Print

ဟောက်တတ်သူများအတွက် ဟောက်ခြင်းအကြောင်း

  19-Feb-2019
Preview Image

ဟောက်ခြင်းသည် အိပ်နေစဉ် ပါးစပ်နှင့် နှာခေါင်းတို့မှ ထွက်ပေါ်လာသော အသံဖြစ်ပါသည်။ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကတော့ အိပ်နေတုန်းအသက်ရှူတဲhအခါ ရှူသွင်းရှူထုတ်သော လေလမ်းကြောင်း ရှင်းရှင်းလင်းလင်းမရှိလို့ပါပဲ။ ရှင်းရှင်းလင်းလင်းမရှိတဲ့ လမ်းကြောင်းမှာ သွားရတဲ့ လေဟာနှာခေါင်း၊ ပါးစပ်၊ လည်ချောင်းစတာတွေရဲ့ နံရံတွေကို တိုက်ခတ်တုန်လှုပ်စေခြင်းဖြင့် ဟောက်တဲ့ အသံတွေထွက်လာရတာပါ။ လေလမ်းကြောင်းပိတ်ဆို့ခြင်းဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းတလျှောက် အသားပိုအဆီပိုတွေများနေခြင်း နဲ့ သက်ဆိုင်သလို၊ လူရဲ့ အိပ်တဲ့ပုံစံအနေအထား၊ အခြားရောဂါရှိမရှိနဲ့လည်း ဆိုင်ပါတယ်။ အများသိကြတဲ့အတိုင်း ဟောက်တဲ့သူအတွက် ဟောက်ခြင်းဟာ တော်ရုံ
ဒုက္ခပေးလေ့မရှိပါဘူး။ သူဟောက်တတ်တယ်ဆိုတာတောင် သူ့ကိုယ်သူသိချင်မှသိမှာပါ။ အဲ.. ဒုက္ခရောက်တာကတော့ သူ့ရဲ့ အိမ်ထောင်ဖက်၊ မိသားစု၊အိမ်နီးနားချင်း စတာတွေပေါ့ဗျာ။ ကိုယ်ကလည်း အိပ်မပျော်တဲ့ညမှာ ဟောက်တတ်တဲ့သူကဘေးမှာ
ဆိုရင်တာ့ .. ခံစားရပြီပေါ့။

ဟောက်ခြင်းထက် တဆင့်ပိုလာရင်တော့ အိပ်နေစဉ်လေငတ်ခြင်း Sleep Apnoea ဖြစ်တတ်ပါတယ်။ ဒါကတော့ တော်တော်ဆိုးပါတယ်။ ကျဉ်းကျဉ်းကျပ်ကျပ် အသက်ရှူလေလမ်းကြောင်းနဲ့ အားပါးတရဟောက်ပြီး အသက်ရှူနေရတဲ့ အချိန်မှာ အခန့်မသင့်ရင် လေလမ်းကြောင်းလုံး၀ ပိတ်သွားတတ်ပါတယ်။ ဒီလိုအချိန်မှာဆိုရင် ဟောက်တဲ့သူဟာ အသက်ရှူစက္ကန့်ပိုင်းလောက် ရပ်ရပ်သွားပါတယ်။ တခါတလေ အသက်ရှူရပ်ပြီးလန့်နိုးပါတယ်။ ခဏခဏလန့်လန့်နိုးလို့ နောက်ဆို အဲသလို နိုးတာကိုတောင်သတိမထား မိနိုင်တော့ပါဘူး။ သူ့ဖာသာမသိပဲ တစ်ညလုံး ဟောက်လိုက်၊ အသက်ရှူရပ်လိုက်၊လန့်နိုးလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် ဟောက်တဲ့လူ တချို့ဆိုဘယ်တေ့ာမဆို အိပ်ရေးမ၀ ဖြစ်နေပြီးနေ့ခင်းဖက်လည်း တစ်ချက်တစ်ချက် ငိုက်ငိုက်သွားတတ်ပါတယ်။

ဟောက်ခြင်းရဲ့အနုပညာ
တစ်ယောက်နဲ့တစ်ယောက် ဟောက်တာခြင်းမတူကြပါဘူး။ ကျနော်ကတော့  Soundbox ဆိုက်ကွာ လို့ထင်ပါတယ်။ အသံအတိုးအကျယ်အပြင်၊ အနုအကြမ်းလည်းကွာပါတယ်။ အတက်အဆင်းလဲရှိပါတယ်။ ဂီတလိုပြောရရင် Crescendo, Descendo ဖြစ်ပါတယ်။ Timing လည်းကွာပါတယ်။ ဟောက်တဲ့ အသံကိုသေသေချာချာလိုက်နားထောင်ရင် Human Beatbox (Classical) ဖြစ်ပါတယ်။ ဟောက်ရာကနေ အပေါ်မှာ ပြောခဲ့သလို အသက်ရှူရပ်ရပ်သွားတဲ့အဆင့်ကို ရောက်နေပြီဆိုရင်တော့ အရေးကြီးလာပါပြီ။ ဆရာဝန်နဲ့ပြသင့်ပါပြီ။

