Print

ခြေဖျား၊ လက်ဖျား အေးခြင်း

  01-Mar-2017
Preview Image

အခြေအနေ၊ အချိန်အခါ၊ ရာသီဥတုအလိုက်၊ ပြုမှုလှုပ်ရှားမှုအရ ခြေလက်အေး စက်ခြင်းသည် ပုံမှန်ဟုပင် ဆိုအပ်သည်။ သို့သော် လူအချို့ဖို့ သာမန်ပြုမူ လှုပ်ရှားမှု ဖြစ်သော ရေခဲသေတ္တာထဲ လက်ထည့်ကြည့်ပါက (သို့) အအေးပုလင်းကို ဆုပ်ကိုင်ထားပါက သူများထက် ပိုအေးသကဲ့သို့ ခံစားကြရသည်။

 

သွေးလှည့်ပတ်မှု အားနည်းခြင်းနှင့် လည်ပင်းရှိ သိုင်းရွိုက်အကျိတ် လုပ်ငန်း လုပ်ဆောင်ရည် နှေးကွေးခြင်း တို့ကြောင့်လည်း ယင်းသို့ဖြစ်နိုင်သည်။ သို့သော် အဖြစ်များ ရသည့် အကြောင်းမှာမူ ရေးနော့်ဒ် (Reynaud) အယအဆကြောင့် ဖြစ်သည်။ 

 

အအေးဒဏ်ကို ခြေဖျား၊ လက်ဖျားတို့က တုံ့ပြန်ရသည့်အခါ လက်ဖျား (တစ်ခါ တစ်ရံ ခြေဖျားတို့) ရှိ သွေးကြောမျှင်လေးများမှာ အအေးဓာတ်ကြောင့် တွန့်လှုပ်သွား တတ်သည်။ 

 

ထိုအခါ ခြေဖျားလက်ဖျားတို့ အေးစက်ဖြူဖွေးသွားရာက ပြာနှမ်း လာတတ်သည်။သွေးကြောမျှင် အလှုပ်အတွန့်တွင် ယင်းသို့ဖြစ်ပြီးနောက် သွေးကြောပြန်ဖွင့်ကာ ပုံမှန်သွေး ပြန်စီးလည်သောအခါ ခြေဖျားလက်ဖျားများ ပြန်ရဲလာပြီး ထုံကျဉ်နေတတ်တယ်။ တဒိတ်ဒိတ်ဖြင့် သွေးတိုးနေသည်ကိုပင် သိကာ၊ ခြေဖျားလက်ဖျားများ ကျဉ်ထုံကိုက်နာနေ တတ်သည်။ ယင်းသို့ လက်ဖျားများ ထုံကျဉ်ကိုက်ခဲလာကာ ဖြူဖွေးပြာနှမ်းသွား တတ်သော ရောဂါကို ရေးနော့ဒ်ရောဂါ ဟုခေါ်သည်။ 

 

ဆရာဝန်နှင့်အရင်ပြရန်
အအေးဒဏ်နှင့် ထိတွေ့မှု မခံနိုင်လောက်အောင် ထူးထူးခြားခြား ခြေဖျား လက်ဖျားများ အကဲဆတ်နေသည် ဆိုပါက ဆရာဝန်နှင့် အရင်ပြသင့်ပါသည်။

 

မိမိဘာသာဆောင်ရွက်နိုင်သသော ကိစ္စရပ်များ
• အေးလွန်းသောပစ္စည်း၊ အရာဝတ္ထုများကို မကိုင်သင့်။ ရေခဲသေတ္တာ၊ ဖရီဇာစသည် တို့ထဲက အေးခဲနေသော အရာများကို ထုတ်ယူပါက တဘက်၊ လက်နှီး စသည် တို့ဖြင့်ကိုင်ပါ။ အအေးသောက်ရပါက အအေးခွက်ကို cup holder ဟု ခေါ်သော ခွက်ကိုင်ပစ္စည်းသုံး၍ ကိုင်သောက်ပါ။

 

