Print

ဆယ်ကျော်သက်များနှင့် အဝလွန်ခြင်း

  03-Aug-2019
Preview Image

          ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဝလွန်ရောဂါဖြစ်နှုန်းမှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်မှစ၍ တစ်ဟုန်ထိုး တိုးတက်လာပြီး ကြိုတင်ကာကွယ်နိုင်သော ရောဂါများဖြစ်ရခြင်း၏ ကမ္ဘာ့နံပါတ်နှစ်အကြောင်းရင်း တစ်ရပ်ဖြစ်နေပါသည်။ အဝလွန်ခြင်းမှဆက်ပြီး ဖြစ်ပွားနိုင်သော ရောဂါများတွင် ဆီးချိုသွေးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဦးနှောက်တစ်သျှူးသေဆုံးခြင်း၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများ ဖြစ်နိုင်ပါသည်။

          ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ သေဆုံးမှုများထဲတွင် အဝလွန်ရောဂါကြောင့် သေဆုံးမှုမှာ ပဉ္စမမြောက်အများဆုံး ဖြစ်နေပါသည်။

          အဝလွန်ရောဂါဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လူနေမှုပုံစံနဲ့ ဆက်စပ်နေပါသည်။ နောက်တစ်ခုကတော့ မျိုးရိုးဗီဇကြောင့်ပါ။ အဝလွန်ရောဂါကို ကုသသောအခါတွင် လူနေမှုပုံစံကို ပြုပြင်ပြောင်းလဲခြင်းအပြင် ဆေးဝါးဗေဒကုထုံးနှင့်ပါ တွဲ၍ကုသလေ့ရှိကြသည်။


BMI တွက်ချက်နည်း

          ကိုယ်အလေးချိန်သည် ရှိသင့်သည်ထက် ကျော်နေပါသလား၊ အဝလွန်နေပြီလား ဆိုသည်ကို BMI (Body Mass Index) နှင့် တွက်ကြည့်ပြီး သိနိုင်ပါသည်။ BMI တွက်ဖို့အတွက် ကိုယ်အလေးချိန်နှင့် အရပ်အမောင်း သိရင်ရပါပြီ။


ပုံသေနည်းကတော့ -

BMI = ကိုယ်အလေးချိန်(ပေါင်) × ၇၀၃

          အရပ်အမောင်း(လက်မ)၂

ဥပမာ - ကိုယ်အလေးချိန် ၁၀၈ပေါင်၊ အရပ်အမောင်း ၅ပေ ၄ လက်မ(၆၄လက်မ) ရှိပါက

BMI    = ၁၀၈×၇၀၃

            ၆၄×၆၄

          =၁၉

BMI ကို အုပ်စု ၅စု ခွဲထားပါတယ်။ BMI ၁၉ - ၂၄ အတွင်းကို ကျန်းမာရေးကောင်းသောအုပ်စု၊ BMI ၂၅ - ၂၉ အတွင်းကို ကိုယ်အလေးချိန်ပိုသောအုပ်စု၊ BMI ၃၀ - ၃၄ အတွင်းကို အဝလွန်အဖွဲ့ (၁)၊ BMI ၃၅ - ၃၉ အတွင်းကို အဝလွန်အဖွဲ့ (၂)၊ BMI 40 – 50 အတွင်းကို အဝလွန်အဖွဲ့ (၃) ဆိုပြီး WHO ကသတ်မှတ်ထားပါတယ်။ အာရှတိုက်သားတွေအတွက် BMI ၂၃ နှင့်အထက်ဆိုလျှင်ပင် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေများနေပါသည်။


စွမ်းအင် ဇီဝကမ္မဖြစ်စဉ်

(Energy Metabolism)

          ခန္ဓာကိုယ်တွင်းမှာ သိုလှောင်သည့် စွမ်းအင်ပမာဏသည် အဝင်နှင့်အထွက် မျှတဖို့လိုအပ်ပါသည်။ အစာစားတာက များပြီးထုတ်သုံးတဲ့စွမ်းအင်က နည်းနေပါက ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုများလာနိုင်ပါသည်။


အစာစားလိုစိတ် (Appetile)

