Print

မရမ်းသီးအကြောင်း

  18-Apr-2019
Preview Image

မရမ်းသီးအမှည့်ကို သကြားရေစိမ်ပြီး စားကြသလို မရမ်းသီးစိမ်းကို ဟင်းလျာအမျိုးမျိုး ပြုလုပ်ပြီး စားသုံးကြပါတယ်။ မရမ်းသီး ငါးပိထောင်း၊ မရမ်းသီး စိမ်းငါးပိချက်အစ ရှိသဖြင့် အရသာထူးကဲအောင် စားသုံးလေ့ရှိကြပါတယ်။

မရမ်းသီးခြောက်ကို ငါး၊ ဝက်သားတို့နဲ့ တွဲဖက် ချက်စားလေ့ရှိပါတယ်။ မရမ်းသီး သုပ်မှာလည်း ကြားရရုံနဲ့ သွားရည်ယိုနိုင်တဲ့ အစားအစာ တစ်မျိုးပဲဖြစ်ပါတယ်။ အဲဒီလို ဘက်စုံအသုံးဝင်တဲ့ မရမ်းသီးရဲ့ အာဟာရ အချိုးအဆနဲ့ အသုံးဝင်ပုံကို တင်ပြချင်ပါတယ်။

အချဉ်ဓာတ်ကဲတဲ့ မရမ်းသီးမှာ-

Calorie ၆ဝ
Vitamin C ၁၇ ရာခိုင်နှုန်း
Vitamin A ၇ ရာခိုင်နှုန်း
Calcium ၁ ရာခိုင်နှုန်း
Iron ၅ ရာခိုင်နှုန်း
Carbohydrate 16 mg

အဆီကျ လှပစေခြင်းမှာ Vitamin C များစွာပါဝင် သောကြောင့် ဖြစ်ပြီး အသားအရေ ကြည်လင်လှပစေနိုင်သောကြောင့်လည်း တန်ဖိုး ရှိလှတဲ့ အသီးအနှံလည်းဖြစ်ပါတယ်။ Vitamin A လည်း ပါဝင်သည်ဖြစ်ရာ ဓာတ်တိုးဆန့်ကျင်နိုင်ခြင်းကြောင့် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည့်အပြင် အသားအရေလည်းတင်းရင်း လှပစေနိုင်ပါတယ်။ ဒါ့ကြောင့် အလှအပ တန်ဖိုးထားသူများ အကြိုက်တွေ့နိုင်မည့် သီးနှံလည်း ဖြစ်ပါတယ်။

သံဓာတ် ကယ်လစီယမ်ဓာတ်တို့လည်း အချိုးကျ ပါဝင်တာကြောင့် ကျန်းမာရေးကို စောင့်ရှောက်ပေးမည့် အစားအစာလည်း ဖြစ်ပါသည်။

အချဉ်ကဲသော မရမ်းသီးတွင် ခံတွင်းမြိန်စေတဲ့ အစာစားချင်စိတ်ကို များစွာဖြစ်ပေါ် စေနိုင်ပါတယ်။ မရမ်းချိုသီးကို သူ့အတိုင်းပဲ ရေစင်စင်ဆေးပြီး စားသုံးနိုင်သလို အချို ဓာတ်ကို ပေးစွမ်းနိုင်သောကြောင့် စွမ်းအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

မရမ်းသီးကို အထက်ဖော်ပြပါ တွဲဖက် စားသောက်သော အသားငါးများနဲ့ စားသုံးပါက အသားဓာတ်များပါ တိုးပွားနိုင်သောကြောင့် အာဟာရမျှတစွာ ရရှိနိုင်မှာဖြစ် ပါတယ်။ မရမ်းသီးသုပ်စားလျှင် ပါဝင်သော ပဲမှုန့်၊ ပုစွန် ခြောက်တို့ဖြင့် တွဲဖက် စားသောက်သောကြောင့် အသားဓာတ် သတ္တုဓာတ် များပေါများ စွာရရှိနိုင်ပါသေးတယ်။

မရမ်းသီး စားသုံးခြင်းဖြင့် မရမ်းသီးမှ ရတဲ့ အာဟာရသာမက တွဲဖက်စားသောက်သောပစ္စည်းများ မှရသော အာဟာရဓာတ်ကိုလည်း ရရှိစေနိုင်ပါတယ်။

အမှည့်လွန်ပြီး ယင်ပေါများ ချိန်မှာများစွာ စားသုံးမိပါက ဝမ်းရောဂါရစေနိုင်သောကြောင့် ဆင်ခြင်သင့်ပါတယ်။

Credit : ဒေါက်တာဇာနည်ဝင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18