Print

အမျိုးသားများ အသက်အရွယ်အလိုက် ဘာတွေစမ်းသပ်စစ်ဆေးထားဖို့ လိုသလဲ။

  01-Mar-2017
Preview Image

အသက် ၂၀ နှစ်အရွယ်
(၁) သွေးစစ်ပါ

သင့်အသက် ၂၀ အရွယ်မှာ သွေးတွင်း ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် ပမာဏကို တစ်ကြိမ်တော့ စစ်ဆေးကြည့်ပါ။ နောက်မှာ အသက်၄၀ နှစ်ရောက်တဲ့အထိ ငါးနှစ်တစ်ကြိမ် စစ်ဆေးပေးပါ။ သင့်ရဲ့သွေးအဖြေကနေ သင့်ခနွာကိုယ်ကျန်းမာရေး ကောင်းမကောင်းကို သိနိုင်ပါတယ်။ သွေးထဲမှာ ကိုလက်စထရောများနေရင် နှလုံးရောဂါနှင့် လေဖြတ်ရောဂါတွေ ဖြစ်နိုင်ခြေများပါတယ်။ အသက်ကြီးလာလေလေ ရောဂါဖြစ်ဖို့ အခွင့်အလမ်းများလာလေလေ ဖြစ်ပါတယ်။ 

 

(၂) သွေးပေါင်ကို တိုင်းပါ။

အရွယ်ရောက်သူတွေရဲ့ ငါးယောက်မှာ တစ်ယောက်လောက်က သွေးပေါင်တက်နေတတ် ပါတယ်။ လေဖြတ်နိုင်ခြေ၊ နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေတွေလည်း မြင့်မားစေပါတယ်။ ဒါကြောင့်တစ်နှစ်တစ်ကြိမ်လောက်တော့ သွေးပေါင်ချိန်ပေးပါ။

 

(၃) မျက်စိစမ်းသပ်မှု ခံယူပါ

သင်ဟာ မျက်မှန်၊ မျက်ကပ်မှန် တပ်ဆင်သူဖြစ်ပါက နှစ်စဉ်မျက်စိ စစ်ဆေးမှုကို ခံယူပါ။ မျက်စိနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတစ်စုံတစ်ခုဖြစ်ပေါ်တာ၊ အမြင်အာရုံဆိုင်ရာ ဝေ၀ါးမှုတွေဖြစ်တာ စတာတွေ ဖြစ်ပေးပါက မျက်စိဆရာဝန်ထံ ပြသပြီး စစ်ဆေးမှုပြုလုပ်ပါ။

 

(၄) သွားနှင့်ခံတွင်း စစ်ဆေးပါ

တစ်နှစ်၊ နှစ်ကြိမ်လောက် သွားဆရာဝန်နဲ့ ပြပြီး သင့်သွားနဲ့ ခံတွင်းကို စစ်ဆေးမှု ခံယူပါ။ မသင်္ကာဖွယ်ရာ ပြောင်းလဲမှု တစ်စုံတစ်ခုတွေ့ရှိပါက အချိန်မလွန်ခင် ကုသမှုခံယူပါ။

 

အသက် ၃၀ နှစ်အရွယ်
(၁) စိတ်ကျရောဂါရှိမရှိ စစ်ဆေးပါ။

အမေရိကန်မှာ တစ်နှစ်ကို လူပေါင်းခြောက်သန်းလောက် စိတ်ဓာတ်ကျရောဂါ ခံစားနေရတတ်ကြသည်။ စစ်ဆေးစမ်းသပ်မှုတွေ မလုပ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ကျရောဂါရှိတာကို မသိရှိသူတွေလည်း ရှိနေပါတယ်။ အသက် ၃၀ နှစ်မှစပြီး သင့်မှာ စိတ်ကျရောဂါရှိ မရှိ နှစ်စဉ် စစ်ဆေးပေးပါ။ သင့်မှာ စိတ်ရှုပ်ထွေးနေတာ၊ စကားပြောရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ တွန့်ဆုတ်မနေပါနဲ့။

 

အသက် ၄၀ နှစ်အရွယ်
၁။ ဗီတာမင်ဒီကို စစ်ဆေးပါ

ဗိတာမင်ဒီက သင့်အရိုးတွေကို ကူညီထောက်ပ့ံပေးနေတဲ့ မရှိမဖြစ် အရာတစ်ခုပါ။ အထူးသဖြင့် အသက် ၄၀ နှစ်နောက်ပိုင်း ရောက်လာတဲ့အခါ သင့်ရဲ့ အရိုးဖြစ်စဉ်တွေ နှေးကွေးလာတာနဲ့အတူ ဗီတာမင်ဒီ ဖြစ်စဉ်တွေလည်း နှေးကွေးလာတာကြောင့် သင့်ခနွာကိုယ်မှာ ဗီတာမင်ဒီ လိုအပ်မှုရှိမရှိကို အသက် ၄၀ နှစ်ကနေ စပြီး ၂-၃ နှစ်ခြား တစ်ကြိမ်လောက်တော့ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ 

 

၂။ ဆီးချိုသွေးချိုရောဂါရှိမရှိ စစ်ဆေးပါ။

အသက် ၄၀ နှစ်လောက်မှာ ဆီးချိုသွေးချိုရဲ့ အကြိုလက္ခဏာရပ်တွေ စတင်ဖြစ်ပွားနိုင်ပါတယ်။ သင့်မိဘမျိုးရိုးမှာ ဆီးချိုသွေးချိုရောဂါရှိရင်၊ သင်က အဝလွန်သူတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင်တော့ အသက် ၄၅ နှစ်ပြည့်ပြီးချိန်ကစလို့ သုံးနှစ်ခြား တစ်ကြိမ်လောက်တော့ သင့်မှာ ဆီးချိုသွေးချိုရောဂါရှိမရှိ စစ်ဆေးပေးပါ။

