Print

မျက်လုံး ယားခြင်း

  01-Mar-2017
Preview Image

မျက်လုံးယားလျှင် မျက်စိနီရဲကာ ရွစိရွစိ ပူစပ်ပူလောင် ခံစားလာရသည်။ မျက်လုံး ကို တောက်လျှောက် ပွတ်နေချင်သည်။ မီးခိုး၊ ဖုန်၊ အမှုန်၊ ဓာတ်မတည့်မှု၊ ကလိုရင်းဆေး ခတ်ထားသောရေ မျက်စိထဲဝင်ခြင်း၊ အလှပြင်ပစ္စည်း (သို့) မျက်စဉ်း၊ ပိုးဝင်ခြင်း စသည် တို့ကြောင့် မျက်လုံးယားနိုင်သည်။ တစ်ခါတစ်ရံ မျက်ခွံစွန်းများပင် ရောင်လာသည်။ ပိုးဝင်သွားတတ်သည်။ မျက်တောင်ကျွတ်နာ ဖြစ်တတ်သည်။ ယင်းသို့ဖြစ်လျှင် မျက်စိနာ ၊ မျက်ကြည်လွှာခြောက်ကာ မျက်တောင်များပေါ်တွင် မျက်ချေးများ၊ မျက်ဝတ်များ ကပ်ငြိနေ တတ်သည်။ ဦးရေပြားဗောက်ထတတ်သူများ ပိုဖြစ်လေ့ရှိသည်။ မျက်ကပ်မှန် တပ်သူများ လည်း တစ်ခါတစ်ရံ မျက်လုံးယားတတ်သည်။

 

ဆရာဝန်နဲ့အရင်ပြရန်
မျက်လုံးယားရသည့် အကြောင်းရင်း သိနိုင်ရန် ဆရာဝန်နှင့် အရင်ပြပါ။

 

မိမိဘာသာဆောင်ရွက်နိုင်သော ကိစ္စရပ်များ
• မျက်လုံးယားလျှင် မပွတ်ရ၊ ပွတ်ပါက ပိုယားကာ ပိုးပင်ဝင်သွားတတ်သည်။

• ရေခဲဖတ်၊ ရေခဲဝတ် ကပ်ထားပါ။ အယား၊ အရောင်အပြင် ဓာတ်မတည့်မှုအတွက် ပါကောင်းသည်။ မိနစ်အနည်းငယ်ကြာ ကပ်ထားပါ။ လိုအပ်ပါက ထပ်လုပ်နိုင်သည် ။ ရေခဲစိမ်ရန် သန့်ရှင်းသော အဝတ်၊ တဘက်၊ လက်ကိုင်ပဝါ စသည်တို့ကိုသာ သုံးပါ။

• မျက်လုံးယားရသည့် အကြောင်းရင်း (ဥပမာ-အလှကုန်၊ ဆပ်ပြာ၊ ဆံပင်ပြုပြင်၊ မျက်နှာလိမ်းမိတ်ကပ် စသဖြင့်) ရှာပါ။ မျက်လုံးယားစေသော အရာများဆက်မသုံးရ။ အမျိုးအစားပြောင်းသုံးပါကလည်း တစ်ခုစီအရင်စမ်းကြည့်ပြီး ပြဿနာမရှိမှသုံးရန်၊ မိတ်ကပ်အဟောင်းများကို လွှင့်ပစ်ပါ။ မက်စ်ကာရာ ဆိုပါက ခြောက်လထက်ပိုမသုံးရ။

• မျက်ခွံရောင်၊ မျက်ဝတ်ထွက်ပါက ပူးတွဲဖော်ပြပါ မျက်ခွံသန့်စင်နည်းအတိုင်း လိုက်နာကျင့်သုံးကြည့်ပါ။

 

မျက်ခွံဆေးကြောနည်း
အောက်ပါနည်းများဖြင့် မျက်တောင်ကျွတ်၊ မျက်ခွံရောင်ရမ်းနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ 

• သန့်ရှင်းသည့် နူးည့ံသော အဝတ်စတစ်စကို ရေနွေးစိပ်ပါ။ ထို့နောက် ရေညှစ်ပစ်ပါ။

• မျက်စိမှိတ်ထားပြီး မျက်ခွံပေါ်တွင် အဆိုပါရေနွေးဖတ်ကို ငါးမိနစ်ခန့် ကပ်ထားပါ။ ညင်သာစွာဖိနှိပ် ပေးနိုင်သည်။ ဤနည်းဖြင့် ခြောက်ကပ်နေသော မျက်ဝတ်များ
နူးလာစေပြီး မျက်ဝတ်များကို ဖယ်ရှားသန့်စင်ပေးနိုင်သည်။ 

• ရေနွေးအနည်းငယ်အတွင်း ကလေးခေါင်းလျှော်ရည်၊ ရေနွေးပမာဏနှင့် ဆတူရောစပ်ပါ။ ထိုအရေထဲသို့ နားကျပ်သော တုတ်တံပါဂွမ်းလုံးနှစ်ပြီး ရေညှစ်ချပါ။ ထိုဂွမ်းလုံးဖြင့် မျက်ခွံတစ်ဖက်ထောင့်စွန်းမှ အခြားတစ်ဖက်ရောက်အောင် လှိမ့်ယူသွားခြင်းဖြင့်လည်း မျက်ဝတ်များကို သန့်စင်ပေးရှားပေးနိုင်သည်။ မျက်ခွံများကို ရေနှင့်ဆေးကြောကာ တဘက်သန့်သန့်ဖြင့် ရေစုပ်ယူကာ ခြောက်သွေ့ပါစေ။ မျက်နှာသုတ်ပဝါ၊ တဘက်၊ လက်ကိုင်ပဝါတို့ဖြင့် မပွတ်တိုက်ရ။

• မျက်လုံးတစ်လုံးပြီးတစ်လုံး၊ တစ်ဖက်ပြီးမှတစ်ဖက် ယင်းနည်းအတိုင်း ဆောင်ရွက်ပါ။

• မျက်တောင်ကျွတ် မျက်ခွံရောင်ရမ်းနာ ဖြစ်နေစဉ် ယင်းနည်းအတိုင်း မနက်အိပ်ယာထ တစ်ခါ၊ ညအိပ်ရာဝင် တစ်ခါ ဆောင်ရွက်ပါ။ ဝေဒနာ ပျောက်ကင်းသွားပါက ပြန်မဖြစ်စေရန်နေ့စဉ်တစ်နေ့ တစ်ကြိမ် ဤနည်းအတိုင်း ဆောင်ရွက်ပါ။

 

ဆရာဝန်နှင့် ဆက်ပြရန်
၄၈ နာရီကျော်ကြာဝေဒနာများ မသက်သာဘဲ ဆက်လက်ပေါ်ပေါက်နေလျှင်။


Credit:
ဒေါက်တာသန်းထွဋ်
အိမ်သားသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18