Print

ကျွန်မနှင့်အမြုံ ( ဇာတ်သိမ်းပိုင်း)

  16-Dec-2021
Preview Image

ကလေးမရသောအခါ အိမ်ထောင်ရှင် အမျိုးသမီးများအဖို့ စိတ်သောက ပူပင်မှု ဖြစ်နိုင်ပေ

သည်။ ခင်ပွန်းနှင့် အဆင်မပြေ ဖြစ်တတ်သည်။ မိမိတို့၏ စိတ်ပျော်ရွှင်ချမ်းမြေ့မှုနှင့် ကျန်းမာမှုကိုပါ ထိခိုက်လာစေနိုင်သည်။ အိမ်ထောင်တစ်ခု၏ တည်တံ့ခိုင်မြဲရေးအတွက်မှာလည်း သားသမီးရတနာဖြစ်သော ကလေးရရှိရေးသည် အထူးပင် အရေးကြီးလှပေသည်။ အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဇနီးမောင်နှံနှစ်ဦး လက်တွဲဖြုတ်လို၍ ပြတ်စဲလိုမှု ဖြစ်လာခဲ့လျှင်လည်း မိမိတို့၏ သားသမီးများရဲ့ နောင်ရေးထည့်သွင်း စဉ်းစားတတ်ကြသည်။ ထိုအခါ ခွဲခွာနေထိုင်မှုအတွက် အဟန့်အတားဖြစ်လာနိုင်သည်။ စဉ်းစားဖို့ အချိန်ပေးနိုင်ပြီး အခါ

အခွင့်ကောင်းဖို့ ရည်ရွယ်နိုင်သည်။ ပြန်လည်သင့်တင့်မှုအတွက် စီမံစေ့စပ်ခြင်းအားဖြင့် မြဲ၍ပျော်ရွှင်ချမ်းမြေ့သော ပေါင်းစည်းမှု ရနိုင်ပေသည်။

 

ကလေးမရနိုင်ခြင်းမှာ အကြိမ်ကြိမ်သားလျှောပျက်ကျခြင်းနှင့် အသေမွေးခြင်းကြောင့်

ဖြစ်နိုင်သည်။ သို့သော် သန္ဓေတည်အောင်နိုင်မှု မရှိခြင်း Failure to Conceive သည်သာ အဖြစ်များကြောင်း တွေ့ရပေသည်။ သင့်သောအရွယ်တွင် အိမ်ထောင်ပြု ကြသော ဇနီးမောင်နှံများတွင် ရှစ်ရာခိုင်နှုန်းမှာ အမြုံ ဖြစ်တတ်သည်။ ကလေးများများ လိုချင်သော်လည်း ကလေးတစ်ယောက် သို့မဟုတ် နှစ်ယောက်သာရှိသော သူများမှာ ၁၀ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်း ရှိပေသည်။ ယင်းသို့ ကလေးမရနိုင်ခြင်းအတွက် စိတ်ဆင်းရဲကြရသည်။ အချို့လူမျိုးစုများတွင် ရှက်ဖွယ်အကြောင်းအဖြစ် ယူဆကြပြီး ကွာရှင်းပြတ်စဲဖို့ ဖန်လာစေသည်။ ယင်းသို့ကလေးမရနိုင်ခြင်းကို အမျိုးသမီးများအပေါ် အပြစ်ဖို့တတ်ပေသည်။ သို့သော် ယောကျ်ားတွင်လည်း ချို့ယွင်းချက်ရှိပါက ကလေးမရနိုင်သည်ကို တွေ့ရတတ်သည်။

 

ဇနီးမောင်နှံအား စစ်ဆေးမှုပြုသောအခါ အမျိုးသမီး၌သာ ချို့ယွင်းချက်ရှိခြင်းကို ၄၀ ရာခိုင်နှုန်းတွေ့ရှိရသည်။ ၁၀ ရာခိုင်နှုန်းသော ယောကျ်ားများသာလျှင် ချို့ယွင်းချက်တွေ့ ရပေသည်။ ယောကျ်ား ၁၀၀ တွင် တစ်ယောက်မှာ အမြုံ ဖြစ်တတ်ပေသည်။