 

၃။ သိုင်းရွိုက်ဟော်မုန်း စစ်ဆေးပါ

သင့်လည်ပင်းရဲ့ အရှေ့ဘက်မှာရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ထုတ်လုပ်တဲ့ သိုင်းရွိုက်ဟော်မုန်းက သင့်ခနွာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပုံမှန်အောင် လုပ်ဆောင်ပေးပါတယ်။ အသက် ၄၀ နှစ်ကျော်လာရင်တော့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချက်တွေ ကျဆင်းလာတာကြောင့် ကိုယ်အလေးချိန်တက်လာတာ၊ စိတ်ဓာတ်ကျလာတာ၊ ရင်တုန်တာတွေ ဖြစ်လာနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ ပန်းသေပန်းညိုးရောဂါအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင်ရဲ့ သိုင်းရွိုက်ဂလင်း ပုံမှန်လုပ်ဆောင်မှုရှိမရှိကို သိရှိနိုင်အောင် ဆရာဝန်ဆီမှာ သွေးတွင်းရှိ သိုင်းရွိုက်ဟော်မုန်းကို စစ်ဆေးပါ။

 

အသက် ၅၀ နှစ်အရွယ်
၁။ နားအကြားအာရုံကို စစ်ဆေးပါ။

အသက် ၅၀ နှစ်ကစလို့ သင်ရဲ့ အကြားအာရုံကို သုံးနှစ်တစ်ကြိမ် စစ်ဆေးမှုပြုလုပ်ပါ။ ဒီအသက်အရွယ်မှာ အကြားအာရုံစတင် ချို့တဲ့လာနိုင်တာကြောင့်ပါ။ သင်ငယ်စဉ်က MP3 ကို အသံအမြင့်ဆုံးတင်ပြီး နားထောင်လေ့ရှိခဲ့သူတစ်ယောက်၊ တေးဂီတရှိုးပွဲတွေကို မကြာခဏ သွားရောက် နားထောင်လေ့ရှိသူ တစ်ယောက်ဖြစ်ခဲ့ရင်တော့ အသက် ၄၀ နှစ်လောက်ကတည်းက အကြားအာရုံကို စစ်ဆေးသင့်ပါတယ်။ 

 

၂။ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ရှိမရှိ စစ်ဆေးပါ

အသက် ၅၀ နှစ်ထဲဝင်လာတဲ့အခါ သင့်ကို ဆရာဝန်က အစာအိမ်မှန်ပြောင်းကြည့်ဖို့ အကြံဉာဏ်ပေးပါလိမ့်မယ်။ ဒီလိုစစ်ဆေးတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာရှိမရှိကို အစောဆုံးကြိုတင်သိရှိနိုင်ပါတယ်။

 

၃။ ဆီးကျိတ်ကင်ဆာ ရှိမရှိ စစ်ဆေးပါ

အမျိုးသားခြောက်ယောက်မှာ တစ်ယောက်လောက်က ဆီးကျိတ်ကင်ဆာရှိတယ်လို့ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ အသက် ၅၀ နှစ်ကျော်လာရင်တော့ ဆီးကျိတ်နှင့်ပတ်သက်ပြီး စအိုတွင်း စမ်းသပ်မှုနှင့် သွေးစစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါတယ်။

 

၄။ ဝမ်းထဲသွေးပါမပါ စစ်ဆေးပါ

သင်သွားတဲ့ ဝမ်းထဲမှာ သင့်မျက်စိနဲ့ မမြင်နိုင်တဲ့ သွေးစတွေပါမပါ စစ်ဆေးပေးဖို့ လိုပါတယ်။ ဒါဟာ အူမကြီးကင်ဆာနှင့် တခြားကင်ဆာရောဂါတွေကို ခြေရာခံနိုင်တဲ့ သဲလွန်စတစ်ခု ဖြစ်နေနိုင်လို့ပါ။ 

 

၅။ အရိုးသိပ်သည်းဆ တိုင်းတာပါ

အသက်အရွယ်ကြီးလာတာနဲ့အမျှ သင့်အရိုးက ကယ်လ်စီယမ်နဲ့ သတ္တုဓာတ်တွေ လျော့နည်းနိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အမျိုးသားနှစ်သန်းနီးပါးလောက်က အရိုးပါးရောဂါခံစား နေရပါတယ်။ ဒါကြောင့် အရိုးသိပ်သည်းဆကို တိုင်းတာပေးပါ။ ဒီလိုတိုင်းတာခြင်းဖြင့် သင့်မှာအရိုးပါး ရောဂါရှိမရှိသိရှိပြီး ဆင်ခြင်နိုင်ပါလိမ့်မယ်။

 

၆။ ကာကွယ်ဆေးထိုးပါ

အသက် ၆၅ နှစ်အထက်ရောက်လာခဲ့ရင်တော့ တုပ်ကွေးရောဂါကာကွယ်ဆေး၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးတွေ ထိုးထားပါ။ ဒီအသက်အရွယ်မှာ ရောဂါဖြစ်လာရင် ရောဂါဒဏ်ကို မခံနိုင်တာကြောင့် ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကာကွယ်ပါ။


Credit:
အလင်း (ဆေးဝါး)
Arogyam magazine, June 2016, Pg. 46



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18