Print

အသည်းရောင်အသားဝါ ဘီရောဂါ

  14-Feb-2022
Preview Image

     အသည်းရောင်အသားဝါ ဘီရောဂါသည် Hepatitis B virus(HBV) ဗိုင်းရပ်စ်ပိုးအသည်းကို ဝင်ရောက်ကူးစက်ခံရသောကြောင့် ဖြစ်ပေါ်လာသည်။ရောဂါပိုးကူးစက်ခံရသူ၏ သွေး၊သွေးရည်ကြည်နှင့် ကိုယ်ခန္ဓာမှထွက်သော အခြားအရည်များ ကိုယ်ခန္ဓာအတွင်းသို့ဝင်ရောက်ရာမှ တဆင့်ကူးစက်နိုင်သည်။အချို့သောသူများတွင် ရောဂါပိုးဝင်ပြီး အလိုလိုပျောက်သွားသည့် အသည်းရောင်အသည်းဝါ  (Acute Hepatitis) ဖြစ်နိုင်သလို အချို့သူများတွင်လည်း နာတာရှည်အသည်းရောင်ရောဂါပိုး အဖြစ်ပြောင်းသွားနိုင်ပါတယ်။ နာတာရှည်အသည်းရောဂါဖြစ်နှုန်းသည် ရောဂါပိုးကူးစက်ခံရသည့် အသက်အရွယ်ပေါ်မူတည်သည်။ မိခင်မှကလေးသို့ကူးစက်သည့် ကလေးငယ်များတွင် ၉၀%လောက်ရှိပြီး  အရွယ်ရောက်ပြီးလူကြီးများတွင် ကူးစက်ခံရပါက နာတာရှည်အဖြစ်သို့ပြောင်းနှုန်းသည် ၂-၆%သာရှိပါသည်။

လက္ခဏာများ

         ရောဂါလက္ခဏာများမှာ အသက်အရွယ်ပေါ်မူတည်ပြီးကွာခြားပါတယ်။ သို့သော်ဘီပိုးကူးစက်ခံရသူအများစုတွင် နှစ်ပေါင်းများစွာကြာသည့်တိုင် ရောဂါလက္ခဏာမပြတတ်ပါ။ နှစ်ကာလကြာသောအခါ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်၊ အသည်းကင်ဆာဖြစ်လေ့ရှိပါတယ်။ လက္ခဏာများမှာ ရောဂါပိုးဝင်ပြီး ၆ပတ်မှ ၁၂ပတ်အကြာ ( ရက်ပေါင်း ၆၀-၁၅၀ အတွင်း)စပြီးပြလေ့ရှိပါတယ်။

 

လက္ခဏာများမှာ-

 

-ဖျားခြင်း

 

-နုံးချိခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း

 

-အစားအသောက်ပျက်ခြင်း

 

-ပျို့အန်ခြင်း

 

-ဗိုက်အောင့်ခြင်း

 

-ဆီးအရောင်ရင့်ခြင်း

 

-ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း

 

-အရိုးအဆစ်များနာကျင်ခြင်း၊ ကိုယ်လက်များကိုက်ခဲခြင်း

 

-မျက်လုံးနှင့် အသားများဝါခြင်း

  

