Print

HIV ရောဂါပိုးရှိမရှိ သွေးစစ်ခြင်း

  28-Feb-2017
Preview Image

 

ရောဂါပိုးရှိမရှိ ဘယ်လိုသိရှိနိုင်ပါမလဲ

၁။ ရောဂါပိုးရှိမရှိသိနိုင်တဲ့ တစ်ခုသောနည်းလမ်းများ 

ဆရာဝန်နဲ့ ဆွေးနွေးပြီး သွေးအစစ်ခံခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ကြည့်ခြင်းဖြင့်လည်းကောင်း၊ ယောကျ်ားအင်္ဂါ (သို့မဟုတ်) မိန်းမအင်္ဂါကို စစ်ဆေးခြင်းဖြင့် လည်းကောင်း၊ ဆီးစစ်ခြင်းဖြင့် လည်းကောင်း၊ ရောဂါအသွင်လက္ခဏာကို ကြည့်ရှုခြင်းဖြင့် လည်းကောင်း၊ ရောဂါပိုးရှိမရှိ မသိနိုင်ပါဘူး။ သွေးမစစ်ခင်မှာ သွေးစစ်တာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နှစ်သိမ့်ဆွေးနွေးပညာပေး အဖွဲ့နှင့် ဖြစ်စေ၊ ဆရာဝန် နဲ့ဖြစ်စေ ဆွေးနွေးတိုင်ပင်ရပါမယ်။

 

၂။ လူတစ်ယောက်ကို အိတ်ချ်အိုင်ဗွီပိုးရှိမရှိ သွေးစစ်ကြည့်လို့ ပိုးမရှိဘူးဆိုရင် စိတ်ချရပြီလား။

လုံးဝစိတ်မချရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အိတ်ချ်အိုင်ဗွီပိုး မရှိပေမယ့် နောက် တစ်နေ့ အပျော်အပါး လိုက်စားရင် ရောဂါပိုးကူးစက်နိုင်သေးတာကြောင့် ဖြစ်ပါတယ်။ အဲဒီလူရဲ့ အပြုအမူပေါ်မှာ မူတည်နေပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ထဲ ကို ရောဂါပိုးဝင်ခါစမှာ သွေးစစ်ရင်ချက်ချင်း မပေါ်ပါဘူး။ သုံးလလောက် စောင့်ရပါတယ် ။ သွေးအဖြေဟာ လွန်ခဲ့တဲ့ သုံးလမတိုင်ခင်က အခြေအနေကိုပဲ ပြပါတယ်။ ဥပမာ ဇူလိုင် ၁ ရက်နေ့မှာ သွေးအဖြေက ရောဂါပိုးမရှိဘူးလို့ပြရင် အဓိပ္ပါယ်က မတ်လ ၃၁ ရက်နေ့အထိ ဒီလူမှာရောဂါ ပိုးမရှိဘူးလို့ ဆိုလိုပါတယ်။ ဧပြီ၊ မေ၊ ဇွန်လ တစ်လလမှာ ရောဂါပိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံခဲ့ရင်၊ ရောဂါပိုး မသန့်စင်တဲ့ ဆေးထိုးအပ်ကို သုံးခဲ့ရင် ရောဂါပိုးရှိတဲ့ သွေးကို သွင်းမိခဲ့ရင် ဇူလိုင် ၁ ရက်နေ့မှာ သွေးစစ်လို့ မပေါ်နိုင်သေးပါဘူး။

 

၃။ အိတ်ချ်အိုင်ဗွီပိုး ရှိနေပေမယ့် သွေးစစ်တဲ့အခါ လာဖြစ်လို့ချက်ချင်း မသိနိုင်တာလဲ။

အိတ်ချ်အိုင်ဗွီပိုး ရပြီးသူတွေရဲ့ သွေးထဲမှာ ဒီပိုးကို တန်ပြန် တိုက်ဖျက်ဖိ်ု့ ထုတ်ထားတဲ့ ပစ္စည်းတစ်မျိုးရှိပါတယ်။ အဲဒါကို `ပဋိပစ္စည်း´ ခေါ်ပါတယ်။ ဒီပဋိပစ္စည်းဟာ ရောဂါပိုးကို ကိုယ်စားပြုတဲ့သင်္ကေတ ဖြစ်ပါတယ်။ အိတ်ချ်အိုင်ဗွီပိုး ရှိမရှိသွေးစစ်တယ်ဆိုတာ ဒီပဋိပစ္စည်းဟာ ရောဂါပိုးခန္ဓာကိုယ်ထဲ ရောက်ပြီးသုံးလလောက်ကြာမှ သွေးမှာပေါ်ပါတယ်။ ဒါကြောင့် ရောဂါပိုးဝင်ပြီးပြီးချင်း သွေးစစ်ရင် ရောဂါပိုးရှိမရှိ မသိနိုင်တာပါ။ 

