Print

တီဘီဆိုတာ ကြောက်ရသလား၊ ပျောက်ပါ့မလား

  28-Feb-2017
Preview Image

တီဘီရောဂါရှိတယ်လို့ ပြောလိုက်တာနဲ့ ပြန်တုံ့ပြန်တာက တီဘီဆို ကြောက်ရသလား။
ပျောက်ပါ့မလား။ ဒီနှစ်ခုက လူတိုင်းသိချင်တဲ့ မေးခွန်းဖြစ်တယ်။

တီဘီဆိုတာ တချို့ကတော့ သိဖို့လည်း မလိုဘူး၊ ဂရုလည်းမစိုက်ဘူး ဆိုတာမျိုးရှိပါတယ်။ ကိုယ်နဲ့ မပတ် သက်သရွေ့တော့ ပျော်နိုင်ပါတယ်။ ဒါပေမယ့် ပတ်သက်လာတဲ့တချိန် အန္တရာယ်ရှိပါတယ်။ တီဘီ ရောဂါ ကုနေတဲ့ ဆရာဝန်တွေကိုယ်တိုင် တီဘီရောဂါ ခံစားရနိုင်ပါတယ်။ တီဘီဆေးတွေ ပေါ်လာတယ်။ အဲဒီတော့ တီဘီရောဂါ ပျောက်သွားသင့်တာပေါ့။ ဒါပေမယ့် တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ HIV ဆိုတာ ပေါ်လာ တယ်။ HIV ပေါ်လာတော့ တီဘီ ကူးစက်တာ များလာတယ်။ ပိုလွယ်လာတယ်။ ဆေးယဉ်ပါးတဲ့တီဘီတွေ ထပ်ပေါ် လာတယ်။ ဆေးယဉ်ပါးတဲ့ တီဘီအတွက် ဆေးတွေ ထပ်ပေါ်လာတယ်။ ဒီကြားထဲမှာ စစ်ပွဲတွေဖြစ်၊ တိုက်ကြ၊ ခိုက်ကြ။ ဆေး သောက်လို့ မရဘူး၊ ဆေးတွေပြတ်ကုန်တယ်။ ရာသီဥတုတွေ ဖောက်ပြန်တယ်။ အစား အသောက်တွေ ခေါင်းပါးတယ်။ လုံးလည်ချာလည်နဲ့ လိုက်နေတယ်။ တကယ်တမ်းကျတော့ တကမ္ဘာလုံးနဲ့ ကြည့်ရင် တီဘီ ရောဂါနဲ့ပတ်သက်လို့ စိတ်ချမ်းသာစရာ မရှိသေးပါဘူး။

 

တီဘီကို ဘယ်လိုမျိုးများသိနိုင်မလဲ
တီဘီဆိုတာ နာတာရှည်ရောဂါ၊ အဆုတ်အအေးပတ်ရင်ဖြစ်တဲ့ ရောဂါလို့ ကျနော်တို့ သိခဲ့ဖူးပါတယ်။ တကယ်တော့ တီဘီက ပိုးကြောင့်ဖြစ်တယ်လို့ လက်ဆုပ်လက်ကိုင် ပြနိုင်တာက ၁၈၈၂ ခုနှစ်က ဂျာမနီ နိုင်ငံက ဓာတ်ခွဲခန်းမှာ စတင်ပြီး သိခဲ့တာပါ။ အခုဆိုရင် နှစ်ရာကျော်နေပါပြီ၊ စဖြစ်တုန်းက ပိုးကြောင့်ဖြစ်တယ်၊ ဒီပိုးကို သတ်လိုက်ရင် တီဘီပျောက်ပြီလို့ထင်ခဲ့ကြတယ်။ တီဘီကို ကမ္ဘာက နှင်ထုတ် နိုင်မယ်လို့ ထင်ခဲ့ကြတယ်။ လက်တွေ့မှာ ဒီလိုမဖြစ်ခဲ့ဘူး၊ တီဘီကူးစက်မှု ပိုပိုများလာတယ်။ ဆေးမတိုးတဲ့ တီဘီ၊ ဆေးထိုးလို့မရတဲ့တီဘီ၊ တီဘီ အပြင်းစားတွေ ဖြစ်လာတယ်ဆိုတော့ ကျနော်တို့ အထင်နဲ့အမြင် လွဲမှားနေတယ်။ 