ဖြစ်ပွားရသော အကြောင်းရင်းများ 

          အသည်းရောင်အသားဝါ ဘီရောဂါမှာ Hepatitis B virus (အသည်းရောင် ဘီပိုး) ကူးစက်ခံရမှုကြောင့်ဖြစ်ပါတယ်။ အသည်းရောင် ဘီပိုးသည် DNA virus အကောင်သာဖြစ်သည်။သူ့မှာ အပြင်ခွံ၊ အတွင်းခွံ အခွံနှစ်ထပ်နှင့် အသည်းမှာပွားတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ လူလိုသဏ္ဍာန်တူတဲ့ ချင်ပန်စီမျောက်ကြီးတွေရဲ့ အသည်းဆဲလ်တွေထဲမှာ အတွင်းခွံ၊ အပြင်ခွံတွေကို ထုတ်လုပ်လေ့ရှိပါတယ်။အတွင်းခွံက e-Antigen လို့ခေါ်ပြီး သွေးထဲမှာ ပျောရည်အဖြစ်နဲ့သာ တွေ့ရပါတယ်။ဘီပိုးရှိတယ်လို့စစခြင်းသိတာက ပိုးရဲ့အပြင်ခွံ အစိတ်အပိုင်း HBs Agကို တိုင်း၍သိခြင်းဖြစ်ပါတယ်။ အဆိုပါ အပြင်ခွံက သွေးထဲမှာ အလုံးလေးတွေ၊ အတောင့်လေးတွေအဖြစ် တွေ့ရပါတယ်။

 ကူးစက်နိုင်သောနည်းလမ်းများ 

         အသည်းရောင်အသားဝါ ဘီရောဂါပိုးသည် အောက်ပါအပြုအမူများမှတဆင့် ကူးစက်နိုင်ပါတယ်။

 

(၁)သွေးမှတဆင့် ကူးစက်ခြင်း

 

-ရောဂါပိုးရှိသူ၏ သွေးကိုသွင်းမိခြင်း

 

-ရောဂါပိုးရှိသောသူသုံးစွဲထားသည့် ဆေးထိုးအပ်များ၊ဆေးထိုးပြွန်များကို လဲလှယ်သုံးစွဲခြင်း

 

-ပိုးပါသောအပ်များဖြင့် နားဖောက်ခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း၊အပ်စိုက်ခြင်း၊ ပိုးရှိသောဓားတစ်ချောင်းတည်းဖြင့် ဆက်တိုက်ခေါင်းရိတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း

 

-ပေါက်ပြဲနေသော အရေပြား၊ အမြှေးပါးနှင့် ရောဂါပိုးပါသောသွေး၊ သွေးရည်ကြည်ထိမိခြင်း

 

(၂)ရောဂါပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း   

 

(၃)ပိုးရှိသောမိခင်မှ မွေးကင်းစကလေးကို ကူးစက်နိုင်ခြင်း                     

  

ဖြစ်နိုင်ချေများသူများ

 

-ရောဂါပိုးရှိသောမိခင်မှ မွေးလာသောကလေးများ

 

-ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမှုရှိသူများ

 

-အပျော်အပါးလိုက်စားသူများ

 

-လိင်တူဆက်ဆံသူများ

 

-မူးယစ်ဆေးအကြောထဲထိုးသွင်းသူများ

 

-နာတာရှည်အသည်းရောင်အသားဝါ ဘီရောဂါသည်နှင့် တစ်အိမ်တည်းတူတူနေသူများ

 

-ကျန်းမာရေးဝန်ထမ်းများ၊ သွေးနှင့် အခြားသွေးနှင့်ဆက်စပ်ပစ္စည်းများကို တိုက်ရိုက်ထိ၍ လုပ်ကိုင်နေရသူများ

 

-ကျောက်ကပ်ဆေးနေရသူများ

 

-နာတာရှည်ရောဂါသည်များကို အနီးကပ်ပြုစုနေရသည့် ဝန်ထမ်းများ

 

-ရောဂါအဖြစ်များသည့် ဒေသကိုခရီးသွားလာနေရသူများ

  

နောက်ဆက်တွဲ ပြဿနာများ

 

-အသည်းခြောက်ခြင်း

 

-အသည်းကင်ဆာ

 

-အသည်းပျက်စီးခြင်း

 

-နာတာရှည်အသည်းပျက်စီးခြင်းလက္ခဏာများကို ခံစားရခြင်း

 