 

သန္ဓေတည်အောင်နိုင်မှုမရှိသော ဇနီးမောင်နှံတို့အား စမ်းသပ်စစ်ဆေးမှု များကို ပြုလုပ်ပေးနိုင်စွမ်းရှိသလောက် လုပ်ပေးကြရပေမည်။ တွေ့ရှိသော ချို့ယွင်းချက်ကို ပြု ပြင်ကုသမှု ပေးနိုင်စွမ်းရှိသလောက် ဆောင်ရွက်ပေးကြရပေမည်။ ဇနီးမောင်နှံအား အသိပေးရှင်းလင်းမှု လိုအပ်ပါသည်။ ကုသမှု၊ အောင်မြင်မှု၊ ထိရောက်မှု မရှိဆိုပါကလည်း အချိန်အခါ သတ်မှတ်ထားရှိရခြင်း အကြောင်းများအပါအဝင် ရှင်းပြရန် လိုပါသည်။ သန္ဓေတည်အောင်နိုင်မှု လုံးဝမရှိသူဟု ဆိုပါက ပွင့်လင်းပြတ်သားစွာ ရှင်းလင်းပြရန် အရေးကြီးပါသည်။ (ဥပမာ - သုက်ရည်အတွင်း သုက်ကောင်မရှိသူ အမြုံ များ)။

 

ဇနီးမောင်နှံတို့ကလည်း ဆန္ဒစောခြင်း မရှိရန်လိုပါသည်။ သည်းခံစောင့်ဆိုင်းတတ်ပြီး စိတ်ရှည်ရန်လိုပါသည်။ မိမိအား အကူအညီပေးနေသော ဆရာဝန်၏ ညွှန်ကြားချက်ကို နာခံဆောင်ရွက်ရန် လိုပါသည်။ သန္ဓေတည်အောင်နိုင်မှု ရရှိသွားပါက ဇနီးမောင်နှံတို့၏ ဝမ်းသာမှုအတိုင်းအတာထက် ကူညီသူဆရာဝန်က ပို၍ ဝမ်းသာပီတိဖြစ်မှု ခံစားကြရ ပါသည်။ မြန်မာနိုင်ငံတွင် ပြု ပြင်ကုသမှု ပေးနိုင်စွမ်းရှိသော ကုသချက်များကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးရမည်ကို အကြွင်းမဲ့ ယုံကြည်ထားပါသည်။

 

တစ်နေ့တွင် ဗဟိုအမျိုးသမီးဆေးရုံသို့ အကြောင်းကိစ္စတစ်ခုကြောင့် ရောက်ခဲ့သည်။ ညီမလေးသဖွယ် ခင်မင်ချစ်ခင်ရသော သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ပါမောက္ခဌာနမှုး ဒေါက်တာ ဒေါ်လှလှမြိုင်နှင့် တွေ့၍ ဆွေးနွေးခဲ့သည်။

 

ထိုဆွေးနွေးချက်အရ သတင်းကောင်းပါးလိုပါသည်။ အလုံရဲတပ်ဖွဲ့ စခန်းရှေ့ရှိ ဗဟိုအမျိုးသမီးဆေးရုံ ပြင်ပလူနာဌာနတွင် အောက်ပါအတိုင်း ဆောင်ရွက်နေကြပါသည်။

ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီမှ ၄ နာရီအတွင်း မိသားစုစီမံကိန်းအဖြစ် သား

