Print

ခံတွင်းနံ့ဆိုးခြင်း

  01-Mar-2017
Preview Image

ခံတွင်းနံ့ဆိုးခြင်းသည် အသက်ရှူ ထုတ်လိုက်သောလေ၊ သို့မဟုတ် စကားပြောဆိုရာတွင် ထွက်သောလေ အနံ့ဆိုးမှုကို ဖြစ်စေသည်။ ဆေးပညာတွင် Halitosis ဟုခေါ်ဆိုပါသည်။ နံနက် အိပ်ရာထချိန်တွင် အတော်အသင့် အနံ့ဆိုးရွားမှုမှာ သာမန်ဟု ဆိုနိုင်ပါသည်။ တချို့လူတို့တွင် ခံတွင်းနံ့ဆိုးခြင်းမှာ တစ်ခါတစ်ရံသာ ဖြစ်တတ်သော်လည်း အချို့တွင် အမြဲတမ်းလိုလို ဖြစ်နေတတ်ပါသည်။ အဓိက ဖြစ်ပွားလေ့ရှိသည်မှာ အာသီးရောင်ခြင်းနှင့် ထိပ်ကပ်နာတို့ကြောင့် ဖြစ်ပါသည်။

 

ခံတွင်းနံ့ ဆိုးစေနိုင်သော အကြောင်းများမှာ -

• ခံတွင်းရှိ ဘက်တီးရီးယားများကြောင့် ဆာလဖာပေါင်းများ ထုတ်လုပ်ခြင်း 
• သွားနှင့်ခံတွင်း ဆေးကြောသန့်စင်မှု မရှိခြင်း
• သွားပိုးစားခြင်း
• တချို့သော အစားအသောက်များ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကော်ဖီ)
• ပါးစပ်နှင့် ခံတွင်းခြောက်သွေ့ခြင်း
• ဆေးလိပ်သောက်ခြင်း
• နှာခေါင်းနောက်ပိုင်း လည်ချောင်းဆိုင်ရာ ရောဂါများ
• ပါးစပ်မှတစ်ဆင့် အသက်ရှူလေ့ရှိခြင်း စသည်တို့ ဖြစ်ပါသည်။ 

 

ခံတွင်းနံ့ဆိုးခြင်းကို သက်သာပျောက်ကင်းလိုပါက အောက်ပါတို့ကို လိုက်နာလုပ်ဆောင်ရန် ဖြစ်ပါသည်။

 

(က) သွားများ၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ သွားများကို နေ့စဉ် အနည်းဆုံး နှစ်ကြိမ် တိုက်ရန် လိုအပ်ပါသည်။ သွားကြား၌ ညပ်နေသော အကြွင်းအကျန်များကို သွားပွတ်ကြိုးဖြင့် ဖယ်ရှားရပါမည်။ လျှာကိုလည်း သန့်ရှင်းစေပါမည်။ အစာစားပြီးတိုင်း ပလုတ်ကျင်းသင့်သည်။

 

(ခ) ရေ (သို့) အရည်ပိုသောက်ရန် လိုအပ်ပါသည်။ ပါးစပ်ခြောက်သွေ့မှု လျော့နည်းစေမည်ဖြစ်သည်။ ခံတွင်းခြောက်သွေ့ပါက ဘက်တီးရီးယား ပွားများလာမှုကို အားပေးရာရောက်ပါသည်။

 

(ဂ) အစားအစာများတွင် ဂရုစိုက် ဆင်ခြင်ရန် လိုအပ်ပါသည်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊တညင်းသီး စသည့် အစားအစာမျိုး ရှောင်ကြဉ်သင့်ပါသည်။ အစားစားပြီးတိုင်း ပါးစပ် ဆေးကြောပေးရပါမည်။

 

(ဃ) ဆေးလိပ် မသောက်ပါနှင့်၊ ဆေးလိပ်သောက်ခြင်းသည် ခံတွင်းပိုင်းဆိုင်ရာ ရောဂါများကို ဖြစ်စေပြီး ခံတွင်းနံ့ဆိုးစေမည်ဖြစ်သည်။

 

(င) အခြားခံတွင်းနံ့ ဆိုးတတ်သူများကိုလည်း ကိုယ်ချင်းစာပေးပါ။ လူတိုင်းလိုလိုပင် ခံတွင်းနံ့ဆိုးမှုနှင့် ကြံူတွေ့ရနိုင်ပါသည်။

 

(စ) ဆရာဝန်ထံ သွားရောက်ပြသ တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်၏ အကူအညီရယူပါ။


Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18