Print

အမှောင်တွင်း၌ ဘဝကိုနိဂုံးချုပ်သူများ သို့မဟုတ် မျက်စိနဲ့ အိဒ်စ်ရောဂါ

  01-Mar-2017
Preview Image

အိဒ်စ်ယှဉ်၍ ဖြစ်သော မျက်စိကွယ်စေသည့် ရောဂါများကို တင်ပြပါမည်။ မျက်စိကွယ်မှုကို အများဆုံးဖြစ်စေတတ်သော ရောဂါမှာ ဆိုက်တိုမက်ဂလိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော အာရုံလွှာရောဂါပင် ဖြစ်ပါသည်။ အတိုကောက်အားဖြင့် စီအမ်ဗွီ (CMV) Cytomegalovirus retinitis ဖြစ်သည်။ အိဒ်စ်ရောဂါ ပြင်းထန်စွာ ဖြစ်နေသူများ၏ ၃၀ ရာခိုင်နှုန်းကျော်ကျော်မှာ ယင်းစီအမ်ဗွီကြောင့် မျက်စိနှစ်ဖက်လုံး၏ အာရုံလွှာပျက်စီးခြင်း (Acute retinal necrosis) ဖြစ်ပြီး မျက်စိကွယ်ပါသည်။ 

 

အခြားသော မျက်စိကွယ်စေသည့် ရောဂါများမှာ အများအခေါ် ဆင်ရေယုန် Herpes Zoster ရေယုန် Herpes simplex တို့ပင်ဖြစ်ပါသည်။ ဆင်ရေယုန်ကြောင့် ရောဂါဖြစ်လျှင် အာရုံလွှာ ရောင်ခြင်း၊ ပျက်စီးခြင်း ပိုမိုပြင်းထန်သည်။ မျက်စိနှလုံးကို ထိခိုက်သည်။ ရက်သတ္တပတ် အနည်းငယ်အတွင်း အာရုံလွှာပျက်စီးခြင်း၊ အာရုံလွှာကွာခြင်း (Retinal detachment) တို့ ဖြစ်တတ်သည်။ ထို့အတွက်ကြောင့်ပင် မျက်စိဆုံးရှုံးခြင်း ဖြစ်ရပါတော့သည်။

 

အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်တို့သည်လည်း အာရုံလွှာကို ပျက်စီးစေခြင်း Acute retinal necrosis ကြောင့် မျက်စိကွယ်စေသည်။ အာရုံလွှာကို စစ်ဆေးကြည့်ပါက ဂွမ်းဖတ်သဏ္ဍာန် အကွက်များ ဖြစ်စေပါသည်။ အိဒ်စ်ဝေဒနာရှင်များ၏ ရာခိုင်နှုန်း ၅၀ ကျော်ခန့် ရောဂါကျွမ်းလာသော အခါ ဖိုဗီယာ (Fovea) ပတ်လည်သွေးကြောများ ထိခိုက်သောကြောင့် မက်ကူလာ (Macula) ပျက်စီးကာ မျက်စိကွယ်ပါသည်။

 

ခုခံအားကျဆင်းနေသည့် ရောဂါဖြစ်က နောက်ဆက်တွဲအဖြစ် တီဘီရောဂါ ဖြစ်ပေါ်တတ်ကြောင်းကို ပြည်သူအများ သိပြီးဖြစ်ပါမည်။ သို့ရာတွင် မျက်စိတီဘီ Ocular tuberculosis ဖြစ်တတ်ကြောင်း သိရှိသူ နည်းပါးပါသည်။ မျက်စိတီဘီသည် မျက်စိနှစ်ဖက်စလုံးတွင် Choroiditis သွေးကြောလွှာကို ရောင်စေသည်။ အာရုံလွှာ ပျက်စေသည်။ Necrotic retinitis ဖြစ်၏။ Bilateral Disseminated Chroidal Invasion ကြောင့် မျက်စိကွယ်ကြသည်။

 

မျက်စိနဲ့ စပ်လျဉ်း၍ အိပ်ချ်အိုင်ဗွီရောဂါပိုးကို မျက်ရည်၊ မျက်မြှေးတို့တွင်လည်းကောင်း၊ မျက်ကြည်၏ အပေါ်ယံလွှာတွင် လည်းကောင်း တွေ့ရသည်။ ထိုသို့ တွေ့ရှိသဖြင့် မျက်စိဘဏ်များ အနေဖြင့် မျက်ကြည်လွှာထုတ်ယူသည့် တစ်ချိန်တည်း သွေးကိုပါ ထုတ်ယူသည်။ သွေးထဲတွင် HIV ပဋိလှုံ့ပစ္စည်း Anti-body ရှိမရှိ စစ်ဆေးပါသည်။ ရှိပါက ထိုရယူခဲ့သော မျက်ကြည်လွှာကို အသုံးမပြုတော့ပါ။

 

အိပ်ချ်အိုင်ဗွီ ပြန့်ပွားခြင်းကို လေ့လာခဲ့ကြရာတွင် ရောဂါရှိများ၊ လိင်တူလိင်ကွဲ ဆက်ဆံခြင်းနှင့် မူးယစ်ဆေး သုံးစွဲသောအခါ ရောဂါရှိသူများ အသုံးပြုခဲ့သော ဆေးထိုးအပ်များကို သုံးစွဲခြင်းကြောင့် ရောဂါကူးတတ်ပါသည်။ ရောဂါရှိသူ၏သွေးကို သွင်းမိလျှင်လည်း ရောဂါရ၏။ ရောဂါရှိသော မိခင်မှ မွေးဖွားသော ကလေးများလည်း မိခင်ထံမှ အိပ်ချ်အိုင်ဗွီရောဂါ ရတတ်ပါသည်။

 

အိဒ်စ်ရောဂါရှိသူ၏ ရောဂါလက္ခဏာအချို့မှာ တစ်ကိုယ်လုံးရှိ လင့်အကျိတ်များ ရောင်ခြင်း၊ မကြာခဏ ဖျားခြင်း၊ အလေးချိန်ကျခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်တတ်သည်။ အိဒ်စ်ရောဂါ ဖြစ်ပါက ၅၆ ရာခိုင်နှုန်းသော လူနာတို့မှာ တစ်နှစ်၊ နှစ်နှစ်အတွင်း သေဆုံးကြပြီး ကျန်လူများမှာ ငါးနှစ်အတွင်း သေဆုံးကြပါသည်။ 

 

အိပ်ချ်အိုင်ဗွီ၊ အိဒ်စ်ရောဂါကြောင့် အသက်ဆုံးရှုံးခြင်း ဖြစ်ရသည်သာမက သေဆုံးလုလု အချိန်တွင် မျက်စိကွယ်ခြင်းကို ဝေဒနာရှင် အတော်များများ ခံစားရသဖြင့် ဘဝနိဂုံးနောက်ဆုံးပိတ် အချိန်များကို မျက်မမြင်ဘဝနှင့် နိဂုံးချုပ်ရသူများပါသည်။


Credit:
ဒေါက်တာထွန်းအောင်ကျော် (မျက်စိ)
Health for all magazine, October 2015, Pg. 70



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18