Print

လူကိုကူးစက်တတ်သော Rota Virus

  28-Feb-2017
Preview Image

 

ဒီအပတ် ကူးစက်ကဏ္ဍအတွက် ကလေးငယ်တွင် ကူးစက်တတ်သည့် Rota Virus အကြောင်း တင်ပြထားပါတယ်။ Rota Virus သည် နို့စို့ကလေးများနှင့် ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ပြင်းထန်စွာဖြစ်စေသော ဗိုင်းရပ်စ်ဖြစ်သည်။ ယင်းသည် RNA ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး Rota Virus အုပ်စုထံမှာ ပါဝင်သည်။ ကမ္ဘာပေါ်ရှိ ကလေးငယ်များတိုင်း အသက်ငါးနှစ်အရွယ်တွင် ရိုတာဗိုင်းရပ်စ်ရောဂါ ကျရောက်မှုကို အနည်းဆုံး တစ်ကြိမ်မျှ ခံစားဖူးကြသည်။ ရောဂါပိုး တစ်ကြိမ်ကျ ရောက်ပြီဆိုလျှင် ကိုယ်ခံအားရလာသောကြောင့် နောက်ထပ် Rota Virus infection ထပ်ဝင်သောအခါ ပြင်းထန်ဆိုးရွားခြင်း မရှိတော့ပေ။ အရွယ်ရောက်ပြီးသော လူများတွင် ရောဂါဖြစ်ပွားလေ့ မရှိ။ Rota Virus တွင် မျိုးကွဲပေါင်း (၅) ခုရှိသည်။ မျိုးကွဲ A, B, C, D နှင့် E တို့အနက် Rota Virus A သည် အများဆုံးတွေ့ရသော မျိုးကွဲဖြစ်ပြီး လူတွင်ဖြစ်ပွားသောရောဂါ၏ ၉၀% မှာ ထိုမျိုးကွဲကြောင့်ဖြစ်သည်။ 

 

Faecal-oral route ကနေ ကူးစက်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတဲ့အထဲမှာ ပါလာတဲ့ ဗိုင်းရပ်စ်တွေဟာ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကြောင့် အစားအစာတွေထဲရောက် သွားရင် ရောဂါကူးစက်နိုင်တာပါ။ Rota Virus သည် အူသိမ်နံရံတစ်လျှောက်ရှိ ဆဲလ်များကို ရောဂါကျရောက်ကာ ပျက်စီးစေပြီး အစာအိမ်နှင့် အူလမ်းကြောင်းရောင်ခြင်းကို ဖြစ်စေသည်။ ဤရောဂါကို တစ်ခါတစ်ရံ Stomach flu ဟုလည်းခေါ်ကြသည်။ Rota Virus ကို (၁၉၇၃) ခုမှ စတင်တွေ့ရှိခဲ့သည်။ နို့စို့ကလေးများနှင့် ငယ်ရွယ်သောကလေးများမှာ ဝမ်းပျက်ဝမ်းလျှောလျှင် ၅၀% က ဤဗိုင်းရပ်စ်ကြောင့် ဖြစ်ရသည်။ ရောဂါဖြစ်ပွားသော ကလေးများ၏ ၅၀% သည် ဆေးရုံတက်၍ ကုသမှု ခံယူရသည်။ သို့သော် ဤရောဂါသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်သူ့ကျန်းမာရေးရှုထောင့်၌ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးပေ။ Rota Virus သည် တိရစ္ဆာန်များတွင်လည်း ရောဂါကျရောက်တတ်လေရာ လူတို့၏ ကျန်းမာရေးအတွက် ဂရုပြုသင့်ပါသည်။

 

