Print

အမာရွတ်စွဲကာ အသည်းခြောက်ခြင်း

  01-Mar-2017
Preview Image

အရက်ကြောင့်ဖြစ်စေ၊ အသည်းရောင် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်စေ၊ တခြား အကြောင်းများကြောင့် ဖြစ်စေ၊ အသည်းနာတာရှည် ရောင်ရမ်းခြင်းဖြစ်လာပါတယ်။ နာတာရှည်ရောင်ရမ်းတဲ့အခါ အသည်းဆဲလ်တွေဟာ ဒဏ်ဖြစ်ပြီး သေကြေပျက်စီးကုန် ပါတယ်။ အသည်းဆဲလ်တွေ သေသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ အမာရွတ်တွေက အသည်းတည်ဆောက်ပုံကို ပျက်စီးစေခြင်းကို Cirrhosis of Liver လို့ဆိုပါတယ်။

 

အမာရွတ်စွဲကာ အသည်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာများကို ပြောပြပေးပါ။

အစာမျိုပြွန်မှ သွေးယိုကာ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း ဝမ်းဗိုက်တွင်း ရေဖျဉ်းစွဲခြင်း၊ ဦးနှောက်မူမမှန်ဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ အဆိုးရွား ဆုံးသော နောက်ဆက်တွဲ ပြဿနာကတော့ အသည်းကင်ဆာအဖြစ် ကူးပြောင်းနိုင်တာပါ။

 

၁။ အမာရွတ်စွဲပြီး အသည်းခြောက်တဲ့လူနာတွေမှာ သွေးအန်ပြီး သွေးဝမ်းသွားတာ ဘာကြောင့်ပါလဲ?

အမာရွတ်နဲ့အသည်းက ခြောက်ပြီးကျုံ့လာတဲ့အခါ အသည်းအတွင်းသွေးကြော တွေရဲ့ စီးဆင်းလှည့်ပတ်မှုမှာ ပိတ်ဆို့မှုတွေ ဖြစ်လာပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ သွေးပြန်ကြောတွေဟာ အသည်းဆီသို့ စီးဆင်း ရပါတယ်။ အသည်းအတွင်း ပိတ်ဆို့မှုတွေဖြစ်လာတဲ့အခါ အူလမ်းကြောင်း တစ်လျှောက် ရှိ သွေးပြန်ကြောများလည်း ရှေ့သို့မဆက်နိုင်ဘဲ ပိတ်ဆို့ကာ အစာမျိုပြွန်နဲ့ အစာအိမ် နံရံများ သွေးကြောများ ဖောင်းလာပါတယ်။ အစာမျိုပြွန်၊ အစာအိမ်နှင့် အူလမ်းကြောင်း မှာ ဖောင်းကြွလာတဲ့ သွေးကြောများဟာ အလွယ်တကူ ပေါက်ပြဲလွယ်ပါတယ်။ ပေါက်ပြဲ ပြီးနောက်မှာတော့ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းတွေ ဖြစ်လာပါတယ်။

 

၂။ အမာရွတ်စွဲပြီး အသည်းခြောက်တဲ့လူနာတွေရဲ့ ရောဂါအခြေအနေ အဆိုးအကောင်းကို ဘယ်လိုဆုံးဖြတ်နိုင်သလဲ?

အသည်းရောဂါရဲ့ အခြေအနေကို တွက်ချက်တဲ့ နည်းလမ်းများစွာရှိတဲ့အနက် Child ရဲ့ အမှတ်ပေးတွက်ချက်တဲ့ နည်းကိုလည်း အသုံးပြုတတ်ကြပါတယ်။ သွေးအတွင်း Albumin ဓာတ်၊ Bilirubin ဓာတ် အနည်းအများကို ကြည့်ပါတယ်။ ဗိုက်က ရေဖျဉ်းစွဲတာကို ကြည့်ပါတယ်။ အသည်းမကောင်းရင် ဖြစ်နိုင်တဲ့ ဦးနှောက်ရောဂါရှိ၊ မရှိကို ကြည့်ပါတယ်။ Child အမှတ်ပေး အဆင့်ခွဲသတ်မှတ်ချက်အရ A အဆင့်လူနာ ၁၀ ယောက်မှ ၉ ယောက် ခန့်က နောက်ထပ် ၁ နှစ် အသက်ဆက်နိုင်ခွင့် မျှော်လင့်လို့ရပါတယ်။ C အဆင့်လူနာ များမှာတော့ နောက်ထပ် ၁ နှစ် အသက်ဆက်ခွင့်မျှော်လင့်နိုင်တာဟာ လူနာအယောက် ၂၀ မှ ၁ ယောက်သာရှိပါတယ်။

 

၃။ အသည်းခြောက်ပြီး အမာရွတ်စွဲနေတဲ့ အသည်းကို ဘယ်လိုကုသနိုင်လဲ သိချင်ပါတယ်။

အမာရွတ်စွဲပြီး ခြောက်နေတဲ့အသည်းကို ပြန်ကောင်းအောင် လုပ်ဖို့မလွယ်ပါဘူး။ ပထမဆုံး အသည်းခြောက်စေတဲ့ အကြောင်းအရင်းတွေကို ရှာပြီး ရပ်တန့်အောင် လုပ်ရမယ်။

ဥပမာ - အရက်ဖြတ်ရမယ်။ Bပိုး၊Cပိုးရှိရင် ကုသရမယ်။ နောက်အသည်းခြောက်ခြင်း ရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ရှာဖွေကုသရပါမယ်။

ဥပမာ - ရေဖျဉ်းစွဲခြင်း၊ သွေးအန်ခြင်းး။ အသည်းပျက်စီးမှု များလာရင်တော့ အသည်းအစား ထိုးကုသခြင်းက နောက်ဆုံးသောအဖြေပါ။


Credit:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18