Print

ဆီးချိုရောဂါနှင့် မျက်စိ

  01-Mar-2017
Preview Image

ဆီးချိုရောဂါ ရှိသူက မျက်စိအထူးကု ဆရာဝန်နှင့် ဘယ်လောက်ကြာရင် တစ်ခါ ပြန်ပြရမလဲ?

လမ်းညွှန်မှု နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ဆီးချိုရောဂါဝေဒနာသည်ရဲ့ အသက်ပေါ်မှာ မူတည်ပြီး လမ်းညွှန်ထားပြီး နောက်တစ်မျိုးကတော့ မျက်စိရဲ့ အမြင်အာရုံခံလွှာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး လမ်းညွှန်ထားပါတယ်။ ပထမ အသက်ပေါ်မှာ မူတည်ပြီး လမ်းညွှန်ထားတာက အသက် ၀ နှင့် ၃၀ နှစ် အကြားမှာရှိတဲ့ ဆီးချိုရောဂါ ဝေဒနာသည်များအနေနဲ့ ဆီးချိုရောဂါ ရှိမှန်း သိရှိရတဲ့ အချိန်ရဲ့ ပထမငါးနှစ် အတွင်းမှာ တစ်ကြိမ် မျက်စိ အထူးကုဆရာဝန်နဲ့ ပြသရပါမယ်။ 

 

အဲဒီလို ပထမငါးနှစ်အတွင်းမှာ တစ်ကြိမ်ပြသရတဲ့ အကြောင်းက အသက်ငယ်ငယ်နဲ့ ဆီးချိုရောဂါ ဝေဒနာ ခံစားရသူတွေအနေနဲ့ ဆီးချိုရောဂါ ရှိနေမှန်း သိရှိပြီး ပထမငါးနှစ်အတွင်းမှာ အမြင်အာရုံခံလွှာယိုယွင်းပျက်စီးမှု (Diabetic retinopathy) မရှိသလောက် ရှားပါးတဲ့အတွက် ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အနည်းဆုံး တစ်နှစ်မှာတစ်ကြိမ် မျက်စိအထူးကု ဆရာဝန်နဲ့ ပြသရနေရပါမယ်။ 

 

အသက် (၃၁) နှစ်နှင့်အထက် အသက်အရွယ်မှာ ဆီးချိုရောဂါ စတင်ဖြစ်ပွားတဲ့ ဆီးချိုရောဂါ ဝေဒနာသည်များအနေနဲ့တော့ ဆီးချိုရောဂါရှိနေမှန်း စတင်သိရှိတဲ့ အချိန်မှာတစ်ကြိမ် မျက်စိအထူးကု ဆရာဝန်နဲ့ ပြသစစ်ဆေး မှတ်တမ်းတင်ရပါမယ်။ အဲဒီနောက်တော့ အနည်းဆုံး တစ်နှစ်မှာ တစ်ကြိမ် ဆက်လက်ပြသနေရပါမယ်။ ဆီးချိုရောဂါ ဝေဒနာသည် အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ယခင်က ဆီးချိုရောဂါကြောင့် အမြင်အာရုံခံလွှာ ယိုယွင်းပျက်စီး (Diabetic retinopathy) တဲ့ လက္ခဏာတွေ စတင်ပေါ်ပေါက်လာတတ်ပြီး ယခင်ထဲက အမြင်အာရုံခံလွှာ ယိုယွင်းပျက်စီးတဲ့ လက္ခဏာ ရှိနေပြီးသူများအနေနဲ့ ယိုယွင်းပျက်စီးမှု အခြေအနေတွေ ပိုမိုဆိုးရွားလာတတ်ပါသည်။ 

 