ရောဂါလက္ခဏာများမှာ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အဖျားနည်းနည်းရှိတာ တွေ့ရမယ်။ ကလေးတစ်ယောက်ဟာ ဒီရောဂါပိုးဝင်ပြီး နှစ်ရက်ကြာတာနဲ့ ရောဂါလက္ခဏာတွေ ပေါ်လာတော့တယ်။ အစပိုင်းမှာ အော့အန်ပြီး လေးရက်မှ ရှစ်ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောတာ တွေ့ရပါတယ်။ တခြား ဘက်တီးရီးယားတွေကြောင့် ဝမ်းပျက်ဝမ်းလျှောတာထက် Rota Virus ကြောင့် ဖြစ်ရင် ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးမှုက ပိုပြီးဆိုးရွားတယ်။ အဲဒါကြောင့်ပဲ အသက်ဆုံးရှုံးရတတ်ပါတယ်။ Rota Virus A ရောဂါကျရောက်မှုသည် ပထမဆုံးအကြိမ်တွင် ရောဂါလက္ခဏာပြတတ်သော်လည်း နောက်ထပ်ရောဂါပိုး ဝင်ရောက်လျှင် လက္ခဏာ မပြတော့ပေ။ ခန္ဓာကိုယ်ထဲမှ ခုခံအား ထွက်လာသောကြောင့်အထိုက်အလျောက် ကာကွယ်မှုရစေသည်။ အသက် နှစ်နှစ်အောက် ကလေးများတွင် ရောဂါလက္ခဏာအများဆုံးပြပြီး အသက်ကြီးလာသည်နှင့်အမျှ ရောဂါလက္ခဏာပြမှု နည်းသွားသည်။ မိခင်ထံမှ ကိုယ်ခံအား ရရှိလာခဲ့သော ကလေးများသည် Rota Virus ကြောင့် ရောဂါကျရောက်မှု မရှိပေ။

 

ရောဂါပိုး ပါသောလက်များ၊ အရာဝတ္ထုများ၊ မျက်နှာပြင်မှတဆင့် ရောဂါကူးစက်တတ် သည်။ ရောဂါဖြစ်နေသော လူ၏အညစ်အကြေး တစ်ဂရမ်တွင် Rota Virus အရေအတွက် ၁၀ ထရီလီယမ် ထက်ပိုမို၍ ပါဝင်သည်။ ဗိုင်းရပ်အရေအတွက် ၁၀၀ အောက်ရှိလျှင်ပင် အခြားလူတစ်ဦးသို့ ရောဂါကူးစက်နိုင်သည်။ ကုသမှုအနေဖြင့် အဓိကကတော့ ခန္ဓာကိုယ်ရေဓာတ် ထိန်းသိမ်းဖို့ ဦးစားပေးပြီး ကုကြတယ်။ မကုသဘဲ ဒီအတိုင်းထားတဲ့ ကလေးတွေဟာ ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်လို့ အသက်ဆုံးရတယ်။ ကလေးက ဘယ်လောက်အထိ ဝမ်းပျက်နေသလဲဆိုတာကို ကြည့်ပြီး ပါးစပ်က ဓာတ်ဆားရည်တိုက်တာ၊ သကြားနဲ့ဆားနဲ့ဖျော်ပြီး တိုက်တာတွေလည်းရှိတယ်။ ဆေးရုံတင်ထားသော ကလေးငယ်များအနက် အခြေအနေ ဆိုးဝါးသော ကလေးငယ်များကို သွေးကြောထဲသို့ ဓာတ်ဆားရည် သွင်းပေးခြင်း၊နှာခေါင်းပိုက်မှ တစ်ဆင့် ဓာတ်ဆားရည်ထည့်ပေးခြင်း တို့ဖြင့် ကုသကြသည်။ Rota Virus infection တွင် အခြားသော ဘက်တီးရီးယားများ ထပ်မံဝင်ရောက်မှုမရှိသောကြောင့် ကုသမှု ခံယူပြီးသော ကလေးငယ်သည် ပြန်လည်ကျန်းမာသွားလေ့ရှိပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာခင်စန်းမော်
Health for all magazine, April 2013, Pg. 151

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18