Print

ဆေးကြောင့်ဖြစ်သော အသည်းရောင်ခြင်း

  28-Feb-2017
Preview Image

 

"တန်ဆေးလွန်ဘေး" ဟူသော မြန်မာဆိုးရိုးစကားတစ်ခုရှိပါတယ်။ ရောဂါပျောက်ကင်းရန် ကုသရာတွင် အသုံးပြုရသော ဆေးဝါးများသည်ပင်လျှင် ဆေးအချိန်အဆ မှားယွင်းလွန်ကဲစွာပေးမိပါက လူနာ၏ အသက်ကို ကယ်တင်ရာ မရောက်ဘဲ ဘေးအန္တရာယ် ဖြစ်စေနိုင်သည်
ဟု ဆိုလိုရင်းဖြစ်ပါသည်။ ယနေ့ကာလတွင် အနောက်တိုင်းဆေး western medicine ၊တိုင်းရင်းဆေး Traditional medicine၊ ဆေးဝါးနွယ်ဝင် သစ်ပင်၊ သစ်ရွက်၊ သစ်ဖုများမှပြုပြင်ထားသော ဆေးများ herbal medicine၊ ပုံမှန်ကုသနည်းများနှင့် ဆက်နွယ်ပြီး တစ်နည်းတစ်လမ်း စမ်းသပ်ထားသော ဆေးကုသမှုစနစ် Alternative medicines စသည်ဖြင့် ကုသနည်း မြောက်များစွာအတွက် အသုံးပြုနေသော ဆေးဝါးများ ထောင်သောင်းချီပြီး ရှိနေပြီဖြစ်ပါသည်။ ဤမျှ များပြားလှသော ဆေးဝါးများသည် သုံးစွဲသူအတွက် အကျိုး များသော အားသာချက်များ ရှိသလို ဒုက္ခပေးနိုင်သော ဘေးထွက်ဆိုးကျိုးများလည်း ရှိနေနိုင်ပါသည်။ 

 

"သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး"ဟု ဆိုသကဲ့သို့ တတ်ကျွမ်းနားလည်သူ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၏ လက်တွင် ထားရှိ၊ သုံးစွဲသင့်သော အန္တရာယ်များသည့် ဆေးဝါးများလည်းရှိပါသည်။ ထို့အတွက်ကြောင့် `ဆေး´ ဟုဆိုလျှင် ဘာဆေးပဲဖြစ်ဖြစ်ပေါ့ပေါ့တန်တန် သဘောမထားဘဲ စနစ်တကျ သိကျွမ်းနားလည်မှ အသုံးပြုသင့်ပါသည်။ ယနေ့အချိန်ကာလတွင် ဆေးဝါးများကြောင့်ဖြစ်သော အသည်းရောင်ခြင်းရောဂါသည် အရေးကြီးသော ကျန်းမာရေး ပြဿနာတစ်ခုအဖြစ် တည်ရှိလာပြီဖြစ်ပါသည်။ ဆေးတော်တော်များများသည် ခနွာကိုယ် အတွင်း ရောက်ရှိလာပါက အသည်းထဲတွင် metabolism ပြုပြင်ပြောင်းလဲပြီး ကျောက်ကပ်မှ တစ်ဆင့် ပြန်လည်စွန့်ထုတ်လေ့ရှိပါသည်။ ထို့ကြောင့်
ဆေးတစ်ခုခု၏ အန္တရာယ်ကို ပထမဆုံး တွေ့ထိရသော အသည်းသည် မကြာခဏ ဖျက်ဆီးခံရပြီး အသည်းရောင်ခြင်း ဖြစ်လေ့ရှိသည်။ ဆေးဝါးနှင့် ဆက်နွယ်၍ဖြစ်ရသော အသည်းပျက်စီးခြင်းသည် အမေရိကန်နိုင်ငံ၏ အဖြစ်အများဆုံး အသည်း အလုပ်မလုပ်
နိုင်ခြင်း အကြောင်းတစ်ခု ဖြစ်လာပါသည်။ ဤအကြောင်းကြောင့် တချို့သော ဆေးဝါးများကို ဆေးဝါးဆေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းခဲ့ရသည်များလည်း ရှိလာပါသည်။

 