 

တီဘီလို့ ဘယ်လို သိနိုင်သလဲဆိုရင်တော့ ဖျားမယ်၊ ရက်ရှည်လများ၊ တပတ်နှစ်ပတ်၊ တချို့လည်း ကောင်းလိုက်၊ မကောင်းလိုက်ပေါ့၊ အစားအသောက်တွေ ပျက်တယ်၊ ပိန်တယ်၊ ညဘက် ခေါင်းချွေးတွေထွက်တယ်၊ အဆုတ်တီဘီ ဖြစ်တဲ့အခါကျတော့ ချောင်းလည်းဆိုးတယ်၊ သလိပ်တွေပါတယ်၊ သွေးပါမှ တီဘီမဟုတ်ဘူး၊ သွေးမပါလည်း တီဘီဖြစ်တယ်။ချောင်းမဆိုးလည်း တီဘီဖြစ်တာပဲ၊ ဘာမှမဖြစ်ဘူးဆိုလည်း တီဘီဖြစ်နိုင်တာပဲ။ ဘာဖြစ်လို့လဲဆိုရင် တချို့လူနာတွေဆိုရင် စစ်ဆေးလိုက်မှတွေ့တာပါ၊ လက္ခဏာမပေါ်တဲ့ တီဘီရောဂါသည်တွေလည်းရှိပါတယ်။

 

တီဘီရောဂါကို ဘယ်လိုရှာမလဲ
ဘယ်ဆေးခန်းမှာမဆို ရှာဖွေနိုင်ပါတယ်။ ကျနော်တို့က ဖြစ်တဲ့နေရာမှာ မူတည်ပြီး လိုက်ရှာ ရတာဖြစ်တယ်၊ သလိပ်စစ်တယ်။ ဓာတ်မှန်ရိုက်တယ်၊ ဓာတ်မှန် မရိုက်ဘူးဆိုရင် နောက်ဆုံးပေါ်နည်းပညာတွေနဲ့ စမ်းသပ်ပါတယ်။ အသားစကိုထုတ်ပြီး စမ်းသပ်တာတွေလည်း ရှိပါတယ်။ နည်းစနစ် အကျဆုံးနဲ့ အသေချာဆုံး ပြောနိုင်တာကတော့ သလိပ်စစ်ပြီး စမ်းသပ်တဲ့ရောဂါပါ။ သလိပ်စစ်တာမှ တကယ့် အခြေခံအကျဆုံးနဲ့ အရေးပါဆုံး ဖြစ်ပါတယ်။ဓာတ်မှန်မှာပေါ်တာ နှစ်ခုပဲရှိတယ်၊ အဖြူရယ်၊ အမည်းရယ်။ ဒါဆိုရင် ဓာတ်မှန်ရိုက်ရှာတာ မသေချာဘူးပေါ့။ ဒီလိုလည်းမဟုတ်ပါဘူး။ ဆရာဝန်တယောက် အနေနဲ့ ရောဂါကိုရှာဖွေတဲ့အခါ ဓာတ်မှန် တခုတည်းကိုပဲ အားကိုးမှာမဟုတ်ပါဘူး၊ သလိပ်တခုတည်းကိုလည်း အားကိုးမှာ မဟုတ်ပါဘူး။ သူက ရောဂါ ဖြစ်ကြောင်းကုန်စင်အကြောင်း မေးမှာဖြစ်ပါတယ်၊ပြီးတော့မှ ဓာတ်မှန်ရိုက်၊ သလိပ်စစ်ပြီးတော့ ဆေးရုံ တက်ရ မယ်ဆို တက်လို့ပြောမှာပါ။ ဒီတော့မှ တီဘီ ဆေးသောက်သင့်တဲ့သူကို သောက်လို့ပြောမှာ ဖြစ်ပါတယ်။ နောက်တခုက ဆေးလိပ်၊ လူနာတယောက်ဟာ ဆေးလိပ်ကိုသောက်တဲ့အခါ အဆုတ်နဲ့ ကိုယ်ခံအား ကျဆင်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီအခါမှာ တီဘီရောဂါ ဖြစ်စေတာထက် နှစ်ဆဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါတွေ အပါအဝင် အစာအိမ်ရောဂါကြောင့် ခွဲစိတ်ထားရတဲ့ သူတွေဟာ တီဘီ ရောဂါဖြစ်ဖို့ သိပ်များပါတယ်။ 