ဒါကြောင့်မို့ သားသမီးကို စီမံကိန်း ချပြီးယူတဲ့ ဆီးချိုရောဂါ ဝေဒနာသည်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ပြီး ပထမသုံးလပတ်ရဲ့ စောစောပိုင်းအချိန် (Early in first trimester) မှာ မျက်စိအထူးကု ဆရာဝန်နှင့် တစ်ကြိမ်ပြသရပါမယ်။ အဲဒီကိုယ်ဝန်ဆောင် အမျိုးသမီး နှစ်မျိုးလုံးဟာ နောက်ထပ်အနည်းဆုံး သုံးလတစ်ကြိမ် မျက်စိအထူးကု ဆရာဝန်နဲ့ ပြသရပါမယ်။ ယခင်က ဆီးချိုရောဂါ မရှိတဲ့ အမျိုးသမီးအချို့မှာလည်း ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာ သွေးချိုတက်လာတတ်ပါတယ်။ အဲဒီလိုယခင်က ဆီးချိုရောဂါမရှိဘဲ ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာ သွေးချိုတက်တာကို Gestational diabetes လို့ ခေါ်ပါတယ်။ အဲဒီလို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ကတော့ ကိုယ်ဝန်ဆောင်နေစဉ်တလျှောက်မှာ မျက်စိအထူးကု ဆရာဝန်နဲ့ ပြသစစ်ဆေးရန် မလိုအပ်ပါဘူး။ 

 

မျက်စိရဲ့ အမြင်အာရုံခံလွှာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး လမ်းညွှန်သတ်မှတ်ထားတာကတော့ ဆီးချိုရောဂါကြောင့် အမြင်အာရုံခံလွှာ ယိုယွင်းတဲ့လက္ခဏာ တစ်စုံတစ်ရာမရှိဘဲ အမြင်အာရုံခံလွှာအနေနဲ့ လူကောင်းအတိုင်းရှိနေတဲ့ ဆီးချိုရောဂါ ဝေဒနာသည်တွေအနေနဲ့ အနည်းဆုံး တစ်နှစ်မှာ တစ်ကြိမ် မျက်စိအထူးကု ဆရာဝန်နဲ့ ပြသစစ်ဆေးနေပါမယ်။ မျက်စိ၏ အမြင်အာရုံခံလွှာပေါ် မူတည်ထားတာကတော့ အမြင်ခံရုံခံလွှာမှာ “သွေးကြောသစ်လေးများ ဖြာထွက်ပွားများလာမှု မရှိသေးတဲ့အဆင့်” (Non-proliferative diabetic retinopathy) ကို နောက်ထပ်အဆင့်သုံးဆင့် ခွဲထားပါတယ်။

 

အပျော့စား (Mild) အဆင့်ရှိသူတွေအနေနဲ့ မျက်စိအထူးကု ဆရာဝန်နဲ့ ကိုးလမှာ တစ်ကြိမ် ပြသရမှာဖြစ်ပြီး အလယ်အလတ်တန်းစား (Moderate) အဆင့်ရှိသူတွေကတော့ ခြောက်လမှာတစ်ကြိမ် ပြသရပါမယ်။ ပြင်းထန်တဲ့အဆင့် (Severe) ရှိသူတွေကတော့
လေးလမှာတစ်ကြိမ် ပြသရပါမယ်။ Clinically Significant Macular Edema ရှိသူတွေအနေနဲ့ကတော့ မျက်စိအထူးကုဆရာဝန်နဲ့ နှစ်လနဲ့လေးလအကြားမှာ တစ်ကြိမ်စီ ပြသစစ်ဆေးခံရမှာ ဖြစ်ပါတယ်။ သွေးကြောသစ်များ ဖြာထွက်ပွားများ လာတဲ့အဆင့် (Proliferative diabetic retinopathy) ရှိသူတွေအနေနဲ့က နှစ်လနဲ့ သုံးလအတွင်းမှာ တစ်ကြိမ်စီ မျက်စိအထူးကု ဆရာဝန်နဲ့ ပြန်လည်စမ်းသပ် စစ်ဆေးနေရပါမယ်။ 


Credit:
ဒေါက်တာမင်းသိမ်း (မျက်စိ)
Health for all magazine, November 2012,Pg. 121



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18