Print

Constipation (ဝမ်းချုပ်ခြင်း)

  01-Mar-2017
Preview Image

 

နေ့စဉ် ဝမ်းမသွားခြင်းကို ဝမ်းချုပ်ခြင်းဟု မခေါ်နိုင်ပါ။ တချို့လူများတွင် နေ့စဉ်ဝမ်းသွားလေ့ ရှိသော်လည်း တချို့မှာသုံးလေးရက်မှ တခါသွားတတ််ကြသည်။ ပုံမှန်အကြိမ်ရေထက် လျှော့၍ ဝမ်းသွားခြင်း၊ ဝမ်းကုန်စင်အောင် မသွားခြင်းကို ဝမ်းချုပ်ခြင်းဟု ခေါ်ပါသည်။ ဝမ်းချုပ်လျှင် ဗိုက်အောင့်၊ နေမထိ ထိုင်မသာဖြစ်ကာ နေ့စဉ်ဘဝတွင် စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။

 

လက္ခဏာများ

ဝမ်းချုပ်ခြင်း၏ လက္ခဏာများအနေဖြင့် ဝမ်းသွားနှုန်း ပုံမှန်အကြိမ်ရေထက်လျှော့နည်း ခြင်း၊ ဝမ်းမကုန်စင်ဟု ခံစားရခြင်း၊ ညှစ်ရခြင်း၊ မစင်တုံးများ မာကျစ်ခဲနေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အစာစားချင်စိတ်လျှော့ကျခြင်း တို့ဖြစ်တတ်သည်။ကလေးငယ်များတွင်မူ အစားအသောက်ပျက်ခြင်း၊ အားအင်ကုန်ခမ်း နုံးခွေခြင်း၊ ဂျီကျခြင်း (ငိုခြင်း)၊ လေလည်လျှင် သို့မဟုတ် ဝမ်းသွားလျှင် အနံ့ဆိုးခြင်း၊ ဗိုက်အောင့်ခြင်း နှင့် မအီမသာဖြစ်ခြင်းတို့ ကြုံတွေ့ရတတ်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

အူမကြီးထဲတွင် မစင်အညစ်အကြေးများ ကြာရှည်စွာရှိနေပြီး ၎င်းတို့တွင်ပါလာသော ရေများကို အူမကြီးက စုပ်ယူလိုက်သောကြောင့် မစင်များခြောက်၍ မာလာပြီး ဝမ်းချုပ်ရခြင်းဖြစ်သည်။ ဝမ်းချုပ်ရသော အကြောင်းရင်းများစွာ ရှိသည်။

 

- အမျှင်ဓာတ်များများပါသော ဟင်းသီးဟင်းရွက်၊ အသီးအနှံများ အစားနည်းခြင်း၊ အစာစားချိန်နှင့် စားသောအစာများ အပြောင်းအလဲဖြစ်ခြင်း၊ အလေးသွားရာတွင် စိတ်ဖြောင့်လက်ဖြောင့်မသွားနိုင်ခြင်း၊ ဝမ်းသွားချင်သောအချိန်တွင် မသွားဘဲ ချုပ်ထားမိခြင်း၊ 


- လှုပ်ရှားမှုနည်းခြင်း (အထိုင်များခြင်း)၊ ရေသောက်နည်းခြင်းနှင့် ဖျားနာခြင်းတို့ကြောင့် ဝမ်းချုပ်တတ်သည်။


- ဝလွန်းသူ သို့မဟုတ် ပိန်လွန်းသူ၊ စိတ်ရှုပ်ထွေး သို့မဟုတ် စိတ်ဓာတ်ကျနေသူနှင့် စိတ်ဝေဒနာခံစားနေရသူတို့တွင်လည်း ဝမ်းချုပ်လေ့ရှိပါသည်။


- အချို့အစာကြေဆေးများ(aluminium antacid)၊ စိတ်ကျရောဂါ ပျောက်ဆေး၊ အတက်ကျဆေး၊ စိတ်ရောဂါကုဆေးများ၊ calcium နှင့် ironပါသော ဆေးများ၊ morphine နှင့် codeine တို့ကဲ့သို့သော မူးယစ်ဆေးများနှင့် ဆီးဆေးများကြောင့်လည်း ဝမ်းချုပ်တတ်သည်။