          အစာစားချင်တယ်၊ မစားချင်ဘူးစသည်များကို အဆုံးအဖြတ်လုပ်ပေးနေတာ ဦးနှောက်မှ ဖြစ်ပါသည်။ အစားအစာ စားချင်သည့် စိတ်ကို ဦးနှောက်တွင်ရှိသော Ventromedial Hypothalamus မှ လုပ်ဆောင်ပေးပြီး ဗိုက်ပြည့်သွားပြီ မစားချင်တော့ဘူးဆိုသည့်အသိကို ဦးနှောက်တွင်ရှိသော Lateral Hypothalamus မှ လုပ်ဆောင်ပေးပါသည်။ စွမ်းအင်အဝင်၊ အထွက်မျှတစေဖို့ ဗိုက်ဆာတယ်၊ ဗိုက်ပြည့်တယ်ဆိုသည့် အသိစိတ်(Satiety & Feeding Center) ကို ဦးနှောက်မှ ထောက်လှမ်းသိမြင်နိုင်စွမ်းရှိရပါမည်။ အူလမ်းကြောင်းကလည်း အစာပြည့်ဝမှု၊ မပြည့်ဝမှုစသည့် အသိစိတ်တွေအပေါ် သက်ရောက်မှုပေးနိုင်သော ဟော်မုန်းများနှင့် ဇီဝကမ္မပစ္စည်းများ ထုတ်ပေးပါသည်။ ကြွက်တွေမှာ စမ်းသပ်မှုတွေပြုလုပ်ခဲ့သော မှတ်တမ်းများအရ အူလမ်းကြောင်းတွင်ရှိသော အစာပြည့်ပြီကိုသိစေနိုင်သော Peptide Receptors များမရှိရင် သို့မဟုတ် ပျက်ဆီးသွားရင် သို့မဟုတ် ပုံမှန်အလုပ်မလုပ်နိုင်ရင် လိုအပ်တာထက်ပိုပြီး အစာစားသုံးမှုမြင့်လာနိုင်ပါသည်။

          နောက်တစ်ခုကတော့ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသော ဟော်မုန်းများနှင့် Peptides များကို လှုံ့ဆော်မှုများသော အခါမှာလည်း အလွန်အကျွံစားတာတွေ ဖြစ်လာနိုင်ပါသည်။


လူနေမှုပုံစံပြောင်းလဲနေထိုင်ခြင်း

          အဝလွန်ခြင်းအတွက် ကုသရန် အရင်ဆုံး ကြိုးစားသင့်သည်မှာ လူနေမှုပုံစံကို ပြောင်းလဲကြည့်ဖို့ဖြစ်ပါသည်။ တွင်အခြေခံ အချက်သုံးချက်ရှိပါသည်။


(၁) အာဟာရရွေးမှု (Dietary Modification)

          ကလေးများနှင့် ဆယ်ကျော်သက်များဟာ ဖွဲ့ဖြိုးဆဲကာလဖြစ်သောကြောင့် အစာအာဟာရ ရွေးချယ်သည့်အခါတွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်များ၊ ပရိုတင်းပါဝင်သော အစားအစာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများကို သင့်တင့်စွာ စားသုံးဖို့ လိုအပ်ပါသည်။ အဆီများသော စားစရာများနှင့် သွားရည်စာများကို လျှော့စားသင့်ပါသည်။ တိရစ္ဆာန်မှရသော အဆီများက စားစရာတွေရဲ့ အမြင်ကို လှပစေနိုင်စွမ်းရှိတာကြောင့် အစာစားချင်စိတ်ကို ပိုပြီး ဖြစ်ပေါ်စေပါသည်။

          အဆီများသော အစားအစာများတွင် ပါဝင်သော စွမ်းအင်သိပ်သည်းဆမှာ များလွန်းနေပြီး တော်ရုံနှင့်ဗိုက်ပြည့်တင်းမှု မရှိတာကြောင့် အများကြီးစားမိနိုင်ပါသည်။ သည်အခါမှာ လိုအပ်သည်ထက်ပိုသော စွမ်းအင်များကို ခန္ဓာကိုယ်က အဆီပိုတွေအဖြစ် သိုလှောင်လိုက်ပါသည်။ လူတွေရဲ့ခန္ဓာကိုယ်က အဆီပိုတွေဟာ စားစရာတွေက ရလာတာဖြစ်ပါသည်။


(၂) ကိုယ်လက်လှုပ်ရှားမှု (Physical Activity)

          ကလေးများနှင့် ဆယ်ကျော်သက်များဟာ တစ်နေ့တွင် အနည်းဆုံး တစ်နာရီ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်သင့်ပါသည်။ ပုံမှန်အားကစားပြုလုပ်ပေးခြင်းဖြင့် အရိုးနှင့် ကြွက်သားများ တည်ဆောက်သောအခါတွင် သန်မာစေသည့်အပြင် အဝလွန်ခြင်းနှင့် ဆက်စပ်လျက်ရှိသော ရောဂါများကိုပါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။

          စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းစေကာ စာသင်ကြားသည့်အခါတွင်လည်း တက်တက်ကြွကြွနှင့် အာရုံစူးစိုက်နိုင်မည်ဖြစ်ပါသည်။


(၃) အပြုအမူပိုင်းဆိုင်ရာရွေးချယ်မှု (Behavioural Modification)

          အားလပ်ချိန်များကို အသုံးချသည့် အခါတွင်လည်း တစ်နေကုန်ဂိမ်းထိုင်ဆော့တတ်သောအကျင့်၊ တီဗွီအကြာကြီး ထိုင်ကြည့်တတ်သော အလေ့အကျင့်များကို အမြဲတစေ မလုပ်စေသင့်ပါဘူး။ အထိုင်များသော အလေ့အကျင့်များ (Sedentary Behaviour) ဟာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် အထိုင်၊ အလှဲများသော အလေ့အကျင့်များကို တတ်နိုင်သမျှ လျှော့ချပေးသင့်ပါသည်။

Credit: ထူးဒါလီကိုကို (MPharm)



Related Articles


Advertisment 18