Print

အသည်းရောင်အသားဝါ အေရောဂါ

  02-Jun-2019
Preview Image

အသည်းရောင်အသားဝါ အေ (Hepatitis A) ရောဂါက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါပါ။ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ပေါ့။ Entero Virus မျိုးနွယ်ဝင်ဖြစ်ပြီး RNA သယ်ဆောင်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်က DNAသယ်ဆောင်လာတဲ့ ဗိုင်းရပ်စ်ပါ။ ဒီ အေ ဗိုင်းရပ်စ်က အချင်း 27 nm ရှိပါတယ်။ အလွန်ကူးစက်လွယ်ပါတယ်။ အဓိက ကူးစက်တဲ့လမ်းကြောင်းကတော့ Faecal – Oral Route လို့ခေါ်တဲ့ မစင်မှတစ်ဆင့် မသန့်ရှင်းတဲ့ အစားအစာ၊ ရေစတာတွေကို စားသောက်မိရာကနေ ကူးစက်ပါတယ်။ တံတွေးမှတစ်ဆင့်လည်း ကူးစက်တတ်ပါတယ်။ အသားဝါဘီပိုးကို သွေးကတစ်ဆင့်တို့၊ လိင်ဆက်ဆံမှုတို့ကနေတော့ ကူးစက်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲဒီရောဂါ ပိုးရောက်ရှိပြီး နှစ်ပတ်မှ လေးပတ်အတွင်း ရောဂါလက္ခဏာပြလေ့ရှိပါတယ်။ လက္ခဏာမပြဘဲလည်း နေတတ်ပါတယ်။ အဲဒီလိုလက္ခဏာ မပြပေမယ့် ဒီ အေပိုးသွေးထဲမှာ ရှိတဲ့ လူရဲ့ မစင်ထဲမှာတော့ ဒီပိုးတွေကို စွန့်ထုတ်နေလေ့ရှိပါတယ်။ ဒီတော့ ဒီရောဂါမပြခင် နှစ်ပတ်ကနေ ရောဂါလက္ခဏာ ပြပြီးနှစ်ပတ်အတွင်းမှာ ဒီအသည်းရောင်အသားဝါ အေပိုး သယ်ဆောင်ထားတဲ့ လူနာဟာ အခြားသူတွေကို ကူးစက်နိုင်စွမ်း အများဆုံးအဆင့်မှာ ရှိပါတယ်။

ရောဂါလက္ခဏာတွေ အနေနဲ့တော့ မျက်လုံးတွေ ဝါမလာခင်၊ အသားတွေ ဝါမလာခင် နှစ်ပတ်လောက်စပြီး ခေါင်းကိုက်တာ၊ ကြွက်သားတွေနာတာ၊ အဆစ်တွေ နာတာ၊ ပျို့တာ၊ အန်တာ၊ အစာစားချင်စိတ် မရှိတာတွေ ဖြစ်လေ့ရှိပါတယ်။ တုပ်ကွေးရောဂါအပါအဝင် တခြားရောဂါတွေမှာလည်း ဒီလက္ခဏာမျိုး ပြလေ့ရှိတဲ့အတွက် သာမန်တုပ်ကွေး ထင်တတ်ကြပါတယ်။ ဒီအဆင့်ကို Non-Specific Prodrmal Illness လို့ခေါ်ပါတယ်။
အဲဒီအဆင့်ပြီးရင်တော့ အန်တာ ပိုဆိုးလာတတ်တယ်။ ဝမ်းပျက်လာတတ်တယ်။ ဗိုက်တင်းပြီး မအီမသာ ဖြစ်နေတတ်တယ်။ ညာဘက်နံရိုးအောက် အသည်းနေရာက အောင့်လာတတ်တယ်။ မျက်လုံးဝါနေတာ၊ အသားဝါလာတာကို တခြားသူတွေကစပြီး သတိထားမိလေ့ရှိတယ်။ ဆီးအရောင် ပုံမှန်ထက် ပိုရင့်လာတတ်သည်။ ဝမ်းသွားသည့်အခါ ရွှံ့စေးလို ခပ်ဖြူဖြူအရောင်တွေ သွားတတ်ပါတယ်။ အသည်းနဲ့အတူ ဗေလုံး (Spleen) လည်း ကြီးနေတတ်သည်။ လည်ပင်းတစ်ဝိုက်က အကျိတ်လေးတွေ ကြီးလာတတ်တယ်။ လူကြီးတွေထက် ကလေးတွေမှာ ဒီလက္ခဏာတွေ ပိုသိသာတတ်တယ်။ ပြန်ကောင်းဖို့၊ တစ်လ၊ တစ်လခွဲလောက် ကြာတတ်ပါတယ်။ ဒီကြားထဲမှာ ရုတ်တရက် အသည်းပျက်စီးသွားတာ (Acute Liver Failure) ဝင်တတ်ပါတယ်။ အသက်အန္တရာယ်နှင့် အလွန်နီးစပ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ပြန်ကောင်းသွားရင်တော့ “ဘီ” ပိုးလို နာတာရှည်ဖြစ်လေ့မရှိဘဲ ခန္ဓာကိုယ်အတွင်း ခုခံအားပေါ်လာပါတယ်။

