Print

အရိုးတွင်ဖြစ်သော တီဘီရောဂါ

  28-Feb-2017
Preview Image

 

တီဘီရောဂါက ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်နိုင်ပါတယ်။ လူအများစုက အဆုတ် တီဘီရောဂါပဲ သိတာများပြီး အရိုးတီဘီရောဂါအကြောင်း သိရှိမှုနည်းတဲ့အတွက် များသောအားဖြင့် နောက်ကျတဲ့ အဆင့်ရောက်မှသာ ဆရာဝန်ဆီကိုပြဖြစ်တာ များကြပါတယ်။ ဒါ့ကြောင့် အရိုးတီဘီရောဂါနှင့် ပတ်သက်ပြီး အထွေထွေဗဟုသုတရှိစေဖို့နဲ့ မဖြစ်အောင် ကာကွယ်နိုင်ဖို့ရာအတွက် အရိုးခွဲစိတ် ဆရာဝန်ကြီး ပါမောက္ခဦးနေဝင်းနှင့် တွေ့ဆုံမေးမြန်ခြင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

 

၁။ အရိုးတီဘီအကြောင်း ရှင်းပြပေးပါဆရာ။

တီဘီက တစ်ကိုယ်လုံးမှာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် တီဘီဆိုတာက အဆုတ်ကနေဖြစ်တာ များပါတယ်။ တီဘီက အဆုတ်မှာလည်း ဖြစ်နိုင်သလို အရိုးမှာလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်တီဘီက အများဆုံးဖြစ်နိုင်ပါတယ်။ လေထဲကနေလာတဲ့ တီဘီပိုးက အဆုတ်ကို အရင်ဆုံးရောက်ပြီးမှ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ရောက်သွားတာဖြစ်လေ့ရှိပါတယ်။ 

 

၂။ အရိုးတီဘီက ဘယ်နေရာတွေမှာ အများဆုံးဖြစ်တတ်ပါသလဲ ဆရာ။

အရိုးတီဘီ အဖြစ်အများဆုံး နေရာကတော့ ခါးရိုးပဲဖြစ်ပါတယ်။ ခါးရိုးတီဘီ လို့လည်း ခေါ်ပါတယ်။ ခါးရိုးတီဘီဖြစ်ပြီဆိုရင် ခါးရိုးက ထိုးထိုးကိုက်တာတွေ၊ နာတာတွေ ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာက ဖြည်းဖြည်းချင်းမှ ပြလာတတ်ပါတယ်။ ခါးရိုးတီဘီဖြစ်ပြီဆိုရင် ခါးရယ်၊ ကျောရယ်၊ လည်ပင်းအဆစ်တွေမှာ တအားနာတာ၊ တအားကိုက်တာတွေ ဖြစ်ပါတယ်။

 

၃။ အရိုးတီဘီဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

အများအားဖြင့် အရိုးတီဘီဖြစ်လျှင် လူနာတွေက စောစောစီးစီး ရောက်မလာတတ်ကြပါဘူး။ ပိုးက အရိုးတွေကို တအားကြီး စားသွားပြီး အရိုးတွေမှာ ဘုကြီး (Gibbus) ဖြစ်လာတဲ့ အခါကျမှ ရောက်လာတာများပါတယ်။ တချို့ကျတော့ တီဘီပြည်ဖြစ် သွားပြီး အပြင်ဘက်အထိ ထွက်လာတတ်ပါတယ်။ ခါးနဲ့ ကျောမှာ ပြည်ဖုကြီး (Cold Abscess) အကြီးကြီးတွေ ထွက်လာတတ်ပါတယ်။ 

 

တခြားအကြောင်း ကြောင်းကြောင့်ဖြစ်တဲ့ ပြည်ဖုတွေဟာဆိုရင် ထိလိုက်ရင် နာနေတယ်၊ ကိုက်နေတယ်၊ ရောင်နေမယ်၊ ကိုယ်ပူလာတတ်တယ်၊ အဖျားတက်တတ်တယ် အစရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ တီဘီကြောင့်ဖြစ်လာတဲ့ ပြည်ဖုတွေကတော့ ထိလိုက်ရင်လည်း သိပ်မနာပါဘူး ပူလာတာလည်း မရှိပါဘူး၊ နွေးနွေးလေး ရှိနေတတ်ပါတယ်။ အဲဒီလိုမျိုး သိသိသာသာကြီး ပြည်ဖုအကြီးကြီးထွက်လာမှ လာပြကြတာ များပါတယ်။ 

 

ဒီထက်ဆိုးတဲ့ အခြေအနေမှာတော့ တီဘီပိုးတွေက အရိုးတွေကိုလည်း စားလာတယ်။ တီဘီပြည်တွေလည်း ဖြစ်လာတယ်။ အဲဒီမှာ အရိုးတွေက ဆွေးပြီး အရိုးစတွေက အာရုံကြောတွေကို သွားထောက်မိပါတယ်။ အဲဒီလို ထိသွားရင် အောက်ပိုင်းတွေ မသန်တော့တာ၊ ခြေထောက်တွေ ထုံနေတာ၊ ကျဉ်နေတာ၊ လမ်းလျှောက်လို့ မရတော့တာ၊ အောက်ပိုင်းသေတာ အထိပါ ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင်တော့ လူနာရောက်လာတာ အတော်နောက်ကျနေပြီလို့ ပြောရမှာပါ။

 