ဆက်ခြားခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါသည်။ လူနာအမျိုးအစားနှင့် လိုအပ်ချက်အရ သန္ဓေတားခြင်းကို သောက်ဆေးပေးခြင်း၊ ထိုးဆေးပေးခြင်း၊ သားအိမ်အတွင်း ပစ္စည်းထည့်ပေးခြင်း၊ ခင်ပွန်းအတွက် လိင်အင်္ဂါဖုံးရော်ဘာစွပ် အသုံးပြုစေခြင်း စသည်တို့ကို ပြုလုပ်ပေးသည်။ အချိန်ကာလပိုင်းခြား၍ ပြန်လည်ခေါ်ယူ စစ်ဆေးပေးခြင်းများ ပြုလုပ်ပေးပါသည်။ (Family Planning Clinic)။

 

ဗုဒွဟူးနေ့တိုင်း နေ့လယ် ၁၂ နာရီမှ ၂ နာရီအထိ သန္ဓေတည် အောင်နိုင်မှုမရှိသည့် ဇနီးမောင်နှံတို့ကို ကူညီဆောင်ရွက်ပေးနေပါသည်။ Family Clinic ယင်းလုပ်ငန်း စတင်သည်မှာ လပိုင်းမျှသာရှိပါသေးသည်။ အမျိုးသမီးတစ်ဦးမှာ မျိုးဥလမ်းကြောင်းပြွန် ပိတ်ဆို့မှု (Blocked Tues) ဖြစ်နေသည်။ မျိုးဥလမ်းကြောင်းပြွန်ကို ပွင့်သွားစေရန် ခွဲစိတ်ကုသမှု ပေးခဲ့သည်။ ခွဲစိတ်ကုသပြီးမှ သားအိမ်အတွင်း ဆေးသွင်းဓာတ်မှန် ရိုက်ကြည့် ချက်အရ မျိုးဥလမ်းကြောင်းပြွန် နှစ်ဖက်စလုံးပွင့်နေ သည်ကို တွေ့မြင်ရသည်။

 

အမျိုးသမီးများအတွက် အထူးလိုအပ်ချက် နှစ်ရပ်ကို ဗဟိုအမျိုးသမီးဆေးရုံ ပြင်ပ လူနာဌာနတွင် ဆောင်ရွက်ပေးနေကြောင်း ဝမ်းသာစွာ ထပ်လောင်း၍ သတင်းပါး လိုပါသည်။ အိမ်ထောင်ရှင်အမျိုးသမီးများ၏ ဆန္ဒတောင်းတချက်များကို ကြိုးပမ်းဆောင်ရွက်ပေးနေရာ ယင်းအခွင့်အရေးကို လက်လွတ်မခံသင့်ပေ။

 

သန္ဓေတည် အောင်နိုင်ရေးအတွက်လည်းကောင်း၊ သားဆက်ခြားခြင်း နည်းလမ်းများ

ဆောင်ရွက်ရာ၌လည်းကောင်း၊ ပြင်ပဆေးခန်းများတွင် ပြုလုပ်ပါက ငွေကုန်ကြေးကျ များလှပါသည်။ ဆေးရုံတွင်းဟုဆိုပါက စရိတ်မျှပေး ကျန်းမာရေးစနစ် ကျင့်သုံးရာ၌ ငွေကုန်သက်သာမည်။ ငွေကြေး လုံးဝမတတ်နိုင်သူများအတွက်လည်း တတ်အားသမျှ ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ အိမ်ထောင်ရှင် ဇနီးမောင်နှံတိုင်း အလိုအပ်ဆုံးသော သားသမီးရတနာ အရေအတွက်အတိုင်း ဆန္ဒပြည့်မြောက် ရရှိကြပါစေ။ သာယာပျော်ရွှင်ချမ်းမြေ့၍ တည်မြဲခိုင်ခံ့သော အိမ်ထောင်ကို ထူထောင်နိုင်ကြပါစေဟူ၍ ဆုတောင်းနေပါကြောင်း

သိစေအပ်ပါသည်။


 

Ctedit:ဒေါက်တာလဲ့လဲ့ဝင်း

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18