Print

အေအိုင်ဒီအက်စ်ရဲ့ ရောဂါလက္ခဏာများ

  28-Feb-2017
Preview Image

 

အေအိုင်ဒီအက်စ်ရဲ့ အဓိကလက္ခဏာတွေကတော့ 
- ကိုယ်အလေးချိန် (၁၀) ရာခိုင်နှုန်းထက် ပိုလျော့ကျခြင်း၊ ပိန်ကျသွားမယ်ပေါ့။ (ဥပမာ အစကပေါင် ၁၀၀ ရှိတဲ့လူဟာ အခုပေါင် ၉၀ အောက်ပဲရှိမယ်။)
- တစ်လထက်ပိုပြီး ဝမ်းဆက်တိုက်သွားခြင်း
- တစ်လထက်ပိုပြီး အဖျားဆက်တိုက် တက်နေခြင်း

 

အေအိုင်ဒီအက်စ်ရဲ့ သာမညလက္ခဏာတွေကတော့
- တစ်လထက်ပိုပြီး ချောင်းဆိုးခြင်း
- ရေယုန်များ ခန္ဓာကိုယ်အနှံ့ပေါက်ခြင်း
- အကျိတ်များ တစ်ကိုယ်လုံးအနှံ့အပြားထွက်ခြင်း
- ပါးစပ်ထဲမှာ မှက်ခရုများထွက်ခြင်း
- တစ်ကိုယ်လုံး အရေပြားယားယံရောင်ရမ်းခြင်းတို့ ဖြစ်ပါတယ်။

 

ကလေးတွေမှာ ရောဂါဖြစ်ရင် ကလေးအသက်(၈)လခန့်မှ ရောဂါလက္ခဏာတွေစပေါ်လာပါတယ်။ တစ်ခါတစ်လေလည်း မွေးစအချိန်ကတည်းက စတင်ပေါ်ပါတယ်။ 

- ကလေးကြီးထွားမှုမရှိခြင်း၊ ကြီးထွားမှုနှေးကွေးခြင်း၊
- အသည်း၊ ဘေလုံး၊ အကျိတ်များကြီးထွားနေခြင်း၊
- မကြာခဏဖျားနာခြင်း၊ ကူးစက်ရောဂါများ ခံစားရခြင်းစတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ 

 

အိတ်ချ်အိုင်ဗွီပိုး ရှိတယ်လို့ သေချာရင်ဖြစ်ဖြစ်၊ ရောဂါပိုးရနိုင်တဲ့ အပြုအမှုလုပ်ခဲ့မိလို့ ကိုယ့်မှာ အိတ်ချ်အိုင်ဗွီပိုးရှိတယ်လို့ သံသယဝင်နေရင် ဖြစ်ဖြစ်၊ သူများဆီက တစ်ခြား ရောဂါတွေ ကိုယ့်ဆီမရောက်အောင် ဂရုစိုက်နေထိုင်သလို မိမိရဲ့ အိတ်ချ်အိုင်ဗွီရောဂါပိုး  ဟာ သူတစ်ပါးဆီကိုထပ်မံ ကူးစက်မသွားအောင် ပြုမူနေထိုင်ရပါမယ်။လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ ဆေးထိုးအပ် ဆေးထိုးပြွန်နဲ့ အရေပြားဖောက်တဲ့ ပစ္စည်းတွေကိုတစ်ခြားသူနဲ့ မျှဝေသုံးတာကို ရှောင်ပါ။ သွေးမလှူပါနှင့်။ မျက်ကြည်လွှာလှူတာ၊ တစ်ခြားကိုယ်အင်္ဂါ အစိတ်အပိုင်းလှူတာကိုလည်း ရှောင်ရပါမယ်။

 

အိတ်ချ်အိုင်ဗွီပိုး ရှိသူတစ်ယောက်အနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာ၊ လတ်ဆတ်တဲ့ အစာတွေကိုစားပါ။ ငါး၊ အသား၊ အသည်းစတဲ့ အသားဓာတ်တွေ၊ ထမင်း၊ ဂျုံ၊ ပေါင်မုန့် စတဲ့ ကစီဓာတ်တွေ၊ အသီးအရွက်စတဲ့ ဗီတာမင်ဓာတ်ပါတဲ့ အစားအသောက်တွေကို အလေးထားပြီးစားပါ။ ဆေးလိပ်၊ အရက်၊ ရှောင်ပါ။ မျှော်လင့်ချက်ထားပါ။ အကောင်းဘက်ကိုတွေးပါ။ စိတ်ဓာတ်မကျပါနှင့်။ စိတ်ပျော်အောင်နေပါ။ ပင်ပင်ပန်းပန်း လုပ်ရတဲ့အလုပ်ကို မလုပ်ပါနှင့်။ အိပ်ရေးဝအောင်အိပ်ပါ။ သင့်တော်တဲ့ ကိုယ်ကာယ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ ဘာသာရေးကိုင်းရှိုင်းပါ။ တရားထိုင်ပါ။ အများအကျိုးရှိမယ့် အလုပ်တွေလုပ်ပါ။ မိသားစု၊ သူငယ်ချင်းတွေနဲ့ မှန်မှန်တွေ့ဆုံပြီး စကားပြောပါ။ သူတို့ရဲ့ အားပေးမှုကို ခံယူပါ။ ဆရာဝန် လမ်းညွှန်တဲ့အတိုင်း လိုက်နာပါ။ ဒီလိုနေမယ်ဆိုရင် တစ်ခြားနောက်ဆက်တွဲရောဂါတွေ အဖြစ်နည်းပြီး အသက်ရှည်ရှည် နေနိုင်ပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Unicef
Health for all magazine, June 2016, Pg.131

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18