Print

လိပ်ခေါင်းရောဂါအကြောင်း သိကောင်းစရာ

  26-Apr-2019
Preview Image


လိပ်ခေါင်းဆိုသည်မှာ စအိုဝ၌ ပေါ်ပေါက်လာသော ဖောင်းကြွပြီး နာကျင်မှုရှိသည့် သွေးပြန်ကြောများဖြစ်ပါသည်။ ဆေးပညာအရ Haemorrhoid, Piles, Rectal Lump စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိပါသည်။ လိပ်ခေါင်းရောဂါသည် လူတော်တော်များများတွင်ဖြစ်လေ့ရှိသည့် ရောဂါတစ်ခုဖြစ်ပါသည်။ ဝမ်းချုပ်တတ်သူများ၊ ဝမ်းသွားချိန်တွင် အားသုံး၍ ဝမ်းညှစ်တတ်သူများ၊ အညောင်းထိုင် အလုပ်လုပ်သူများ၊ စအိုဝတွင် အနာရောဂါဖြစ်သူများနှင့် အသည်းခြောက်ရောဂါရှိသူများတွင် အဖြစ်များပါသည်။ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားပြီး အချိန်များတွင်လည်း ဖြစ်တတ်ပါသည်။

စအိုဝရှိ သွေးပြန်ကြောများတွင် သွေးဖိအားများလာသော အခါလိပ်ခေါင်းရောဂါဖြစ်စေပါသည်။ စအိုဝရှိ သွေးပြန်ကြောများ၏ သွေးလျှောက်မှုကို ဖိနှိပ်ပိတ်ဆို့စေသောအခါ သွေးပြန်ကြောအတွင်း သွေးများစုပုံလာပြီး ဖိအားများလာပါသည်။ ဖိအားများလာသောကြောင့် စအိုဝရှိ သွေးပြန်ကြောများ ဖောင်းပွလာကာ နာကျင်မှုဝေဒနာကို ခံစားလာရပါသည်။ အထူးသဖြင့် ထိုင်နေသည့် အနေအထားတွင် နာကျင်မှုဝေဒနာကို သိသိသာသာ ခံစားရပါသည်။ လိပ်ခေါင်းသည် စအိုဝ၏ အတွင်း (Internal Haemorrhoids) ၌ ပေါ်နိုင်သကဲ့သို့ စအိုဝ၏အပြင် (External Haemorrhoids) ၌လည်း ပေါ်ပေါက်နိုင်ပါသည်။ လိပ်ခေါင်း ဖြစ်ပြီဆိုပါက စအိုဝအနီးတဝိုက်တွင် ယားယံလာတတ်ပါသည်။ ထို့နောက် စအိုဝပတ်ပတ်လည်တွင် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားလာရပြီး ၎င်းဝေဒနာသည် ထိုင်နေသည့် အချိန်တွင် ပိုဆိုးပါသည်။ တစ်ခါ တစ်ရံတွင် စအိုဝမှ သွေးယိုစီးမှုရှိနိုင်ပြီး သွေးစသွေးနများကို မစင်ပေါ်တွင်လည်းကောင်း၊ အိမ်သာခွက်ထဲတွင်လည်းကောင်း၊ အိမ်သာသုံးစက္ကူပေါ်တွင်လည်းကောင်း တွေ့ရနိုင်ပါသည်။

ဝမ်းသွားချိန်တွင် နာကျင်မှုရှိနိုင်ပါ သည်။ စအိုဝပတ်ပတ်လည်တွင် နာကျင်မှုရှိသော အလုံးအကျိတ်များတစ်ခု သို့မဟုတ် တစ်ခု ထက်ပိုကာ ပေါ်ပေါက်လာနိုင်ပါသည်။ ဆရာဝန်မှ ကြည့်ရှုစမ်းသပ်သောအခါ စအိုဝကို စမ်းသပ်စစ်ဆေး ကြည့်ရုံဖြင့် လိပ်ခေါင်းရောဂါရှိကြောင်း ဖော်ထုတ်နိုင်လေ့ရှိပါသည်။ လိုအပ်ပါက Sigmoidoscopy သို့မဟုတ် Anoscopy များ အသုံးပြုကာ စမ်းသပ်မည် ဖြစ်ပါသည်။ လိပ်ခေါင်းရောဂါဖြစ်ပြီဟု ယူဆပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။ Corticosteroids Cream လိမ်းပေးခြင်းသည် လိပ်ခေါင်းကြောင့်ဖြစ်ပေါ်သော နာကျင်ရောင်ရမ်းမှုကို သက်သာစေပါသည်။ ဝမ်းပျော့ဆေး စားသုံးခြင်းသည် ဝမ်းညှစ်အား အသုံးပြုမှုကိုလျော့ကျစေပါသည်။ ချည်သားစစ်စစ်ဖြင့် ပြုလုပ်ထားသော အောက်ခံဘောင်းဘီဝတ်ဆင်ခြင်းသည် ယားယံမှုကို လျော့ကျစေနိုင်ပါသည်။ အိမ်သာသုံးစက္ကူများ အသုံးမပြုရပါ။ ယားယံမှုကို ပိုဆိုးစေသောကြောင့် ဖြစ်ပါသည်။