၄။ အရိုးတီဘီကို ဘယ်လိုကုသမှု ပေးလေ့ရှိပါသလဲ ဆရာ။

ကုသမှုအနေနဲ့ ကတော့ တီဘီဆေးတွေကို ပေးရပါတယ်။ ဆရာတို့ကတော့ တီဘီဆေးကို တစ်နှစ်လောက် အထိပေးပါတယ်။ တစ်ချို့ကတော့ ခြောက်လအထိပဲပေးပါတယ်။ တီဘီဆေးကတော့ အခမဲ့ဆေးပေးတဲ့ဌာနတွေ အများကြီးရှိတဲ့အတွက် အဆင်ပြေပါတယ်။ တီဘီဆေးသောက်ရင်တော့ အဆုံးထိပြီးပြတ်အောင် သောက်ရပါတယ်။ ဖြတ်ထားလို့၊ နားထားလို့ မရပါဘူး။ အဲ့လိုမျိုး ဆေးကိုရပ်လိုက်၊ နားလိုက်လုပ်ရင် တီဘီဆေးယဉ်သွားတတ်ပါတယ်။အဲဒီအခါမှာ တီဘီဆေး ထပ်သောက်လည်း ဆေးမတိုးတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တီဘီပိုးကုန်သွားရင် ပြည်ဖုပေါက်တာနဲ့ အရိုးနာတာတွေက ပြန်ကောင်းလာပါတယ်။ အရိုးတီဘီကလည်း ပျောက်ကင်းသွားနိုင်ပါတယ်။ အောက်ပိုင်းသေတယ် ဆိုတာကတော့ ပြည်တွေက အာရုံကြောမကြီးကို ဖိမိတာ၊ အရိုး စတွေက ဖိမိထားတာတွေကြောင့်ပါ။ 

 

တချို့လူနာတွေမှာ တီဘီဆေးပေးလိုက်တာနဲ့ အောက်ပိုင်းသေတာ ပြန်သက်သာသွားတာရှိပါတယ်။ ဒါပေမဲ့ အာရုံကြောကို ဖိမိတာများသွားရင်တော့ နောက်ပိုင်း ခွဲစိတ်ကုသရပါတယ်။ ပြီးတော့ လူကောင်းလို ပကတိပြန်ကောင်းလာနိုင်ဖို့ အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။ အရိုးတီဘီဖြစ်ရင်ပထမဆုံး ခြောက်ပတ်လောက် ဆေးပေးကြည့်ပါတယ်။ ဆေးပေးပြီး အခြေအနေက ပြန်မကောင်းလာရင်၊ အောက်ပိုင်းသေတာ မကောင်းရင်တော့ ခွဲစိတ်ရပါတယ်။ ခွဲပြီးတော့ ဖိမိနေတဲ့ ပြည်တွေနဲ့ အရိုးစတွေကို ထုတ်ပစ်ရပါတယ်။ အဲဒီလိုဆိုရင်တော့ ပြန်ကောင်းလာနိုင်ပါတယ်။

 

၅။ အရိုးတီဘီက ကူးစက်နိုင်ပါသလား ဆရာ။

တီဘီရောဂါကတော့ အဆုတ်ကနေတစ်ဆင့် ကူးနိုင်ပေမယ့် အရိုးကနေ တစ်ဆင့်ကတော့ မကူးနိုင်ပါဘူး။ အဆုတ် တီဘီနဲ့ ပူးတွဲဖြစ်နေမှသာ ကူးတတ်ပါတယ်။

 

၆။ အရိုးတီဘီရောဂါရှိသူတွေကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ခါးရိုးတီဘီဖြစ်တယ် ဆိုပေမယ့်လည်း ဆရာတို့က အိပ်ရာထဲမှာ အကြာကြီး မနေစေချင်ဘူး။
• တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှား နေစေချင်ပါတယ်။
• အောက်ပိုင်းသေနေတဲ့တိုင်အောင် ထိုင်နိုင်ရင် ထိုင်ခိုင်းတာတွေ လုပ်ခိုင်းပါတယ်။ အိပ်ရာထဲမှာနေနေရတဲ့အတွက် ဝင်လာနိုင်တဲ့ ဆိုးကျိုးတွေက အရမ်းများပါတယ်။
• အဲဒါကြောင့် ဆေးကို မှန်မှန်သောက်ရမယ်။ ဆရာဝန်နဲ့လည်း မကြာခဏ ပြနေဖို့လိုပါတယ်။ ဆရာဝန်ရဲ့ ကုသမှုကို ပုံမှန်လိုပါတယ်။ 

 

ဆရာဝန်နဲ့ပြမှသာ ရောဂါက သက်သာလာလား ၊ ပိုဆိုးလာလား၊ တခြားရောဂါတွေရော ပူးတွဲဖြစ်နေလား ဆိုတာတွေ ဆက်လက်စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဆေးသောက်နေရပြီဆိုရင် ရောဂါက ပိုပြီးတော့ကို သက်သာလာရမှာပါ။ မသက်သာလာဘူး ဆိုရင်တော့ သေချာစစ်ဆေးဖို့လိုပါတယ်။ တစ်နှစ်တီဘီ ဆေးသောက်ရမယ်ဆိုတာနဲ့ ဆရာဝန်နဲ့ မပြတော့ဘဲ ကိုယ့်ဘာသာ ဆေးပဲသောက်နေတာမျိုးတော့ မဖြစ်ပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, February 2014, No.259, Pg. 25-27

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18