Print

လက်တုန်ခြင်းဖြစ်ရသော အကြောင်းများနှင့် ဖြေရှင်းနည်းများ

  01-Mar-2017
Preview Image

လက်တုန်ခြင်းဖြစ်နိုင်တဲ့ အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ အသက်ကြီးတဲ့ သူတိုင်းလည်း အရမ်းအိုမင်းနေသူ မဟုတ်ရင် လက်မတုန်ပါဘူး။ လက်တုန်တာက ရောဂါတစ်ခုခုကြောင့် သောက်နေရတဲ့ ဆေးဝါးတစ်ချို့ရဲ့ နောက်ဆက်တွဲပြဿနာလည်း ဖြစ်နိုင်သလို စိတ်လှုပ်ရှားလွန်းတာ၊ စိတ်တက်ကြွလွန်းတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။လက်တွေတုန်တုန်ယင်ယင်နှင့် အမြဲဖြစ်နေတတ်တာဟာ တစ်ချို့တွေမှာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ တုန်နေတတ်တာကို သက်သာအောင်၊ ပျောက်ကင်းအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေထဲက သင့်အတွက် အဆင်ပြေစေမယ့် နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

 

၁။ ကဖင်းကို ဖယ်ရှားပါ။

ကဖင်းဓာတ်က အာရုံကြောစနစ်တွေကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ကဖင်းကို အလွန်အကျွံသုံးစွဲတာက လက်တုန်ခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တတ်ပါတယ်။ ကဖင်းဓာတ် လွန်ကဲတာကြောင့် ဖြစ်နိုင်တဲ့ အခြားကျန်းမာရေးပြဿနာတွေက ခေါင်းကိုက်တာ၊ မူးဝေတာ၊ စိတ်လှုပ်ရှားတာနဲ့ နှလုံး တဆတ်ဆတ်ခုန်တာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကဖင်းပါတဲ့ အစားအစာနဲ့ ဖျော်ရည်တွေကို လုံးဝရှောင်ကျဉ်ဖို့ လိုပါတယ်။ မကြာခဏဆိုသလို လက်တွေတုန်နေတယ်ဆိုရင် အရင်ဦးဆုံး ကဖင်းပါတဲ့ အစားအစာတွေကို လျှော့ချလိုက်ပါ။ ဒါမှမဟုတ် လုံးဝ ရှောင်ကြည့်လိုက်ပါ။

 

၂။ အယ်လ်ကိုဟောကို ဖယ်ရှားပါ

အယ်လ်ကိုဟော ပါဝင်တဲ့အရည်တွေကို အလွန်အကျွံသောက်တာကြောင့် အာရုံကြောစနစ်တွေကို လိုအပ်တာထက် ပိုပြီးလှုံ့ဆော်သလိုဖြစ်စေပြီး မရပ်မနား လက်တွေ တုန်ယင်နေတတ်ပါတယ်။ တကယ်လို့ သင်က အရက်ကို မသောက်ဘဲ မနေနိုင်အောင် ဖြစ်နေတယ်၊အရက် မသောက်ရလို့လည်း တုန်ယင်နေတယ်ဆိုရင်တော့ အရက်ဖြတ်သင့်တဲ့ အခြေအနေဖြစ်နေပါပြီ။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်တွေကို သေချာလိုက်နာဖို့ လိုပါတယ်။ မဟုတ်ရင်တော့ အရက်အသောက်များလို့ လက်တုန်သလို အရက်မသောက်တာကြောင့်လည်း လက်တုန်တာမျိုးတွေ ဖြစ်နေတော့မှာဖြစ်ပါတယ်။

 

၃။ ဆေးလိပ်ကို ဖယ်ရှားပါ

ဆေးလိပ်ထဲမှာ နီကိုတင်း (Nicotine) ဓာတ် ပါဝင်ပါတယ်။ နီကိုတင်း လွန်ကဲတာကလည်း လက်တွေ တုန်စေပါတယ်။ ဆေးလိပ် အများကြီးသောက်တာကြောင့် သိသိသာသာ လက်တွေ တုန်လာတတ်ပါတယ်။ ဒါ့ကြောင့် သင်က ဆေးလိပ်သောက်နေသူဆိုရင်ဆေးလိပ်ကို လုံးဝရှောင်ဖို့လိုပါတယ်။ ဆေးလိပ်သောက်သူနားမှာတောင် မနေသင့်ပါဘူး။

