်အဝဆုံး ဖြစ်သည်။ ဟိုနည်းနည်း ဒီနည်းနည်း တွဲဖက်ပါမှ အာဟာရတန်ဖိုး ပြည့်စုံမည့် ဖြည့်စွက်စာကို ကောင်းကောင်း မစား၍ဟု ဆိုကာ နို့ကိုသွားဖြတ်ခြင်းသည် မည်မျှမိုက်မဲရာကျမည်ကို တွေးကြည့်နိုင်သည်။
ဒါဆို ဘယ်အရွယ်မှ နို့ဖြတ်ရမှာတဲ့လဲ။ “အနည်းဆုံး အသက် ၂ နှစ်အထိ နို့တိုက်ပါ” ဆိုသော ညွှန်ကြားချက်သည် အသက်နှစ်နှစ်တွင် နို့ဖြတ်လိုက်ပါဟု မဆိုလိုပါ။ ကလေးက စို့နေလျှင် မိခင်ကနို့ထွက်နေလျှင် ဆက်တိုက်ရပါမည်။ နောက်ကိုယ်ဝန်ရှိလာလျှင်ပင် မိခင်နို့က အထွက်သွားမည် ဖြစ်သော်လည်း ထွက်နေသေးသမျှတော့ ဆက်တိုက်နိုင်ပါသည်။
တကယ်တော့ နို့သည်ဖြတ်ရန် မဟုတ်ပါ။ ကလေးက သူ့သဘောနှင့်သူ မစို့တော့ ဘဲ ပြတ်သွားမှသာ ဖြစ်ပါသည်။ ဒါကလည်း အလွန်ဆုံး ၄ နှစ်ပေါ့။ ဒီထက်ကျော်၍တော့ မိခင်နို့ထွက်လေ့မရှိပါ။ နို့ဘူးစို့သော ကလေးများကတော့ အသက် ၁ နှစ်ကျော်လျှင် နို့ဘူး ကို ဖြတ်ရမည်။ နို့ကို ဖြတ်ရမှာမဟုတ်။ ဖန်ခွက်နှင့်ထည့်၍ တိုက်နိုင်သည်။ နို့ဘူးကို စွဲနေပါက အာခေါက်ခွက်၍ သွားခေါတတ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှ ကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