ဆေးဝါးပစ္စည်းတစ်ခုသည် အသည်းကို ထိခိုက်ပျက်စီးစေတော့မည်ဆိုလျှင် မူရင်း ဓာတ်သဘာဝ မတည့်ခြင်း Idiosyncratic reaction ကြောင့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် သုံးနေကျ ဆေး၏ အချိန်အဆကို ပိုမိုပေးမိခြင်း dose-related reaction များကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဥပမာ ပါရာစီတမောဆိုသော အကိုက်အခဲပျောက်ဆေးကိုတစ်နေ့တစ်လုံး၊ နှစ်လုံးသောက်ပါက အန္တရာယ် မရှိသော်လည်း အလုံး ၂၀၊ ၃၀ ကို တစ်ပြိုင်နက် သောက်ခဲ့လျှင် အသည်းပျက်စီးမှုနှင့် ကြုံရတတ်ပါသည်။ တချို့သောဆေးများ ဥပမာ - Sulphur ပါသော ဆေးများက အသည်းနှင့်မတည့်လျှင် ဆေးနည်းနည်းပဲ ဝင်ပါစေဦးတော့ ပြင်းထန်သော ဖောက်ပြန်မှုတွေ ရှိလာနိုင်ပါတယ်။ အသည်းကို ထိခိုက်နိုင်သော
ဆေးဝါးများအနက် အမေရိကန်မှာ ပြုလုပ်ခဲ့သော သုတေသနစာတမ်းများအရ ဘက်တီးရီးယား ပိုးသတ်ဆေးများ antibiotics များသည် အဖြစ်အများဆုံး ဆေးများဖြစ်တာကို တွေ့ရပါသည်။ အသည်းပျက်စီးသော antimicrobials များအနက် amoxicillin နှင့် clavulanic acid ပူးတွဲထားသော ဆေးများကလည်း ထိပ်တန်းမှရှိနေပါသည်။ 

 

အာရုံကြောများက ၁၅ ရာခိုင်နှုန်းခန့် ရှိပြီး အကိုက်အခဲပျောက်ဆေး၊ သွေးကျဆေး များကြောင့် ငါးရာခိုင်နှုန်းခန့်မှာ အသည်းပျက်စီးမှု ဖြစ်စေပါသည်။ တီဘီကုသဆေးများ ကလည်း အဖြစ်အများဆုံး အသည်းကို ထိခိုက်စေသော စာရင်းဝင်များဖြစ်ပါသည်။ တိုင်းရင်းဆေးများ တရုတ်ပြည်တွင်းသုံး ဆေးများ၊ အရွက်၊ အခေါက်၊ အပြုတ်များကြောင့် အသည်းထိခိုက်သည့် ကိစ္စများမှာလည်း ခုနစ်ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ပါသည်။ ဆေးဝါးများကြောင့် အသည်းရောင်ခြင်းသည် ခက်ခဲသော ရောဂါတစ်ခုဖြစ်ပြီး တစ်ခြားသော အသည်းထိခိုက်စေနိုင်သော အဖြစ်အပျက်အားလုံးကို စနစ်တကျ ဖယ်ရှားပြီးမှသာ ဆေးဝါးကြောင့် အသည်းရောင်ခြင်းဟု ခေါင်းစဉ်တပ်နိုင်မည် ဖြစ်ပါတယ်။ ရောဂါအမည်တပ်ရခက်ခဲ
သလို ရောဂါကုသရာတွင်လည်း ခက်ခဲပါတယ်။ 

 

လူနာရဲ့ ရောဂါရာဇဝင်ကိုသေချာစွာ တူးဖော်စူးစမ်းပြီးမှ ဘယ်ဆေးကြောင့် ဖြစ်ရတယ် ဆိုတာကို ရှာဖွေရမှာဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ဆေးကို သိပြီး အဲဒီဆေးကိုချက်ချင်းရပ်ပစ်လိုက်တာဟာ ရောဂါကုသမှုစနစ်ရဲ့ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒုက္ခပေးနေတဲ့ အရာကို ချက်ချင်းရပ်လိုက်ရင် အသည်းဟာပြန်ပြီး နာလန်ထူလာမယ်။ သူ့အတွက် အားဖြည့်ဆေးလောက်ပဲ လိုအပ်ပါတယ်။ အချိန်တန်လို့ မကောင်းလာရင်(သို့)တစ်ရက်ထက်တစ်ရက် ပိုဆိုးလာမယ်ဆိုရင်တော့ အသည်းအစားထိုး ကုသခြင်းကလွဲလို့ တစ်ခြားနည်းလမ်း မရှိပါဘူး။ ဒါကြောင့် ဆေးဝါးကြောင့်ဖြစ်တတ်တဲ့ အသည်းပျက်စီးတာကို သတိပြုမိပြီး ဘာဆေးပဲဖြစ်ဖြစ် အရမ်းသုံးစွဲခြင်းကို ရှောင်ရှားဖို့ တိုက်တွန်းတင်ပြအပ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ပါမောက္ခဒေါက်တာ ဦးဝင်းနိုင်
(အသည်းရောဂါအထူးကုဆရာဝန်ကြီး)
Health for all magazine, August 2016, Pg. 80

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18