Print

အဆစ်တွင်းသွေးဝင်ခြင်း (Haemarthrosis)

  13-Jan-2020
Preview Image

Haem ဆိုတဲ့ သွေးကို ဆိုလိုပြီး Arthrosis ဆိုတာ အဆစ်ရောင်တာကို ဆိုလိုပါတယ်။ Haemarthrosis ဆိုတော့ အဆစ်ထဲသွေးဝင်ခြင်းလို့ခေါ်ပါတယ်။ အဆစ်တိုင်း သွေးဝင်နိုင်ခြေရှိပေမယ့် အများအားဖြင့် ဒီလိုအဆစ်ထဲ သွေးဝင်တာက ဒူးအဆစ်မှာ အဖြစ်များပါတယ်။ အဆစ်ထဲ သွေးဝင်တာက အဖြစ်များပါတယ်။ အများအားဖြင့် ထိမိခိုက်မိရင် ဖြစ်တတ်တဲ့အတွက် လူငယ်ပိုင်းတွေမှာ အဖြစ်များပါတယ်။ အဓိကအကြောင်းအရင်းက ထိခိုက်မိလို့ဖြစ်ရတာပါ။ ယောကျ်ားလေးတွေ Haemophilia ဆိုတဲ့ ရောဂါရှိရင်မကြာခဏ အဆစ်ထဲ သွေးဝင်တတ်ပါတယ်။ နောက်တစ်ခုက သွေးကျဲဆေးတွေ သောက်သုံးမှုများရင် ကြာရှည်စွဲသောက်ရင် အဆစ်ထဲ သွေးဝင်တတ်ပါတယ်။

ဒူးအဆစ်ထဲ သွေးဝင်တဲ့အခြေအနေကို ပေါ့ပေါ့တန်တန် မစဉ်းစားပါနဲ့။လူနာက သွေးမတိတ်တဲ့ ရောဂါရှိသလား၊ သွေးကျဲဆေးတွေသောက်နေသလား၊ ထိခိုက်မှုအတိုင်းအတာက ဘယ်လောက်ဆိုးသလဲ၊ ဆီးချိုရောဂါရှိသလားစတဲ့ အခြေအနေတွေကိုလည်း သုံးသပ်ပြီး ကုသမှုပေးရပါတယ်။ ဆိုးဆိုးရွားရွားအရွတ် ပြဲတာ၊ အရိုးကျိုးတာ မရှိဘူးဆိုရင်တော့ အနားပေးမယ်၊ ချိုင်းထောက်နဲ့ လမ်းလျှောက် ခိုင်းမယ်၊ တစ်ခါတလေ ဒူးဆစ်ကိုအနားပေးဖို့အတွက် ကျောက်ပတ်တီးစည်းပေးဖို့ လိုအပ်နိုင်ပါတယ်။ ဒီကုသမှုတွေ လုပ်ပြီးနောက်ပိုင်းမှာတော့ ကြွက်သားနဲ့ အဆစ်တွေအတွက် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ အလွန်အရေးကြီးပါတယ်။ အရိုးကျိုးရင်၊ အဆစ်ပါသွားရင် ခွဲစိတ်ကုသရပါတယ်။

Anterior Curciate Ligament ပြတ်သွားရင် ခွဲစိတ်ကုသလိုက်တဲ့အခါ ပြန်ကောင်း သွားနိုင်ပါတယ်။ ဒူးက ထိမိခိုက်မိပြီး နာသွားရင် ကောင်းသွားမှာပါ။ ဟိုလိမ်းဆေး၊ ဒီဆေးလိမ်းပြီး မနေပါနဲ့။ တစ်ခုခုဖြစ်လာရင် မှန်းဆပြီး လုပ်လိုပရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီလို ဒူးနာပြီးရောင်နေရင် ဆရာဝန်နဲ့ တစ်ခေါက်လောက်တော့ ပြကြည့်ပါလို့ အကြံပြုလိုပါတယ်။ ဘာမှ အထွေအထူးမဖြစ်ရင် ကိစ္စမရှိပေမယ့် အဆစ်ထဲ အရိုးကျိုးတာ၊ အရွတ်ပြတ်တာတွေ ဖြစ်နေရင် မြန်မြန်ကုလေ လူနာအတွက်ပိုပြီးအကျိုးရှိလေ ဖြစ်ပါတယ်။ နောက်ကျသွားလေလေ၊ ကုသရတာ ခက်ခဲလေ၊ လူနာအတွက် ကုသရတာချင်းတူပေမယ့် စောစောကုသတဲ့ ရလဒ်လောက် မကောင်းနိုင်တော့ပါဘူး။ ဒါကြောင့်မှန်ကန်တဲ့ ရောဂါတွေ့ရှိမှုရရှိဖို့ အရေးကြီးတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

Credit : ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18