 

၄။ ဖိစီးမှုနှင့် အိပ်စက်ချိန်ကို စစ်ဆေးပါ

စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေနဲ့ အာရုံကြော အားနည်းတာတွေကြောင့် လက်တုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဘဝမှာ ဖိစီးမှုကင်းကင်းနှင့် နေနိုင်အောင် ကြိုးစားသင့်ပါတယ်။ စိတ်ကို သက်သောင့်သက်သာဖြစ်အောင် ကုစားနိုင်တဲ့ နည်းလမ်းတွေ
အများကြီးရှိပါတယ်။ ဥပမာ တရားထိုင်တာလိုမျိုး၊ ယောဂလေ့ကျင့်ခန်း ပြုလုပ်တာလိုမျိုး၊ အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်တာမျိုးတွေက အာရုံကြောစနစ်တွေကို တိုးတက်ကောင်းမွန်လာစေတဲ့ နည်းလမ်းတွေဖြစ်ပြီး အမှန်တကယ်ပဲ စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပါ
တယ်။ နောက်ထပ် အရေးကြီးတာတစ်ခုကတော့ လုံလောက်တဲ့ အိပ်စက်မှု မရှိတာပါပဲ။ အိပ်ချိန်နည်းလွန်းတာ၊ လုံလောက်တဲ့ အိပ်စက်မှု မရရှိတာမျိုးတွေကြောင့် ခနွာကိုယ်မှာ အားအင်မရှိသလို ခံစားရပြီး လက်တွေ တုန်ယင်နေတတ်ပါတယ်။

 

၅။ လက်တုန်ခြင်း သက်သာစေရန် လိုအပ်သော ဗီတာမင်များ

ဗီတာမင်ဘီတွဲလ် (B12) ဟာ အာရုံကြောစနစ်ကို ကျန်းမာစေပြီး လက်တုန်တာကို တားဆီးနိုင်တဲ့ ဗီတာမင်ပဲ ဖြစ်ပါတယ်။ ဗီတာမင်ဘီတွဲလ် (B12) ချို့တဲ့လာရင် လက်နဲ့ခြေထောက်က ကြွက်သားတွေ အားနည်းပြီး ခနွာကိုယ် ဟန်ချက်မညီဖြစ်ကာ မှတ်ဉာဏ် ဆုံးရှုံးစေပါတယ်။ ဗီတာမင် ဘီဝမ်း (B1) က အာရုံကြောစနစ်တွေ ပျက်စီးတာကို ကာကွယ်နိုင်ပြီး လက်တုန်တာကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်ဘီဝမ်း (B1) ချို့တဲ့ရင်အာရုံကြောစနစ်ပျက်စီးတာ၊ တွေဝေငေးမောနေတာ၊ စိတ်ထိန်းချုပ်ဖို့ ခက်ခဲတာ၊ ကြွက်သားအားနည်းတာနဲ့ မှတ်ဉာဏ် ချို့ယွင်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 

 

ဗီတာမင်ဘီစစ် (B6) ကလည်း အာရုံကြောစနစ် လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး ဘီစစ် (Vitamin B6) ချို့တဲ့တာကြောင့် အာရုံကြော လုပ်ဆောင်ချက်တွေ ပျက်စီးစေပါတယ်။ဗီတာမင်အီး (E) ချို့တဲ့တာကြောင့် လက်တွေ တုန်ယင်နေတတ်ပါတယ်။ ဗီတာမင်အီး(E)က
ကြွက်သားအားနည်းတာကြောင့် ခနွာကိုယ် ဟန်ချက်မညီတာကို ကာကွယ်ပေးနိုင်ပြီးစိတ်ကိုသက်သောင့်သက်သာဖြစ်စေကာ ကြွက်သားတွေ သန်မာစေပါတယ်။

 

Credit:
သဲသဲဦး
Arogyam magazine, August 2014, Pg.94


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18