Print

ကလေးငိုနေလား၊ သီချင်းနဲ့ ချော့ပါ

  16-May-2019
Preview Image

ကလေး အငိုတိတ်အောင် စကားတွေကလေးကို ပြောနေမည့်အစား သီချင်းဆိုပြပါဟု လေ့လာမှု စစ်တမ်းတစ်ရပ်ကဆိုသည်။ လေ့လာမှုအရ ကလေးသည် သီချင်းနားထောင်ရသည့်အခါ မိဘစကားပြောတာ နားထောင်ရတာထက် နှစ်ဆလောက် အချိန်ကြာကြာ ပိုငြိမ်စွာနေတတ်သလို၊ အငိုတိတ်လည်း ပိုမြန်ကြောင်း တွေ့ရသည်။ ကလေးများသည် သီချင်းစာသားကို နားမလည်သည့်တိုင် ဂီတသံစဉ်မှာ စီးမျောနိုင်စွမ်းတွင်မူ လူကြီးများနှင့် အတူတူပင်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုလိုက်သည်။ ကနေဒါနိုင်ငံ မွန်ထရီအဲ တက္ကသိုလ်မှ ပါမောက္ခ အစ္စဘယ်လာပါရက်ဇ်နှင့် အဖွဲ့က လေ့လာသုတေသန ပြုထားခြင်းဖြစ်သည်။ အသက်ခြောက်လမှ ကိုးလကြား ကျန်းမာသန်စွမ်းသော ကလေးငယ် (၃၀) ဖြင့် သုတေသနပြုထားသည်။ မိဘက တီတီတာတာ စကားဆိုသည်။ လူကြီးသံပုံမှန်အတိုင်း စကားပြောသည်။

 

ကလေးများ နားမလည်သည့် တူရကီ သီချင်းဖွင့်ပြသည်။ လေ့လာမှု အပြည့်အစုံကို Infancy ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ ကလေးများ ပုံမှန်အနေအထားမှသည် ငိုချင်ချင် ဖြစ်လာသည်အထိ စမ်းသပ်သည်။ ထိုအခါ မိဘက တီတီတာတာ စကားပြောချိန်တွင် လေးမိနစ်အကြာ၌ ကလေးငိုသည်။ လူကြီးသံနှင့်ပုံ မှန်ပြောသည်တွင် လေးမိနစ် မပြည့်ခင်မှာပင် ကလေးငိုသည်။ ကလေးနားမလည်သော တူရကီသီချင်း ဖွင့်ပြသည်တွင် ကိုးမိနစ်ကြာမှ ကလေးငိုသည်။ ထိုသုံးခုကို ယှဉ်ကြည့်ရုံဖြင့် ကလေးများသည် ဂီတသံကို အကြိုက်ဆုံးဖြစ်ကြောင်း သိနိုင်သည်ဟု စစ်တမ်းကဆိုသည်။ သို့ဖြစ်ရာ မိဘများအနေဖြင့် ကလေးငိုနေသည့် အခါတွင်လည်း စကားပြောကာ ချော့မည့်အစား သီချင်းဆိုပြခြင်းသည် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု စစ်တမ်းက အကြံပြုသည်။

Credit : Messenger
 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18