• ဆေးလိပ်သောက်နေပါက ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ထဲပါ နစ်ကိုတင်းန်ကြောင့်သွေးကြောကျဉ်းကာ ရေးနော့ဒ်ရောဂါ ရစေနိုင်သည်။ 

 

• ကော်ဖီကဲ့သို့ ကဖင်းန်ပါသော အရာများကိုလည်း ဆက်မသောက်သင့်ပါ။

 

• နွေးနေသော သွေးများ ခြေဖျားလက်ဖျားသို့ ရောက်စေခြင်းငှာ နွေးနွေးထွေးထွေး ဝတ်ဆင်နေထိုင်ပါ။ ဆောင်းတွင်းဘက် အပြင်ထွက်ရပါက နွေးနွေးထွေးထွေး ဝတ်ဆင်သွားပါ။ လက်ဖျားများ ဖြူဖွေးပြီး ထုံလာပါက ပခုံးရင်းမှနေ၍ လက်မောင်းကို စက်ဝိုင်းသဏ္ဍာန် လှည့်ပေးပါ။ လက်များကို ဆုပ်လိုက်၊ ဖြန့်လိုက်လုပ်ပေးပါ။ ခြေဖျား များကို ကွေးလိုက်၊ ဆန့်လိုက်လုပ်ပေးပါ။ အခြောက်ခံစက် (ဒရိုင်ယာ) ဖြင့် ခြေဖျား လက်ဖျားများကို မှုတ်ပေးနိုင်သကဲ့သို့ ရေနွေးထဲတွင်လည်း နှစ်စိမ်ပေးနိုင်သည်။

 

• အိပ်ရာဝင်သည့်အခါမှာလည်း အိပ်ရာကို နွေးနေစေသင့်သည်။ လိုအပ်ပါက လျှပ်စစ်စောင်ခြုံနိုင်သည်။ ခြေစွပ်ဝတ်အိပ်ပါ။

 

လက်တွေ့နည်းများ
၁။ အစဉ်နွေးနေစေမည့် ဝတ်စားဆင်ယင်နည်း

အဝတ်အထည်ပါးပါး အထပ်ထပ် ဝတ်ထားခြင်းဖြင့် အရေပြားနှင့် အဝတ်အစား များကြားမှာ အပူဓာတ် အောင်းနေလိမ့်မည်။ အဝတ်အစား ကျပ်ကျပ်ထုပ်ထုပ်၊ ဖိနပ်ကျပ်ကျပ်တို့ကို မဝတ်ရ။ သွေးလှည့်ပတ်မှုကို အဟန့်အတား ဖြစ်စေတတ်သည်။ 

 

ကာကွယ်ခြင်း
ထိုသို့ မကြာခဏ ခြေဖျားလက်ဖျားအေးတတ်ပါက -

• သွေးလှည့်ပတ်မှု မှန်ကန်စေသည့် သွေးနွေး၊ သွေးပူ လေ့ကျင်ခန်းများကို မှန်မှန်ကန်ကန် လုပ်ပေးပါ။

• စိတ်ဖိစီးဝန်ကြောင့် ဖြစ်သည်ဟု ယူဆပါက အသက်ရှူလေ့ကျင့်ခန်း၊ အကြောလျှော့ လေ့ကျင့်ခန်းများ မှန်မှန်လုပ်ပါ။

• တုန်ခါမှုများသော စက်ကိရိယာများကို မကိုင်တွယ်ရ။
• ဆေးလိပ်ဖြတ်ပါ။ ကဖင်းန်ပါသော အစားအသောက်ရှောင်များရှောင်ပါ။

 

ဆရာဝန်နှင့်ဆက်ပြရန်
• ခြေဖျားလက်ဖျားအေးခြင်း ပိုဆိုးလာလျှင်။
• အဆစ်နာခြင်း အပါအဝင် မည်သည့်အတွက် ပေါ်ပေါက်လာရသည်ဟု မသိသာသောလက္ခဏာ၊ ဝေဒနာသစ်များပါ ပူးတွဲပေါ်ပေါက်လာလျှင်။


Credit:
ဒေါက်တာသန်းထွဋ်
အိမ်သားသမားတော်စာအုပ်မှကောက်နှုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18