Print

HIV (အိတ်ချ်အိုင်ဗွီ) ရောဂါပိုးရဲ့ သဘာဝ

  28-Feb-2017
Preview Image

၁။ HIV (အိတ်ချ်အိုင်ဗွီ) ပိုးက သွေးဖြုဥကို ဖျက်စီးစေတယ်ဆိုတော့ ဒီပိုးဟာ သွေးထဲမှာပဲ ရှိနေတာလား၊ တခြားနေရာတွေမှာရော ရှိနိုင်ပါသေးလား။

သွေးဖြူ ဥတွေဟာ ကိုယ်တွင်းရှိအရည်အားလုံးမှာ ရှိကြပါတယ်။ ဒါကြောင့် ကိုယ်တွင်းရှိ အရည်အားလုံးဆီကို အိတ်ချ်အိုင်ဗွီပိုး အနည်းနှင့်အများရောက်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် မျက်ရည်၊ ချွေး၊ ဆီးတို့ကိုတော့ ရောက်ရှိနိုင်မှု အင်မတန် နည်းပါးပါတယ်။ အဲဒါကြောင့် အဲဒီ ခန္ဓာကိုယ်ထွက် အရည်တွေမှာတော့ တစ်ဆင့်ကူးစက်မှု မရှိပါဘူး။ သုတေသနပြု ချက်တွေ အရတော့ အိတ်ချ်အိုင်ဗွီပိုးဟာ သွေး၊ သုတ်ရည်နှင့် မိန်းမလိင်အင်္ဂါကထွက်တဲ့ အရည်တွေမှာ အဓိကအများဆုံး ရှိပါတယ်။

 

၂။ HIV (အိတ်ချ်အိုင်ဗွီ) ပိုးဟာ လူ့ခန္ဓာကိုယ်ရဲ့ ပြင်ပမှာ ဘယ်လောက်ကြာကြာအသက်ရှင်နိုင်ပါသလဲ။

အိတ်ချ်အိုင်ဗွီပိုးဟာ လူ့ခန္ဓာကိုယ်ရဲ့ ပြင်ပမှာ ကြာကြာအသက်မရှင်နိုင်ပါဘူး။ ပြင်ပက နေရောင်တို့၊ လေတို့နဲ့ ထိရင်သေသွားပါတယ်။ ခန္ဓာကိုယ်အပြင်ဘက် ရောက်လာတဲ့ သွေးတွေ၊ အရည်တွေ ခြောက်ခမ်းသွားချိန်မှာ ပိုးလည်းသေသွားပါပြီ။ အပြင်မှာဘယ်လောက် အသက်ရှင်နေမလဲဆိုတာ အရည်ကျသွားတဲ့ နေရာရဲ့ စွတ်စိုမှု၊ နေရောင်ထိတွေ့မှုနဲ့ အရည်ပမာဏ အနည်းအများ (ဥပမာ - သွေးပုလင်း၊ သွေးကွက်၊ သွေးစက်) ပေါ်မှာ မူတည်ပြီး စက္ကန့်ပိုင်း၊ မိနစ်ပိုင်း၊ ရက်ပိုင်း စသည်ဖြင့် ကွာခြားသွားနိုင်ပါတယ်။  ဒါကြောင့် အပြင်ရောက်ပြီး ဘယ်လောက်ကြာတဲ့သွေး (ဒါမှမဟုတ်) အရည်ပဲဖြစ်ဖြစ် အလွယ်တကူ မကိုင်တွယ်သင့်ပါဘူး။ ကိုင်တွယ်ရင် ကာကွယ်မှုယူရပါမယ်။ သတိပြုရမယ့် အချက်ကတော့ အိတ်ချ်အိုင်ဗွီပိုးဟာ အလွယ်တကူမကူးစက်နိုင်ပါဘူး။ လိင်ဆက်ဆံတာ၊ သွေးသွင်းတာ၊ ပိုးမသတ်ထားတဲ့ ဆေးထိုးအပ်တွေနဲ့ ဆေးထိုးတာတွေဆီကသာ အဓိကကူးစက်တာ ဖြစ်ပါတယ်။ 

 

၃။ HIV (အိတ်ချ်အိုင်ဗွီ) ရောဂါပိုးရှိတဲ့ လူတစ်ယောက်ဟာ ဘယ်လိုပုံစံရှိနိုင်ပါသလဲ။ 

လူတစ်ယောက်ရဲ့ ရုပ်ရည်ကိုကြည့်ပြီးတော့ အဲဒီလူမှာ အိတ်ချ်အိုင်ဗွီပိုး ရှိမရှိမပြောနိုင်ပါဘူး။ ရောဂါပိုးရှိသူအများအပြားဟာ အပေါ်ယံကြည့်ရင် ပုံမှန်ကျန်းမာနေတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ လူရဲ့ခန္ဓာကိုယ်ထဲမှာ အိတ်ချ်အိုင်ဗွီပိုးဟာ လက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ ရှိနေနိုင်ပါတယ်။ နှစ်ပေါင်း အတော်ကြာပြီး သွေးဖြူဥတွေ တော်တော်များများ ပျက်စီးသွားတော့မှ စဖျားတတ်ပါတယ်။ အဲဒီအချိန်ကျမှ ရောဂါလက္ခဏာတွေ ပေါ်လာပါမယ်။ သတိပြုရမှာကတော့ အိတ်ချ်အိုင်ဗွီပိုး ရှိမရှိ လူကိုကြည့်ရုံနဲ့ မပြောနိုင်ပါဘူး။ ကျန်းကျန်းမာမာ၊ ချောချောလှလှ၊ သန်စွမ်းတယ်လို့ ထင်ရတဲ့ လူတွေဆီမှာလည်း ရောဂါပိုးရှိနေနိုင်ပြီး အခြားလူတွေဆီကို အိတ်ချ်အိုင်ဗွီပိုး ကူးစက်နိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Unicef

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18