( အားနည်းခြင်း၊ နုံးခြင်း၊ မျက်လုံးဝါခြင်း၊ ကိုယ်လက်ဖောရောင်ခြင်း၊ လက်သည်းထိပ်လေးများတုပ်ခြင်း၊မျက်လုံးနှင့် အသားများဝါလာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပေါင်နှင့်လက်မောင်းသားများသိမ်လှီလာခြင်း၊ အမျိုးသမီးများတွင် သားမြတ်သိမ်ခြင်း၊ အမျိုးသားများတွင် ဝှေးစေ့သိမ်ခြင်း၊ ဆီးခုံမွှေး ချိုင်းမွှေးများနည်းခြင်း၊ သွေးထွက်လွယ်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက်သွေးယိုစိမ့်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ ညအိပ်မပျော်ခြင်း၊ နေ့ဘက်တွင် အိပ်ပျော်ခြင်း၊ သတိလစ်မေ့မြောခြင်း)

 

စစ်ဆေးမှုများ

 

(၁)Hepatitis B serology (ဘီပိုးရှိမရှိနှင့် ဆေးကုသမှုလိုမလို စစ်ဆေးခြင်းများ)

 

-HBs Ag-ဘီပိုးရှိ /မရှိစစ်ဆေးခြင်း

 

-HBe Ag-ဘီပိုး၏ပွားများမှုရှိမရှိ စစ်ဆေးခြင်း

 

-Anti HBe-ခန္ဓာကိုယ်တွင် ဘီပိုးHBe antigen ပွားများမှုပျောက်သောအခါ ပေါ်လာသောပစ္စည်းဖြစ်သည်။သွေးထဲတွင် ပိုးအလွန်နည်းသွားသည်ကို ပြသည်။

 

-IgM Anti HBC-လတ်တလော ပိုးကူးစက်ခံရချိန်တွင် ပေါ်လာသောပဋိပစ္စည်းဖြစ်သည်။

 

-Ig G Anti HBC-ယခင်က ဘီပိုးကူးစက်ခံရဖူးသူ/ ဘီပိုးရှိသောသူကိုပြသည်။

 

-Anti HBs-HBs Agပျောက်ပြီး AntiHBs ပေါ်လာပါက ဘီပိုးရောဂါပျောက်ပြီး (သို့မဟုတ်)ပျောက်လုနီးပါးရှိသည်ဟု ဆိုသည်။

 

-HBV DNA PCR-ဆေးကုသမှုခံယူမည့်သူများတွင် HBV ပိုးကောင်ရေစစ်ဆေးခြင်း

 

- qHBs Ag-စမ်းသပ်မှုသည် HBs Ag ကို IU/mlဖြင့်ဖော်ပြပြီး အသည်းဘီပိုးကို ထိုးဆေး Pegylated Interferon ဖြင့်ကုသသောအခါ တုံ့ပြန်မှုကို စစ်ဆေးရန် အသုံးပြုပါသည်။

 

(၂)အသည်းအင်ဇိုင်းများ၊ အသားဓာတ်၊ ကိုလက်စထရောဓာတ်၊ သွေးခဲရန်ကြာချိန်နှင့် အခြားသွေးဗေဒစစ်ဆေးချက်များ ကိုသွေးဖောက်စစ်ခြင်း

 

(၃)အာထရာဆောင်း(Ultrasound)ရိုက်ခြင်း

 

(၄)အသည်းကျစ်နှုန်းတိုင်းတာခြင်း(Fibroscan)

 

(၅)အသည်းအသားစယူခြင်း

 

(၆)CT scan, MRI scan များရိုက်ခြင်း

 

(အထက်ပါဖော်ပြပါ စစ်ဆေးမှုများကို အကုန်လုပ်ရမည်ဟု မဆိုလိုပေ။ ကုသပေးနေသော အထူးကုဆရာဝန်နှင့် လူနာ၏အခြေအနေပေါ် မူတည်ပါသည်။)

 

ကုသခြင်း 

(၁)စားဆေးနှင့်ကုသခြင်း

 