ယားယံသော စအိုဝကို မကုတ်မိပါစေနှင့်။ ရေနွေးနွေးတွင် စအိုကိုစိမ်၍ ၁ဝ မိနစ်မှ ၁၅ မိနစ်ခန့် ထိုင်ပေးခြင်းသည် သက်သောင့်သက်သာရှိစေနိုင်ပါသည်။ မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင် သောက်ဆေးသောက်ရုံဖြင့် သက်သာပျောက် ကင်းနိုင်သော်လည်း ပြင်းထန်လာပါက ခွဲစိတ်ကုသသော နည်းလမ်းများကို အသုံးပြုရတတ်ပါသည်။ လိပ်ခေါင်းရောဂါကို ကုသရာတွင် Infrared coagulation နည်းမှာ လိပ်ခေါင်းအား ရှုံ့ဝင်ပျောက်ကွယ်သွားအောင် ပြုလုပ်သောနည်း ဖြစ်ပါသည်။ မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင် Infrared coagulation နည်းသည် ထိရောက်မှုရှိပြီး ခွဲစိတ်ကုသမှုကို ရှောင်ကျဉ်ရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ နာကျင်မှုဝေဒနာ ပြင်းထန်စေသော လိပ်ခေါင်းရောဂါများနှင့် သွေးယိုစီးမှုများသော လိပ်ခေါင်းရောဂါများတွင် အခြားနည်းလမ်းများ အသုံးပြု၍ မသက်သာသောအခါ ခွဲစိတ်ကုသသည့် နည်းလမ်းကို အသုံးပြုရပါသည်။

 

ခွဲစိတ်ကုသမှု ပြုလုပ်ရန် လိုအပ်လာသောအခါ အရပ်သုံးစကားဖြင့် သားရေကွင်းပစ်သည်ဟု ခေါ်ဆိုလေ့ရှိသော Rubber band ligation နည်းလမ်းကို အသုံးပြု သကဲ့သို့ လိပ်ခေါင်းကို ခွဲစိတ်လှီးထုတ်သော Surgical Haemorrhoidectomy နည်းလမ်းကိုလည်း အသုံးပြုလေ့ရှိပါသည်။ လိပ်ခေါင်းရောဂါပြင်းထန်ပါက စအိုဝရှိ ဖောင်းကြွနေသော သွေးပြန်ကြောအတွင်း၌ သွေးခဲဖြစ်ပေါ်တတ်ပါသည်။ ထိုကဲ့သို့ သွေးခဲဖြစ်ပေါ်သောအခါ ၎င်းင်းသွေးပြန်ကြောအနီးရှိ အသားစများပုပ်သွားတတ်ပါသည်။ ထိုအခြေအနေတွင် လိပ်ခေါင်းနှင့် သွေးခဲကို ခွဲထုတ်ဖယ်ရှားရလေ့ရှိပါသည်။ လိပ်ခေါင်းမှ သွေးယိုစီးမှုသည် အများအားဖြင့် မပြင်းထန်တတ်ပါ။ အကယ်၍ လိပ်ခေါင်းမှ သွေးယိုစီးမှုသည် ပြင်းထန်ပါက အချိန်ကြာမြင့်သောအခါနောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် သံဓာတ်လျော့နည်းသည့် သွေးအားနည်းရောဂါ (Iron deficiency anaemia) ဖြစ်ပေါ်နိုင်ပါသည်။

Ref:
သန့်ဇော် (ဆေး-၂)
Source : Health Magazine (ကျန်းမာရေးမဂ္ဂဇင်း)
ကျန်းမာရေးသတင်းများ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18