Print

မွစာကြဲ သွားပိုးစားခြင်း

  27-Jan-2021
Preview Image

    ကလေးတစ်ဦးတွင် ရုတ်တရက် သွားအားလုံးနီးပါး ညိုမည်းလာပြီး လျင်မြန်စွာ ဆွေးမြည့်ပျက်စီးတတ်သည်။ သွား၏ မျက်နှာပြင်ပေါ်တွင်လည်း ကြွက်တွင်းများကဲ့သို့ အချိုင့်အခွက်များ ဖြစ်ပေါ်လာပြီးနောက် သွားကိုက်ဝေဒနာကို လျင်လျင်မြန်မြန် ခံစားကြရပါသည်။

    မွစာကြဲသွားပိုးစားခြင်းကို ငယ်သွားတွေမှာ အတွေ့များပြီး အပေါ်ရှေ့သွားများ (Upper Incisore) နှင့် အံသွားများ (Molars) တို့၏ ရှေ့နောက် မျက်နှာပြင်၊ သွားနှစ်ချောင်းကြား ဧရိယာများတွင် မည်းနက်ပျက်စီးကာ တွင်းချိုင့်များပမာ အခေါင်းပေါက်များ ဖြစ်ပေါ်နေသည်ကို အများဆုံး တွေ့ရှိရပါသည်။

    မွစာကြဲသွားပိုးစားခြင်းခံရသော သွားများကို ကုသထိန်းသိမ်းခြင်းမပြုလုပ်ဘဲ ထားရှိပါက နောက်ဆက်တွဲအနေဖြင့် ဆိုးရွားသော သွားကိုက်ခြင်းဝေဒနာ ခံစားလာ ရခြင်း၊ အစားအသောက်ကိုက်ဝါးလျှင် နာကျင်ခြင်း၊ ပြည်ဖုလေးများ အဆက် မပြတ်ဖြစ်ပေါ်ခြင်း၊ မကြာခဏဖျား၍ လည်ပင်းအကျိတ်များ ရောင်ရမ်းနာကျင်ခြင်း၊ မျက်နှာတစ်ပြင်လုံး ရောင်ရမ်းလာခြင်း၊ ပြည်ပေါက်များဖြစ်ပေါ်လာခြင်း၊ ဆွေးမြည့်နေသော သွားများပဲ့ကြွေ၍ သွားအမြစ်ငုတ်လေးများသာ ကျန်ရှိတော့ခြင်း၊ စား၍ဝါး၍ အဆင် မပြေသည့်အတွက်အာဟာရချို့တဲ့ကာ ကိုယ်ခံအားလျော့နည်းခြင်း စသဖြင့် အဆင့်ဆင့် ကြုံတွေ့ခံစားရပါလိမ့်မည်။

    မွစာကြဲသွားပိုးစားခြင်းကို ကုသရခြင်းသည် အလွန်လက်ဝင်ပြီး ရှုပ်ထွေးလှပါတယ်။ ကလေး၏ သွားပိုးစားခြင်းအဆင့်အနေအထားကို လိုက်ပြီး သွားတစ်ချောင်းချင်းစီအတွက် သင့်လျော်သော ကုသနည်းများကို ရွေးချယ်ရပါသည်။ မိဘနှင့် လူနာကလေးငယ်တို့သည် သွားဆေးခန်းသို့ ကြိမ်ဖန်များစွာ လာရပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် စိတ်ရှည်ရှည်ထားပြီး အချိန်မှန် လာရောက်ကုသပေးရန် လိုအပ်ပါသည်။ သွားအမြစ်ကြောသတ်ခြင်းနှင့် သွားအမြစ်ကြောထုတ်ခြင်း (Vital or Non-Vital Pulp Therapy)၊ သွားဖာခြင်း (Restoration)၊ ပြည်ကိုဖောက်၍ထုတ်ခြင်း (Incision and Drainage)၊ ပိုးသတ်ဆေးဝါးများ သုံးစွဲခြင်း (Antibiotic Therapy)၊ သွားနုတ်ခြင်း (Extraction) စသဖြင့် ကုသနည်းအဆင့်ဆင့်ရှိရာ သင့်လျော်သော ကုသနည်းကို ဆရာဝန်က ရွေးချယ်ကုသပေးပါလိမ့်မည်။

    ကုသခြင်းအပြင် ပျက်စီးနေသော သွားများနှင့် ပိုးစားခြင်း မခံရသောသော ကျန်ရှိနေသည့် သွားများအတွက် ကာကွယ်မှုများ ပြုလုပ်ပေးရန်လည်း လိုအပ်ပါသေး သည်။ ရှေးဦးစွာ သွားဆရာဝန်က လူနာကလေးနှင့် မိခင်တို့ကို သွားနှင့်ခံတွင်း ကျန်းမာရေးပညာပေး (Dental Health Education) ကို မပျက်မကွက် လုပ်ဆောင်ပေး ရမည်။ ကျန်းမာရေးပညာပေးခြင်းတွင် သွားပွတ်တံနှင့် သွားတိုက်ဆေးတို့ကို သုံး၍ သွားသန့်ရှင်းရေးပြုလုပ်ရန်၊ စနစ်မှန်သွားတိုက်သည့်နည်းကို သင်ကြားပေးရန်၊ အစာစားပြီးတိုင်း အာလုတ်ကျင်းရန်၊ သွားနှစ်ချောင်းကြားရှိ စားကြွင်းစားကျန်များကို ရှင်းလင်းရန် သွားပွတ်ကြိုးအသုံးပြုနည်း သင်ကြားပေးရန်နှင့် အချိုသရေစာ စားသုံးခြင်း အကြိမ်အရေအတွက်ကို လျှော့ချရန် အကြံပေးခြင်းတို့ ပါဝင်ပါသည်။


Credit : ဒေါက်တာပိုင်မှူး


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18