     စားဆေးနှင့်ပျောက်ကင်းအောင် မကုနိုင်သော်လည်း သွေးထဲတွင် ပိုးလုံးဝမရှိအောင် တားဆီးနိုင်ပါသည်။နေ့စဉ်(၁)လုံးကျဖြင့် နှစ်ရှည်စားရသည်။ ရေရှည်တွင် ဆေးယဉ်ပါးမှုဖြစ်တတ်ပါသည်။ထိရောက်မှုရှိမရှိ ၊ဆေးယဉ်မှုရှိမရှိ သိရန် HBV DNAကို (၃)လတစ်ခါ၊ (၆)လတစ်ခါ စစ်ဆေးရပါသည်။

  

(၂)ထိုးဆေးနှင့်ကုသခြင်း

 

        Pegylated Interferon ထိုးဆေးဖြင့်ကုသနိုင်ပါသည်။ ပျောက်နှုန်း ၂၀-၃၀%ရှိပါသည်။ ဆေးကုသမှုထိရောက်မှုရှိမရှိကို HBV DNA PCR viral load နှင့် qHBs Ag စမ်းသပ်စစ်ဆေးမှုများဖြင့် သိရှိနိုင်ပါသည်။

 

အသားရောင်အသားဝါ ဘီပိုးကာကွယ်ဆေးများ

 

(၁) ဝ၊ ၁ ၊ ၆ လ(၃)လုံးကာကွယ်ဆေးထိုးနည်း

 

(၂)ဝ၊ ၁ ၊၂ ၊ ၁၂ လ(၄)လုံးကာကွယ်ဆေးထိုးနည်း

 

(၃)ဝ၊ ၁ ၁/၂ ၊ ၂ ၁/၂ လထိုးနည်း - မွေးကင်းစကလေးများတွင် အခြားကာကွယ်ဆေးများနှင့် အတူ၊မွေးခါစတစ်ကြိမ်၊ တစ်လခွဲအကြာတွင် ဒုတိယအကြိမ်၊ ၂လခွဲ အကြာတွင် တတိယအကြိမ်ထိုးရပါသည်။ (ဘီပိုးရှိသောမိခင်၏ မွေးကင်းစကလေးများကို မွေးဖွားပြီး ၁၂နာရီအတွင်း HBIG (ခေါ်)သွေးရည်ကြည် ထိုးရပါသည်။ ဘီပိုးကာကွယ်ဆေးနှင့် ရောစပ်၍ မထိုးရပါ။ ကလေး၏ပေါင်တစ်ဖက်တစ်ချက် ဆေးတစ်မျိုးစီ အသားဆေး IM ထိုးရပါသည်။ကာကွယ်ဆေးထိုးထားလျှင် အနည်းဆုံး နှစ် ၂၀ သို့မဟုတ် နှစ်ပေါင်းများစွာတိုင် ကာကွယ်မှုပေးပါသည်။ကာကွယ်ဆေး ၃လုံး သို့မဟုတ် ၄လုံး အပြည့်ထိုးပြီးလျှင် booster dose ထပ်မံထိုးစရာမလိုဟု WHO ကပြောပါသည်။

 

လူနာများလိုက်နာရန်

 

(၁) အရက်လုံးဝမသောက်ရပါ။

 

(၂)သံဓာတ်ပါသော အားဆေးများမသောက်ရပါ။

 

(၃)ပရဆေးများ ရေရှည်မသုံးစွဲရပါ။

 

(၄)တရားဝင်အသိအမှတ် မပြုထားသော ထိုးဆေးများနှင့် ကုသမှုကို လုံးဝရှောင်ကြဉ်ပါ။

 

Translated by: Dr. Khin JyuJyu Ko

 

Ref:CDC, WHO, ပါမောက္ခ ဒေါက်တာသံစစ် ရေးသားသော အသည်းရောင် ဘီပိုး၊ စီပိုးနှင့် အခြားဆောင်းပါးများစာအုပ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18