- ကိုယ်ဝန်ဆောင်များတွင်မူ ကိုယ်ဝန်လနုစဉ်တွင် ဝမ်းချုပ်လေ့ရှိကြသည်။


- တခါတရံတွင် ပုံမှန်အကြောင်းကြောင့်မဟုတ်ဘဲ အူလမ်းကြောင်းနှင့်ဆိုင်သောရောဂါများ၊ ဆီးချိုသွေးချို၊ သွေးထဲတွင် ကယ်လ်ဆီယမ်ဓာတ်များခြင်း၊ ကြွက်သားများအားနည်းခြင်း၊ ပါကစ်ဆန်ရောဂါနှင့် စအိုကွဲခြင်း စသော ရောဂါများကြောင့်လည်း ဝမ်းချုပ်နိုင်သဖြင့် အထူးဂရုပြုသင့်ပါသည်။


- ကလေးများတွင် ဝမ်းချုပ်ရခြင်းမှာ နို့အလွန်အကျွံစို့ခြင်း၊ အမျှင်ဓာတ်ပါသော အစားအစာကိုမကျွေးခြင်း၊ အိမ်သာတက်ရမှာကြောက်ခြင်း၊ cerebral palsy ကလေးများ နှင့် စအိုပေါက်မပါရှိခြင်းတို့ကြောင့်ဖြစ်သည်။

 

နောက်ဆက်တွဲ ပြဿနာများ
ဝမ်းချုပ်ခြင်းမှာ ပုံမှန်အားဖြင့် ကျန်းမာရေးကို သိသိသာသာ မထိခိုက်စေနိုင်သော်လည်း အချိန်ကြာမြင့်စွာ သို့မဟုတ် မကြာခဏဝမ်းချုပ်နေပါက 

- အူမကြီးထဲတွင် အညစ်အကြေးများစုနေခြင်း၊ 
- ဝမ်းမထိန်းနိုင်ခြင်း၊ 
- လိပ်ခေါင်းဖြစ်ခြင်းနှင့် 
- စအိုကွဲကာ သွေးယိုခြင်းတို့ ဖြစ်တတ်ပါသည်။

 

ရောဂါရှာဖွေခြင်း

ဝမ်းမကြာခဏချုပ်တတ်သူများအနေဖြင့် အူလမ်းကြောင်းဆိုင်ရာရောဂါများနှင့်နောက်ဆက်တွဲဆိုးကျိုးများကို စောစီးစွာသိရှိနိုင်ရန် ဆရာဝန်နှင့်ပြသပြီး 

- စအိုမှတဆင့် အူလမ်းကြောင်းကို စမ်းသပ်ခြင်း၊ 
- သွေးစစ်ခြင်း၊ 
- ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ခြင်း၊ 
- ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း တို့ကဲ့သို့သော လိုအပ်သော စစ်ဆေးမှုများ ခံယူသင့်ပါသည်။

 

ကုသခြင်း

- ဝမ်းချုပ်ခြင်းကို ကုသရာတွင် အစားအသောက်နှှင့် နေထိုင်မှုပုံစံကိုပြောင်းလဲရန် အရေးကြီးဆုံး ဖြစ်သည်။ 
- ဆေးတမျိုးမျိုးကြောင့် ဝမ်းချုပ်ပါက သင့်ဆရာဝန်အားပြောပြပြီး သင့်တော်သောဆေးကိုပြောင်းပါ။
- လိုအပ်ပါက ဝမ်းနှုတ်ဆေးများသောက်သုံးနိုင်ပါသည်။ ဝမ်းနှုတ်ဆေးအမျိုးအစားများ အနေဖြင့်


(၁) Bulk-forming laxatives ( eg.ispaghula husk, methylcellulose and sterculia) - ဤဝမ်းနှုတ်ဆေးအမျိုးအစားကို ဦးစွာသုံးသင့်သည်။ မစင်တုံးအတွင်း ရေဓါတ်ကို ရောက်စေ၍ ဝမ်းပျော့ပျော့သွားစေသည်။ ဤဆေးကိုသုံးပါက ရေများများသောက်သင့်သည်။ အိပ်ရာဝင်ခါနီး မသောက်ရပါ။ တခါတရံတွင် သုံးလေးရက်ကြာမှ ဆေးစွမ်းပြတတ်ပါသည်။