ဒီရောဂါသံသယဖြစ်ပြီဆိုရင် တတ်ကျွမ်းသူနှင့် တိုင်ပင်ပါ။ စနစ်တကျ တိတိကျကျ
သွေးစစ်ပြီး အဖြေထုတ်လို့ ရပါတယ်။ ကုသမှုအနေနဲ့တော့ “ဘီ” ပိုးတို့၊ “စီ” ပိုးတို့လို ဗိုင်းရပ်စ်ကို တိုက်မယ့်ဆေး Anti Virus မရှိသေးပါဘူး။ ဒီတော့ အသည်းပျက်နှုန်းနှင့် တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်မှုရှိမရှိ စစ်ဆေးပြီး ပိုဆိုးမလာခင် ထိန်းညှိ
ကုသပေးရပါတယ်။ အဓိကတော့ Acute Liver Failure မဝင်အောင် ထိန်းပေးရပါတယ်။ အသည်းပျက်သွားပြီဆိုရင်တော့ သွေးကျဲနှုန်း အလွန်မြင့်မားသွားတတ်တဲ့အတွက် ခန္ဓာကိုယ်အနှံ သွေးယိုစီးမှုတွေ ဖြစ်လာပါတယ်။ ကိုယ်အပူချိန်တွေ တက်လာမယ်။ နောက်ဆုံး သတိလစ်သွားပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ ဒီအသည်းရောင်အသားဝါ အေရောဂါ ဟာဖြစ်မှ ကုသတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်မယ်ဆိုရင် အလွန်ထိရောက်ပြီး အကျိုးရှိတဲ့ ကုထုံးဖြစ်မှာပါ။ ကာကွယ်ရာမှာလည်း အရေးကြီးဆုံးကတော့ မသန့်ရှင်းတဲ့ အစားအစာ၊ ရေ (ရောဂါပိုးရှိသူရဲ့ မစင်နဲ့ထိတွေ့ထားတဲ့) စတာတွေက တစ်ဆင့် အဓိကကူးစက်တာ ဖြစ်လေတော့ Environmental Sanitation လို့ခေါ်ပါတယ်။ ပတ်ဝန်းကျင် သန့်ရှင်းရေး အဆင့်အတန်းမြင့်အောင် ကြိုးစားရပါလိမ့်မည်။ ယင်လုံအိမ်သာနဲ့ စနစ်တကျ မစင်စွန့်ပစ်မယ်၊ အစားအသောက်တွေကို သန့်ရှင်းစင်ကြယ်စွာဆေးကြော ချက်ပြုတ် ကိုင်တွယ်မယ်၊ သုံးစွဲတဲ့ ပန်းကန်ခွက်တွေကို အမြဲသန့်ရှင်းအောင် ထားမယ်၊ အစာမစားမီနဲ့ စားပြီးချိန်မှာ လက်ကိုဆပ်ပြာနဲ့ သန့်ရှင်းစင်ကြယ်စွာဆေးမယ်။ ခရီးသွားတဲ့အခါ တွေ့တဲ့ရေကို မသောက်တာ စတဲ့ အခြေခံအချက်အလက်လေးတွေကိုပဲ ထိထိမိမိလိုက်နာ ကျင့်သုံးမယ်ဆိုရင် ဒီအသည်းရောင်အသားဝါ အေရောဂါကို ကာကွယ်ပြီးသား ဖြစ်ပါမယ်။ အခုအခါမှာတော့ ကာကွယ်ဆေးလည်း ပေါ်နေပြီဖြစ်တဲ့အတွက် ဘီပိုးကာကွယ်ဆေး ထိုးရင်းနဲ့ပဲဖြစ်ဖြစ်၊ သူ့ချည်းပဲသက်သက်ဖြစ်ဖြစ် ထိုးလို့ရနေပါပြီး

Credit : ဒေါက်တာဟိန်းရာဇာအောင်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 

 



Related Articles


Advertisment 18