 

XDR တီဘီ
XDR တီဘီဆိုတာ ဆေးမတိုးတဲ့ တီဘီပေါ့။ ဆေးယဉ်ပါးတီဘီ အခြေအနေက ကျနော်တို့နိုင်ငံဟာ အဆိုးဆုံး ၂၇ နိုင်ငံထဲမှာတော့ ပါပါတယ်။ အဆိုးဆုံးတော့ မဟုတ်သေးပါဘူး၊ မဟုတ်ဖို့လည်း ကျနော်တို့ ကြိုးစားနေပါတယ်။တမျိုးတည်းကို မတိုးတာ၊ နှစ်မျိုးကို မတိုးတာ။ အရေးကြီးသော နှစ်မျိုးကို မတိုးတာ။ နှစ်မျိုးအထက်ကို မတိုးတာ။ ဘာဆေးမှ မတိုးတာ။ ဒီလိုအဆင့်တွေ ကျနော်တို့ ခွဲထားတယ်။ အဲလိုခွဲထားတဲ့နေရာမှာ ဆေးမှာ စပြီးတော့ အူထဲကိုဝင်လိုက်တာနဲ့ မတိုးတဲ့ ပိုးက ဝင်လာတာလား၊ ကိုယ့်ဆီမှာကုရင်းနဲ့ ကိုယ်လုပ်လို့ပဲ ဆေးက မတိုးတော့တာလား။ ဒီလိုမျိုး ကွဲတာရှိတယ်။ ဆေးမတိုးတဲ့တီဘီဖြစ်ရင် ဘာမှပြောလို့ မရတော့ဘူးလား။ ဆရာဝန် တယောက်အနေနဲ့ကျတော့ ကုရာနတ္ထိဆေးမရှိ၊ ဒီလိုတော့လည်း မဟုတ် သေးဘူးပေါ့။ ဒါပေမယ့် သေချာတာကတော့ ဆေးများများသောက်၊ ဈေးများများ ပေးရမယ်။

 

တီဘီရောဂါ ဘယ်လိုကာကွယ်မလဲ
တီဘီက မဖြစ်တာ အကောင်းဆုံးပါပဲ။ တီဘီဟာ ချောင်းဆိုးရာကနေပြီးတော့၊ နှာချေရာကနေပြီးတော့ တီဘီရောဂါပိုး ရှိတဲ့လူရဲ့ အဆုတ်ကနေ လေထဲကိုရောက်သွားတယ်။ လေထဲရောက်သွားတဲ့အထိ ဒီပိုးဟာ သေးသေးလေးပဲရှိတယ်။ မျက်စိနဲ့ လုံးဝမမြင်ရဘူး။ လေထဲမှာ မျောနေတယ်။ ချောင်းဆိုးတဲ့သူတယောက်ရှိတာနဲ့ ကျနော်တို့ ကြောက်နေရတာပဲ။ရောဂါကူးစက်တာကို မပြန့်ပွားအောင် ကျနော်တို့ လုပ်ရမယ်။ တီဘီရောဂါသည်ကို ရှာဖွေရမယ်။ စောစောစီးစီး ရှာရမှာ။ တွေ့ပြီဆို ကုရမယ်။ တကယ့်အရင်းခံက လူနာ ဖြစ်တယ်။ ဆေးခန်းလိုနေရာ၊ လူများစုဝေးတဲ့နေရာတွေမှာ ချောင်းဆိုးမယ်ဆိုရင် ချောင်းဆိုးတဲ့သူ ကိုယ်တိုင်က အသိစိတ်က နှာခေါင်းနဲ့ပါးစပ်ကို ပိတ်ဆိုးရမယ်။ တီဘီရောဂါသည်ဆိုရင် ဆေးတွေသောက်ပါ၊ ကျန်းမာရေးကို ဂရုစိုက်ပါ၊ နှာခေါင်းစည်းတွေကို အသုံးပြုပါ။ တီဘီကို ကမ္ဘာကနေ ကန်ထုတ်လိုက်ချင်တာ။ အဲဒီအခြေအနေရောက်အောင် တိုက်ပွဲကို ပြင်းပြင်းထန်ထန် ဆင်နွှဲရမှာဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဧရာဝတီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18