Print

သတိလက်လွှတ်မနေသင့်သော နှလုံးရောဂါဆိုင်ရာ လက္ခဏာများ

  24-Feb-2022
Preview Image

စာဖတ်သူ အသက်ခြောက်ဆယ်ကျော်ပြီလား၊ ခန္ဓကိုယ် ဝဖြိုးနေသလား။ ဆီးချို၊သွေးတိုးရှိသလား။ သွေးအတွင်း အဆီဓာတ်များနေသလား။ ဒါဆိုလက္ခဏာများကို အလေးဂရုပြုပါ။ နှလုံးရောဂါတွေဟာ သဲလွန်စမပြဘဲ ရုတ်တရက် ဖောက်လာတတ်ပါတယ်။

 

သတိထားရမယ့် လက္ခဏာတွေကတော့

၁။ ရင်ထဲတစ်မျိုးတစ်မည် ခံစားလာရခြင်း

 

အဖြစ်များတဲ့ နှလုံးပြဿနာရဲ့ လက္ခဏာပါ။ နှလုံးသွေးကြောကျဉ်းသူတွေ၊ နှလုံးရောဂါ ဖောက်တော့မယ်သူတွေမှာ ခံစားရတတ်ပါတယ်။ ရင်ထဲအောင့်လာခြင်း၊ ရင်ဘတ်ထဲ ဆုပ်ဆွဲထားသလို တင်းကျပ်လာခြင်း၊ ဒါမှမဟုတ် ရင်ဘတ်ကို လေးသောအရာဖြင့် ဖိထားသလိုပဲလို့ ဆိုကြပါတယ်။ အချို့ကျတော့ ရင်ဘတ်ကို ဖိညှစ်ထားသလိုပဲလို့ ဆိုကြပါတယ်။ အချို့က ရင်ထဲမီးစနဲ့ ထိုးထားသလို ပူလောင်နေတယ်လို့ သူတို့ခံစားရတာကို ပုံဖော်တတ်ကြတယ်။ လှုပ်ရှားမှုပြုနေစဉ် ဖြစ်တတ်သော်လည်း အချို့မှာ နားနေစဉ်မှာပင် ခံစားရတတ်ပါတယ်။

 

၂။ ရင်ဘတ်အောင့်ခြင်းဟာ ဘယ်ဘက်လက်တစ်လျှောက် ပျံ့သွားခြင်း

 

နှလုံးရောဂါဖောက်ခြင်းရဲ့ ဖြစ်ရိုးဖြစ်စဉ် ဝေဒနာပါ။ ရင်ဘတ်အောင့်ခြင်းနဲ့ စတင်ပြီး နာကျင်မှုဟာ အပြင်ဘက်ပြန့်ထွက်လာကာ ဘယ်ဘက်ပခုံးနဲ့ လက်တစ်လျှောက် ခံစားရလာတတ်ပါတယ်။

 

၃။ အစာမကျေခြင်း၊ ရင်ပူခြင်း၊ ပျို့ခြင်း
 

အချို့လူနာတွေမှာ နှလုံးရောဂါဖောက်မှု အစပျိုးနေစဉ် အဆိုပါခံစားမှုများ ဖြစ်ပွားတတ်ပါတယ်။ အချို့ဆို အန်တဲ့အထိပင် ဖြစ်တတ်ပါတယ်။ ပြတဲ့ရောဂါလက္ခဏာဟာ အစာအိမ် (အစာလမ်းကြောင်း) နဲ့ ဆိုင်နေသလို ဖြစ်နေတဲ့အတွက် နှောင့်နှေးကြန့်ကြာမှု ဖြစ်သွားမှာ စိုးရိမ်ရပါတယ်။ အထူးသဖြင့် ဒီလက္ခဏာတွေကို အမျိုးသမီးတွေမှာ အပြများပါတယ်။

 

၄။ ခေါင်းမူးဝေလာခြင်း

 

ရုတ်တရက် မူးဝေယိုင်လာခြင်း ရင်ဘတ်ထဲတစ်မျိုးတစ်မည် ခံစားရခြင်း၊မောလာခြင်း၊ စတာတွေဖြစ်ခဲ့ရင် ဆေးရုံ၊ ဆေးခန်း အမြန်ပြသဖို့ လိုပါတယ်။နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်တော့လို့ သွေးပေါင်ကျဆင်းလာတဲ့အတွက် ဖြစ်နိုင်ပါတယ်။

 

၅။ အလွယ်တကူ နွမ်းနယ်လာခြင်း

 