ဘာကြောင့်ဟောက်တာလဲ
လူတစ်ယောက် အိပ်ပျော်သွားတဲ့ အချိန်မှာ ပုံမှန်တင်းနေတဲ့ ကြွက်သားတွေဟာ ယေဘူယျအားဖြင့် လျော့သွားပါတယ်။ အာခေါင်၊ လည်ပင်း၊ နှာခေါင်း စသည် အသက်ရှူလမ်းကြောင်းတစ်လျှောက် ကြွက်သားတွေ လျော့ရဲသွားခြင်းကြောင့် လေရှူသွင်း ရှူထုတ်တဲ့ အခါ ကြွက်သားနံရံတွေကို တုန်ခါမှုတွေဖြစ်စေပါတယ်။ ရူပဗေဒမှာ ပြောသလိုပါပဲ
တုန်ခါမှု  အသံ။ ဝသောသူများမှာ အသက်ရှူလမ်းကြောင်း တလျှောက်အသားပိုအဆီပိုများ စုလာခြင်းကြောင့် လေလမ်းကြောင်း ပိုကျဉ်းပါတယ်။ ဒါကြောင့်ပုံမှန်သူများထက် ပိုဟောက်နိုင်ပါတယ်။ အသက်ကြီးသူများကတော့ ကြွက်သားများပိုမို လျော့ရဲတဲ့အတွက် ပိုဟောက်ကြပါတယ်။ အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းကြောင့်လည်း အိပ်ပျော်နေစဉ်ကြွက်သားများ ပိုမိုလျော့ရဲပါတယ်။ ပက်လက်အိပ်သူများကျတော့ လျှာက အနောက်ကို ပျော့ကျပြီး အသက်ရှူလမ်းကြောင်းကို သွားဖိထားသလိုဖြစ်လို့ အသက်ရှူလမ်းကြောင်း ကျဉ်းပြီးဟောက်ပါတယ်။ အအေးမိ၊ နှာစေး၊ နှာခေါင်းပိတ်နေသူများလည်း အသက်ရှူရခက်ခဲလို့ ဟောက်ပါတယ်။ ပုံမှန် ဆေးလိပ်သောက်ရင် အသက်ရှူလမ်းကြောင်း
နံရံများ ယောင်နေတတ်ပါတယ်။ ဒီအခါမှာ လေလမ်းကြောင်းကျဉ်းသွားစေပြီး ဟောက်နိုင်ပါတယ်။ ရုပ်ခန္ဓာချို့ယွင်းချက်အရ အသက်ရှူလမ်းကြောင်း ပုံမှန်မဟုတ်သူများ၊ အာသီးယောင်သူများ၊ အာသီးကြီးသူများ၊ အာခေါင်စောက် တိမ်သူများလည်း ဟောက်ကြပါတယ်။

ဘယ်လိုကုကြမလဲ

ဟောက်ခြင်းအတွက် ဉုံဖွ ကုထုံးမရှိပါဘူး။ လူတွေကတော့ အမျိုးမျိုး စမ်းလုပ်ကြည့် နေကြတာပါပဲ။ အဓိကလုပ်ရမှာတွေကတော့ -

၁။ ဝနေရင် ဝိတ်ချပါ။ ပုံမှန်ဆိုရင်တော့ ထိန်းထားပါ။
၂။ ကာယလေ့ကျင့်ခန်းများပုံမှန်လုပ်ပြီး တစ်ကိုယ်လုံးက ကြွက်သားများ တောင့်တင်းနေရန်လုပ်ပါ။
၃။ ပက်လက်အိပ်မယ့်အစား ဘေးစောင်းအိပ်ပါ။
၄။ အိပ်ခါနီး အရက်သောက်ခြင်းကိုရှေုာင်ပါ။
၅။ ဆေးလိပ် ဖြတ်ပါ၊ မဖြတ်နိုင်သေးရင် လျှော့ပါ။

နှာစေးပြီး နှာခေါင်းမပိတ်ပါစေနဲ့။ နှာခေါင်းပိတ်နေပြီး ပါးစပ်နဲ့ အသက်ရှူခြင်းမလုပ်ပါနဲ့။ နှာခေါင်းပွင့်အောင် ပရုတ်ဆီ၊ ယာပန်းဆီ ရှူခြင်းလုပ်ပါ။ ယာပန်းဆီ တစက် နှစ်စက်ခေါင်းအုံးတွင်ဆွတ်ထားပါ။ နှာခေါင်းပိတ်ခြင်းအတွက် နှာခေါင်းထဲ ပန်းဆေးများကို
အသုံးပြုနိုင်ပါတယ်။ မြန်မာပြည်မှာ လွယ်လွယ်ကူကူ ဝယ်လို့ရပါတယ်။ဘယ်နည်းနဲ့မှမရရင်တော့ ဆရာဝန်နဲ့ပြပါတော့။ တခါတလေ ဟောက်ခြင်းအတွက်ခွဲစိတ်မှုတောင်လုပ်ရင် လုပ်ရတတ်ပါတယ်။

နောက်ဆက်တွဲများ
သာမန်ဟောက်ခြင်းကတော့ ညညကျ မိန်းမထထဆိတ်ခြင်း ခံရတာကလွဲလို့ပြဿနာ အထူးအထွေမရှိပါ။ ဒါပေမယ့် အသက်ရှူရပ်ရပ်သွားတဲ့ Obstructive Sleep Apnoea ဆိုရင်တော့ အိပ်ရေးမဝခြင်း၊ နေ့ဖက်အိပ်ငိုက်ခြင်းတွေအပြင် မကုသဘဲထားမယ်ဆိုလျှင် သွေးတိုး၊ နှလုံး၊ လေဖြတ်ရောဂါတွေ နောက်ဆက်တွဲ ဖြစ်တတ်ပါတယ်။ မပေါ့ပါနဲ့၊ အရေးကြီးပါတယ်။


Ref:
မြတ်လေးငုံ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18