Print

လူကြီးခါးနာ၊ လူငယ်ခါးနာ

  01-Mar-2017
Preview Image

လူကြီးခါးနာရင် ကင်ဆာကို ကြောက်ရတယ် ဆိုပေမဲ့ တကယ်အဖြစ်များတာကတော့ အရိုးပွကနေ ခါးဆစ်ရိုးအက်သွား၊ ကျိုးသွားတဲ့ ဝေဒနာပါ။ သွေးဆုံးပြီးလို့ အရိုးတွေ ပွလာတာကို သတိမထားဘူး။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် “ဒီ” ပြန်မဖြည့်ဘူးဆိုရင် နည်းနည်းလေး ထိခိုက်မိတာနှင့် အရိုးတွေက မဆိုစလောက် အက်သွားပြီး နာနေတတ်ပါတယ်။ ဒါကို အနှိပ်ခံတာ၊ အချိုးခံတာ၊ အနင်းခံတာတွေ လုပ်လိုက်ရင် မခံနိုင်အောင် နာလာတတ်ပါတယ်။ 

 

အဆင်မသင့်ရင် ခါးကိုင်းရုံတင်မကဘဲ ခါးရိုးထဲက သွားနေတဲ့ အာရုံကြောမကြီးကိုပါ ထောက်မိပြီး အောက်ပိုင်းသေသွားနိုင်တာမို့ ဂရုစိုက်သင့်ပါတယ်။ အဘွားကို ဆော်လမွန်ငါးက ထုတ်တဲ့ ကယ်လ်ဆီတိုနင်ဆိုတဲ့ ဟော်မုန်းကို ထိုးပေးလိုက်တာ အနာ မြန်မြန်သက်သာပါတယ်။ Protos ခေါ်တဲ့ Strontium Ranelate ဓာတ်ဆားမှုန့်ကိုလည်း ထည့်ပေးနိုင်တော့ တစ်ပတ်အတွင်း သိသိသာသာကောင်းလာတာ တွေ့ရပါတယ်။ ရေတိုအတွက်တော့ အကိုက်အခဲပျောက်ဆေးလည်း တွဲပေးရတာပေါ့။ ရေရှည်မှာတော့ တစ်ပတ်တစ်ခါသောက်တဲ့ Alendronate ဆေးကို ပေးနိုင်ပါတယ်။ 

 

အသက် ၄၀ အောက် ခါးနာရင်၊ အထူးသဖြင့် အဆစ်ရောင်ပျောက်ဆေးတွေသောက်လို့ သက်သာရင်တော့ ခါးဆစ်ရောင်လေးဖက်နာကို သတိထား စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ယောကျ်ားလေးတွေဆိုရင် ပိုဖြစ်တတ်ပါတယ်။ ခါးနာတဲ့အပြင် မျက်စိနာတယ်။ ဆီးပူတယ်၊ ခါးနဲ့အတူ ဒူးတွေ၊ ခြေချင်းဝတ်တွေပါ ရောင်တယ်ဆိုရင်တော့ ပိုတူလာပါပြီ။ ပထမအနေနဲ့တော့ ခါးရိုးနဲ့ တင်ပါးချပ်ရိုးဆက်တွေကို ဓာတ်မှန် ရိုက်ကြည့်ပါတယ်။ သိသာတဲ့သူတွေမှာတော့ ခါးရိုးပတ်လည်မှာ အရိုးအတက်လေးတွေ ထွက်ပြီး အပေါ်အောက်ဆက်နေလို့ ခါးရိုးဟာ ဝါးလုံးလို ဖြစ်နေတာကို တွေ့ရပါတယ်။ စဖြစ်သူတွေမှာတော့ ဓာတ်မှန်မှာ မပေါ်သေးတာလည်း ရှိနိုင်ပါတယ်။ 

 

ဒီအခါ HLA B 27 ဗီဇစစ်တာနဲ့ MRI သံလိုက်ဓာတ်မှန် ရိုက်တာတွေ လိုလာပါတယ်။ ဆရာဝန်အနေနဲ့ကတော့ ခါးဆစ်ရောင်တဲ့ လက္ခဏာကို သေချာစမ်းရပါတယ်။ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ မတ်တတ်ကနေ ခါးကုန်းပြီး လက်ဖျားနှင့်ကြမ်းပြင် ဘယ်နှလက်မ လွတ်နေလဲဆိုတာ မှတ်ထားရပါတယ်။ ကုသမှု အောင်မြင်လာရင် တဖြည်းဖြည်း ထိလာနိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ခါးအပြင် အခြားအဆစ်တွေရော ရောင်သလားဆိုတာ လိုက်စစ်ကြည့်ရပါတယ်။ ခါးတစ်ခုတည်းဆိုရင် ပိုကုရခက်ပါတယ်။ ခြေချင်းဝတ်တို့၊ ဒူးတော့ပါရင် ဆေးကြောင့်သက်သာတာ မြန်တတ်တာကြောင့် ဝမ်းသာရပါတယ်။ ခါးသက်သက်ပဲဆိုရင်တော့ TNF blocker လို့ခေါ်တဲ့ ဇီဝကုထုံးကို စဉ်းစားရပါတယ်။ Rituximab ကိုလည်း သုံးနိုင်ပါတယ်။ 