ပုံမှန်လုပ်နေကျအလုပ်ကို လုပ်သည့်တိုင် အရင်က မမောမပမ်းပေမယ့် အခုအခါ နွမ်းနယ်လွယ်တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ လှေကားတက်တာမျိုး၊ ဈေးဝယ်လာတဲ့ အထုပ်ကို အိမ်တွင်းသယ်မ လာတာမျိုးပါ။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

၆။ အိပ်ပျော်နေစဉ် ဟောက်၍အသက်ရှူရပ်ခြင်း

 

ဟောက်နေရင်း အသက်ရှူရပ်သွားတာမျိုး (Sleep Apnea) ကိုတော့ သတိထားဖို့လိုပါတယ်။ အိပ်ပျော်နေစဉ်ဟောက်ရင်း အသက်ရှူရပ်တာ တစ်ညအတွင်း ခဏခဏဖြစ်နေရင် နှလုံးကိုဒဏ်ပိစေပါတယ်။ နှလုံးရောဂါရှိသူတွေအတွက် သတိထားရမယ့် လက္ခဏာပါ။

 

၇။ ချွေးအေးထွက်ခြင်း

 

မအိုက်ဘဲ အကြောင်းမဲ့ ချွေးအေးတွေ ထွက်လာခဲ့ရင် နှလုံးရောဂါ ဖောက်နိုင်တဲ့ လက္ခဏာပါ။ အခြား လက္ခဏာတွေနဲ့အတူ ဖြစ်လာပြီဆိုရင် ဆေးရုံကို ချက်ချင်းသွားရောက်ပြသဖို့ လိုပါတယ်။

 

၈။ ချောင်းကြာကြာဆိုးခြင်း

 

ချောင်းအချိန်ကြာဆိုးပြီး ပန်းရောင်ချွဲတွေ ထွက်လာမယ်ဆိုရင်တော့ နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက် လက္ခဏာဖြစ်တတ်ပါတယ်။ နှလုံးက သွေးများကို ရှေ့တိုးညှစ်ထုတ်နိုင်စွမ်း ကျဆင်းလာတဲ့အတွက် အဆုတ်မှာ သွေးအနေများလာပြီး အသက်ရှူလမ်းကြောင်းအတွင်း သွေးစိမ့်ထွက်လာတာ ဖြစ်တတ်ပါတယ်။ ချွဲအတွင်း သွေးအနည်းငယ်ပါတဲ့အတွက်ပန်းရောင်ထွက်နေခြင်း ဖြစ်ပါတယ်။

 

၉။ ခြေဖဝါး၊ ခြေခုံ၊ ခြေမျက်စိရောင်ရမ်းခြင်း

 

ဒီလက္ခဏာက နှလုံးအလုပ်မလုပ်နိုင်တော့တဲ့ လက္ခဏာပါ။ နှလုံးအလုပ် မလုပ်နိုင်တဲ့အခါ နှလုံးက သွေးတွေကို ပုံမှန် ညှစ်တွန်းမပေးနိုင်တော့ပါဘူး။ ဒီအခါ သွေးတွေနောက်ကြောင်းပြန်ပြီး သွေးပြန်ကြောတွေထဲ သွေးအနေများလာပါတယ်။ ဆွဲငင်အားကြောင့်ခြေထောက်ပိုင်းမှာ သွေးအိုင်တာများလာပါလိမ့်မယ်။ ဒီအခါသွေးကြောတွင်းမှ ရေတွေအသားကြားစိမ့်ထွက်လာပြီး ဖောရောင်လာတာ ဖြစ်ပါတယ်။ အိပ်ရာထဲ လဲနေသူဆိုရင်တော့ ခြောက်ထောက်ရောင်တာထက် တင်ပါးခါးနေရာမှာ သွေးအအိုင်များပြီး ရောင်နေတတ်ပါတယ်။

 

၁၀။ နှလုံးခုန် မူမမှန်ခြင်း

 

လူတစ်ယောက်အတွက် နှလုံးခုန်နှုန်းဟာ တစ်ချိန်လုံး တစ်သမတ်တည်း ရှိမနေနိုင်ပါဘူး။ လှုပ်ရှားမှုပြုလိုက်ရင် နှလုံးခုန်မြန်လာပါလိမ့်မယ်။ စိတ်အနေအထားပေါ် မူတည်ပြီးလည်း သွေးခုန်နှုန်း မမြန်တတ်ပါဘူး။ ဒါပေမဲ့ အကြောင်းမဲ့ အချိန်အနည်းငယ်ကြာနှလုံးခုန်မြန်နေတာ မကြာခဏ ဖြစ်နေတာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုပါတယ်။

 

Credit:

ဒေါက်တာမြင့်သန်း (သန္ဓေသား)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18