Print

ဒူးကျီးပေါင်းလက္ခဏာများ

  01-Mar-2017
Preview Image

အသက် ၅၀ ကျော် အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်က ဒူးနာတယ်လို့ ပြောလာရင်တော့ ကျီးပေါင်း (အရိုးအတက်) ရောဂါဖြစ်ဖို့ သေချာသလောက်ပါပဲ။ ဒီထက် အသက်ကြီးတာရယ်၊ အမျိုးသမီးဖြစ်တာရယ်၊ ကိုယ်အလေးချိန်များတာရယ်က ကျီးပေါင်းဖြစ်စေတဲ့ အဓိကအကြောင်းတွေဆိုတာ ပေါ်လွင်မှာပေါ့။ မျိုးရိုးရဲ့ အခန်းကဏ္ဍကလည်း ခြောက်ဆယ်ရာခိုင်နှုန်း ပါတယ်လို့ ဆိုပါတယ်။

 

သူက အဆစ်အမြစ်ပေါ်ကို ကျတဲ့ဒဏ်များလို့ ဖြစ်တာဆိုတော့ ခနွာကိုယ်အလေးချိန်ကို ထမ်းရတဲ့ ဒူး၊ ပေါင်၊ ခြေချင်းဝတ် စတာတွေက နာတာများပါတယ်။ အသုံးများလို့ နာတာဖြစ်ပြီး ရောင်ရမ်းမှု သိပ်မရှိတဲ့အတွက် မနက်ပိုင်းမှာ သိပ်မနာဘဲ တစ်နေ့လုံးအလုပ်လုပ်ပြီး ညနေပိုင်းရောက်ရင် နာလာတတ်ပါတယ်။ ဒါက ဒီ့ပြင် အဆစ်နာ၊ လေးဖက်နာတွေနဲ့ ခွဲလို့ရတဲ့အချက်ပါ။ လေးဖက်နာရောဂါတွေက မနက်ပိုင်းမှာ ပိုနာတတ်ပါတယ်။

 

နောက်တစ်ချက်ကတော့ အလေးချိန်ကို မထမ်းရတဲ့အချိန်၊ ထိုင်နေတဲ့အချိန်၊ အိပ်နေတဲ့အချိန်ဆိုရင် မနာတတ်ပါဘူး။ အလေးချိ်န်ကို ထမ်းရတဲ့အတွက် လှုပ်ရှားမှုများလေ ပိုနာလေပါပဲ။ ထိုင်ရာကနေ ထလိုက်ရင် ဒူးက ခနွာကိုယ်အလေးချိန်ကို ထမ်းရတဲ့အတွက် နာပါတယ်။ ဆောင်ကြောင့်ထိုင်ရာကနေ ထရင် ကုလားထိုင်ကနေ ထရတာထက် ပိုနာပါတယ်။ လှေခါးတက်ရမယ် ဆိုရင်တော့ အလေးချိန်ကို အမြင့်ကို ထမ်းတင်ရမှာမို့ ဒူးက ပိုနာပြတတ်ပါတယ်။ 

 

ကြည့်လိုက်ရင် အများအားဖြင့် ဒူးတစ်ဖက်၊ နှစ်ဖက်လောက်သာရှိပြီး လေးဖက်နာတွေလို လေးငါးဆစ်နာတာ မရှိတတ်ပါဘူး။ လေးဖက်နာတွေမှာတော့ လက်ချောင်းလေးတွေ၊ လက်ကောက်ဝတ်တွေက ပိုနာလေ့ရှိပြီး ကျီးပေါင်းမှာတော့ အလေးချိန်ထမ်းရတဲ့ ခြေချင်းဝတ်၊ ဒူး၊ ပေါင်တို့အပြင် ခါးရိုးဆစ်၊ လည်ပင်းဆစ်ရိုးတွေလည်း နာတတ်ပါတယ်။ နာသာနာတယ်၊ လေးဖက်နာတွေမှာလို အဆစ်ကရောင်ပြီး ပူနေတာမျိုး မတွေ့ရတတ်ပါဘူး။ အဆစ်ကို လက်နဲ့ညှစ်ကြည့်ရင်လည်း လေးဖက်နာတွေမှာလို မခံနိုင်အောင် နာသွားတာမျိုး မရှိတတ်တာကိုတွေ့ရပါတယ်။

 

တစ်ခုထူးခြားတာက အရိုးမျက်နှာပြင်တွေကြမ်းပြီး အချင်းချင်းပွတ်နေတာကြောင့် ဒူးပေါ်မှာ လက်ဖဝါးတင်ထားပြီး ဒူးကို အကွေးအဆန့်လုပ်ကြည့်ရင် တကျစ်ကျစ်နဲ့ ပွတ်နေတဲ့အသံကို ခံစားရပါတယ်။

 

နောက်တစ်ခုထင်ရှားတာက အဆစ်ရောင်ရောဂါတွေလို တစ်လ၊ နှစ်လနှင့် ဆရာဝန်ဆီရောက်တာမဟုတ်ဘဲ မသိမသာ နည်းနည်း၊ နည်းနည်းနဲ့ တဖြည်းဖြည်းမှာ ပိုမိုနာလာတာ ဖြစ်တဲ့အတွက် မေးကြည့်လိုက်ရင် နာနေတာ ကြာပါပြီး။ ဘယ်လောက်ကြာပြီလဲ စဉ်းစားပါဦးဆိုရင် နှစ်နဲ့ချီပြီး ရှိပြီလို့ ပြောကြပါတယ်။ လှုပ်ရှားမှုများတဲ့အခါ၊ လှေခါးအတက်အဆင်းများတဲ့ ရက်တွေမှာ နာတတ်ပြီး နားနားနေနေ နေလိုက်၊ မနာတဲ့ခြေထောက်ကို ပိုသုံးလိုက်ရင်လည်း တစ်ပတ်၊ နှစ်ပတ်လောက်မှာ သက်သာသွားတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူထုအတွင်း ဒူးကျီးပေါင်း ဘယ်နှစ်ယောက်ရှိသလဲ စစ်တမ်းကောက်တဲ့အခါ “တစ်ကြိမ်လျှင် တစ်ပတ်ခန့်၊ တစ်နှစ်အတွင်း အနည်းဆုံး သုံးကြိမ်နာခဲ့ဖူးပါသလား” လို့မေးကြည့်လို့ “ဟုတ်ပါသည်” ဟုဖြေလျှင် ကျီးပေါင်းရောဂါသည်ဟု ဖြည့်သွင်းရန် လမ်းညွှန်ထားပါတယ်။

 

Credit:
ပါမောက္ခဦးချစ်စိုး
အရိုး၊ အကြော၊ အဆစ်နှင့် အထွေထွေရောဂါကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18