Print

Syphilis ဆစ်ဖလစ်ရောဂါ

  20-Aug-2019
Preview Image

AIDS ရောဂါပြီးပါက ကူးစက်မှုအမြန်ဆုံးဖြစ်သော လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သည်။ Spirochaetes ရောဂါပိုးကြောင့် ဖြစ်ရသည်။ Incubation Period မှာ (၄) ပတ်မှ (၅) ပတ်အတွင်းသော်လည်းကောင်း (၁ဝ) ပတ်အတွင်း သော်လည်းကောင်း (၁ဝ) ရက်မှ ရက် (၉ဝ) အတွင်းသော်လည်းကောင်း ရှိနိုင်ပါသည်။ ရောဂါလက္ခဏာအနေဖြင့် ရောဂါပိုးဝင်ရောက်သောနေရာ (လိင်အင်္ဂါ၊ ပါးစပ်) တွင် နာကျင်မှုမရှိသော အစက်ငယ်တစ်ခု ဖြစ်ပါမည်။ ၎င်းအဖုငယ်လေးများမှာ အနာသေးသေး တစ်ခုဖြစ်လာပြီး လည်းကောင်းမှ အရည်ကြည်ထွက်လာသည်။ ၎င်းမှာ လွန်စွာကူးစက်လွယ်ပြီး အနီးအနားရှိ ဂလင်းများလည်း ရောင်ရမ်းလာတတ်၏။


၎င်းအနာကို Chancre ရှန်ကာဟုခေါ်သည်။ ၎င်းမှာ အများအားဖြင့် ခဏတာသာဖြစ်ပြီး အရွယ်မှာလည်း သေးငယ်သဖြင့် သတိမမူမိတတ်ပေ။ အထူးသဖြင့် အမျိုးသမီးတို့တွင် အတွင်းအစိတ်အပိုင်းများတွင် ဖြစ်ပွားပါက မသိရှိနိုင်သဖြင့် ကာကွယ်မှုမရှိဘဲ ဆက်ဆံမိပါက သံသယရှိပါလျှင် ချက်ချင်းစစ်ဆေးမှုများပြု လုပ်ရမည်။ Condom သုံးခြင်း၊ အမျိုးသမီးတို့တွင် cap (သို့) sheath သုံးခြင်းဖြင့် ရောဂါမကူးစက်အောင် ကာကွယ်နိုင်သော်လည်း သန္ဓေတားဆေးများကမူ လုံးဝကာကွယ်နိုင်စွမ်းမရှိပါ။ Syphilis ရောဂါ၏ ဆိုးကျိုးများမှာ များပြားလွန်းသဖြင့် လိင်ဆက်ဆံမှုကို သေချာစွာ ဂရုစိုက်ထိမ်းသိမ်းသင့်သည်။

မူလအနာဖြစ်သော ရှန်ကာရောဂါအဆင့်သည် ပထမအဆင့် ဆစ်ဖလစ်ဖြစ်၏။ ရောဂါပိုးဝင်ရောက်နေရာမှ Spirochaete သည် သွေးထဲဝင်ရောက်ကာ တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။ ၎င်းမှာ ဒုတိယအဆင့်ဖြစ်သည်။ Chancer ပေါ်ပြီး (၃) ပတ်မှ (၄) ပတ်အတွင်း ခန္ဓာကိုယ်တစ်ခုလုံးတွင် အဖုအပိမ့် (rash) များ ဖြစ်ပေါ်လာသလို ကိုယ်ခန္ဓာတစ်ခုလုံးရှိ အချို့သောဂလင်းများ ကြီးလာမည်။ Rash များနှင့် အတူ ပါးစပ်အတွင်း အနာများပေါက်ခြင်း၊ ဆံပင်ကျွတ်ခြင်းများလည်း ရှိနိုင်သည်။ တတိယအဆင့်တွင် နာကျင်မှုမရှိသော Ulcer ကြီးများ (gummata) တို့သည် ကိုယ်တွင်းအင်္ဂါများနှင့် အရေပြားတို့တွင် ပေါ်ပေါက်လာမည်။ နောက်ပိုင်းတွင် ဦးနှောက်နှင့် အာရုံကြောကိုပါ ထိခိုက်လာပြီး လမ်းလျှောက်မှု နှေးကွေးခြင်း၊ မမှန်တော့ခြင်းဖြစ်လာမည်။ ၎င်းသည် ကျောရိုးနာဗ်ကြောမ၊ ထိခိုက်မှုကြောင့် ဖြစ်ရပြီး ၎င်းကို tabes dorsalis ဟုခေါ်သည်။ တစ်ခါတစ်ရံတွင် ဦးနှောက်ထိခိုက်ပါက တစ်ကိုယ်လုံး ကြွက်သားများသေပြီး စိတ်ပါချွတ်ယွင်းလာမည်။

 

၎င်းကို GPI. General paralysis of the insane ဟုခေါ်သည်။ Syphilis ရောဂါ၏ နောက်ဆုံးအဆင့်တွင်
ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်လာမည်။ နှလုံးထိခိုက်ခြင်း၊ အသည်းပျက်စီးခြင်း၊ မျက်စိမမြင်ခြင်းတို့ပင် ဖြစ်လာတတ်၏။ ရောဂါဖြစ်ပွားမှုမှာ လွန်စွာနှေးကွေးသဖြင့် မူလရောဂါဖြစ်ပွားပြီး နှစ်ပေါင်း (၂ဝ) ကျော်ကြာမှ အာရုံကြောထိခိုက်မှုများ ရှိလာပါမည်။ ထိုရောဂါသည် လိင်မှတစ်ဆင့်သာ ကူးစက်နိုင်ပြီး အကြောင်းရင်းမှာ spirochatet သည် ကိုယ်ခန္ဓာပြင်ပတွင် လျင်မြန်စွာ သေဆုံးနိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် အိမ်သာထိုင်ခုံများမှ ကူးစက်ခြင်း စသည်တို့အတွက် စိုးရိမ်ရန်မလိုပေ။ Syphilis မှာ သန္ဓေသားသို့ ကူးစက်နိုင်သဖြင့် မိခင်လောင်းများ ဆေးရုံသို့ လာပြတိုင်း စစ်ဆေးမှုများ ပြုလုပ်ပေးလေ့ ရှိပါသည်။ ထိုရောဂါသည် ကုသ၍ ရသဖြင့် ရှက်ရွံ့ခြင်းကြောင့် မပြသမိပါက ရောဂါအခြေအနေ ဆိုးရွားလာနိုင်ပြီး စောစီးစွာ ကုသမှုခံယူခြင်းက အရေးကြီးဆုံးဖြစ်၏။ ဆရာဝန်က စိတ်ချရသော အဆင့်အထိ ရောက်အောင်ကုသမှုကို ခံယူရန်လည်း လိုအပ်ပါသည်။

Credit : ဒေါက်တာမေမိုးနွယ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18