 

၄။ အမျိုးသားနဲ့ အမျိုးသမီး အိမ်ထောင်မပြုခင် နှစ်ယောက်စလုံး သွေးစစ်သင့်ပါသလား။

တစ်ယောက်မှာ ရောဂါပိုးရှိနေရင် နောက်တစ်ယောက်ကို မကူးအောင် ကြိုတင် ကာကွယ်နိုင်မှာမို့ သွေးစစ်သင့်ပါတယ်။ သွေးစစ်ပြီးတဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ရအောင် သွေးမစစ်ခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့သော် လည်းကောင်း ၊ နှစ်သိမ့်ဆွေးနွေး ပညာပေးအဖွဲ့နှင့်သော်လည်းကောင်း၊ အကြေအလည် တိုင်ပင်ဆွေးနွေးပြီး သွေးအစစ်ခံကြဖို့ အရေးကြီးပါတယ်။ 

 

၅။ သွေးစစ်ကြည့်ပြီး အိတ်ချ်အိုင်ဗွီပိုး ရှိနေတာသိရင် ဘာဆက်လုပ်ရပါမလဲ။

အိတ်ချ်အိုင်ဗွီပိုး ရှိနေပြီလို့သိလိုက်တာနဲ့ ထိတ်လန့်မသွားပါနဲ့။ မကြာခင်သေရတော့ မှာပဲလို့ တွေးပြီး စိတ်ဓာတ်မကျပါနဲ့။ အိတ်ချ်အိုင်ဗွီပိုးရှိတာနဲ့ ချက်ချင်းအေအိုင်ဒီအက်စ် မဖြစ်ပါဘူး။

 

• ရောဂါပိုးရှိနေတာကို လူတကာပြောပြဖို့လည်း မလိုပါဘူး။ မိသားစုထဲကဖြစ်ဖြစ် ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ကိုရင်ဖွင့်ပါ။ ဆွေးနွေးတိုင်ပင်ပါ။ သူ့ရဲ့နှစ်သိမ့် အားပေးမှုကိုခံယူပါ။ 
• ဆရာဝန်၊ ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါအကြောင်း ပိုနားလည်အောင် ကြိုးစားပါ။

 

၆။ အိတ်ချ်အိုင်ဗွီပိုးရှိသူကို အေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေပြီလို့ ပြောလို့ရပါသလား။

အိတ်ချ်အိုင်ဗွီပိုးရှိသူကို အေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေပြီလို့ ပြောလိုမရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူရဲ့ခနွာကိုယ်ထဲမှာ အိတ်ချ်အိုင်ဗွီပိုးရှိနေပေမယ့် ရောဂါလက္ခဏာ မပြသေးတော့ လူကောင်းတစ်ယောက် လိုပါပဲ။ ဖျားတဲ့ နာတဲ့လက္ခဏာ လုံးဝမရှိဘဲ သာမန်လူကောင်းတစ်ယောက်လို သွားလာလှုပ်ရှား အလုပ်လုပ်နိုင်ပါတယ်။ 

 

ဒါပေမယ့် အိတ်ချ်အိုင်ဗွီပိုး ရှိနေတဲ့အတွက် သူကနေတစ်ဆင့် ရောဂါပိုးတွေ ကူးနိုင်တယ်။ အဲဒီလူကို `အိတ်ချ်အိုင်ဗွီပိုး သယ်ဆောင်သူ´ လို့ ခေါ်ပါတယ်။ အိတ်ချ်အိုင်ဗွီပိုး ရှိနေပေမယ့် ချက်ချင်းအေအိုင်ဒီအက်စ် မဖြစ်ပါဘူး။ ပိုးဝင်ပြီး နှစ်တော်တော်ကြာမှ သွေးဖြူဥတွေပျက်စီး၊ ကိုယ်ခံအားတွေကျဆင်းလာပြီး တခြားရောဂါပိုးတွေ ခနွာကိုယ်ကိုဝင်ရောက် ခုက္ခပေးတဲ့ အခါကျမှသာ ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ အဲဒီအဆင့်ကို ရောက်မှသာ `အေအိုင်ဒီအက်စ်´ လို့ခေါ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Unicef
Health for all magazine, May 2016, Pg. 117-118

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18