 

အကိုက်အခဲပျောက်ဆေးတွေ စားနေရင်လည်း ခါးနာဝေဒနာက သက်သာသလိုဖြစ်နေတာမို့ ပေါ့ပေါ့နေလိုက်ရင် အထဲကရောဂါက ကျိတ်ပြီး ဆက်ဖြစ်နေမှာပါ။ နောက်ဆုံး ခါးရိုးက လေးကိုင်းလို ကောက်သွားပြီး ခေါင်းနဲ့ ခေါင်းအုံးထိအောင် အိပ်ရင် ဖင်ကကြွ၊ဖင်နဲ့အိပ်ရာ ထိလိုက်ရင် ခေါင်းကထောင်နဲ့ ကောင်းကောင်းအိပ်လို့ မရ၊ ထိုင်လို့ မရတဲ့ဘဝ ရောက်သွားနိုင်ပါတယ်။ လေ့ကျင့်ခန်းအနေနဲ့တော့ ရေကူးတာကောင်းပါတယ်။ အိပ်ရာပေါ်မှာ မှောက်လျက်အိပ်ပေးတာ၊ မှောက်လျက် လက်ကို ရှေ့ဆန့်ထားပြီး ခါးကိုကော့တင်တဲ့ လေ့ကျင့်ခန်းလုပ်တာတွေက အထောက်အကူပေးပါတယ်။ 

 

ရောင်ရမ်းမှုရဲ့ နောက်ဆက်တွဲ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ရောဂါတွေကိုလည်း ကြိုမြင်၊ ကြိုကာထားရပါတယ်။ အဆီစစ်၊ နှလုံး ECG စစ် လုပ်ရပါတယ်။ တချို့က ဆရာ ့ကို ခါးနာလာပြတာ ဘာလို့ နှလုံးစစ်ပေးရမှာလဲလို့ မေးကြပါသေးတယ်။ ရောဂါရဲ့သဘာဝက တစ်နေရာက စပေမဲ့ တခြားနေရာတွေမှာလည်း ဖြစ်လာတတ်၊ မသိလိုက်ဘဲ ထိနေတတ်တဲ့သဘောကို ရှင်းပြရပါတယ်။ တစ်ချိန်တည်းမှာပဲ လေးဖက်နာဆေးတွေ သောက်လို့ ဖြစ်လာမယ့် ခုခံအားနည်းတာ၊ အသည်းရောင်တတ်တာတွေကိုလည်း မြင်ထားပြီး အဆုတ်ရောင် ကာကွယ်ဆေး၊ တုပ်ကွေး ကာကွယ်ဆေး၊ “ဘီ” ပိုး ကာကွယ်ဆေးတွေ ထိုးထားဖို့လည်း တိုက်တွန်းရပါတယ်။

 

ဒီရောဂါ၊ ဒီဆေးတွေနဲ့ ကလေးအပေါ်မှာလည်း ထိခိုက်တတ်တာမို့ မိသားစုအရေးကိုလည်း မြင်ထားရ၊ ကြိုပြီး ကာကွယ်မှုတွေ လုပ်ထားဖို့ ပြောပြရပါတယ်။ အရိုးပွ ရောဂါကလည်း ဖောက်ဝင်လာတတ်တာမို့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် “ဒီ” တွဲကျွေးတာ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်ရင်း ဗိုက်အောင့်တာ၊ ကျောက်ကပ်ထိတာတွေ မဖြစ်အောင် မလိုဘဲ မသောက်ဖို့နဲ့ အောင့်တတ်ရင် အစာအိမ်ဆေး တွဲသောက်ဖို့လည်း မြင်ထားရပါတယ်။ ဒီတော့ ဆရာဝန် မျက်နှာများရတဲ့ ခါးနာရောဂါတွေပေါ့။

 

Credit:
ပါမောက္ခဦးချစ်စိုး
အရိုး၊ အကြော၊ အဆစ်နှင့် အထွေထွေရောဂါကုဆရာဝန်ကြီး
သတိထားစရာ အရိုးအဆစ်ပြဿနာနှင့် လေးဖက်နာရောဂါ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18