(၂) Osmotic laxatives (eg;lactulose and macrogols)- bulk-forming laxatives သုံးပြီးသည့်တိုင် ဝမ်းမာနေလျှင် ဤဝမ်းနှုတ်ဆေးကို သုံးနိုင်သည်။ ရေများများသောက်ရန် လိုအပ်သည်။ တခါတရံ သုံးလေးရက်ကြာမှ ဆေးစွမ်းပြတတ်သည်။


(၃) Stimulant laxatives (eg; senna, bisacodyl, and sodium picosulphate) - ဝမ်းပျော့သော်လည်း ဝမ်းကျန်သည်ဟု ခံစားရပါက ဤဝမ်းနှုတ်ဆေးကို သုံးသင့်သည်။ အူလမ်းကြောင်းရှိ ကြွက်သားများကို လှုပ်ရှားစေပြီး ဝမ်းသွားမှုကိုလွယ်ကူစေသည်။ လူတစ်ဦးစီ၏ လိုအပ်ချက်အတိုင်း ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍သုံးနိုင်ပါသည်။ဝမ်းချုပ်ဆေးကို ရေတို အသုံးပြုရပါက ဝမ်းပုံမှန်ပြန်သွားသည်နှင့် ဝမ်းနှုတ်ဆေးကို ရပ်သင့်သည်။ ဝမ်းနှုတ်ဆေးကို ပုံမှန်အသုံးပြုနေရပါက ဆေးအရေအတွက်နှင့် အကြိမ်ရေတို့ကို တဖြည်းဖြည်းလျှော့ရမည်။

 

 စမျဉ်းတုံးခံခြင်းကိုကုသခြင်း

ဦးစွာ Osmotive laxative macrogol ကို ဦးစွာ သောက်ပါ။ ရက်အနည်းငယ်ကြာလျှင် Stimulant laxatives ကို သောက်ရမည်။ ဤဆေးများသောက်ပြီးသော်လည်း ထူးခြားမှုမရှိပါက စအိုအတွင်းဆေးထည့်၍ ဝမ်းချူရန်လိုအပ်သည်။

 

- ကိုယ်ဝန်ဆောင်မိခင်ဖြစ်ပါက Osmotive laxatives- lactulose နှင့် macrogols တို့ကိုသောက်နိုင်ပါသည်။ ဤဆေးများဖြင့် အဆင်မပြေပါက bisacodyl သို့မဟုတ် senna ကို အနည်းငယ် (low dose) သောက်သုံးနိုင်ပါသည်။ ကိုယ်ဝန် ခြောက်လကျော်လျှင် senna ကိုမသောက်သင့်ပါ။


- အဖတ် မစားသေးသောကလေးများ ဝမ်းချုပ်ပါက အစာစားပြီးတိုင်း ရေများများတိုက်ပါ။ 


- နို့ဘူးတိုက်သူဖြစ်ပါက နို့ဘူးကို ဖျော်ရမည့် အညွှန်းတိုင်းဖျော်ရမည်။


- အဖတ်စားသော အရွယ်ဖြစ်ပါက သစ်သီးများနှင့် သစ်သီးဖျော်ရည်များကို များများတိုက်ပါ။


- အစားအစာများပြောင်းကျွေးပြီးသည့်တိုင် ဝမ်းချုပ်နေသေးပါက ကလေးဆရာဝန်နှင့်တိုင်ပင်ပြီး Osmotive laxativesနှင့် Stimulant laxatives များကို တိုက်ကျွေးနိုင်ပါသည်။

 

ကာကွယ်ခြင်း
- အမျှင်ဓာတ်များများပါသော အသီးအရွက်၊ သစ်သီးဝလံများကိုများများစားပါ။
- ရေများများသောက်ပါ။
- လေ့ကျင့်ခန်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။
- အလေးသွားရန် ပုံမှန်အချိန်တခု သတ်သတ်မှတ်မှတ်ထားပါ။ အလေးသွားချင်စိတ်ဖြစ်ပေါ်လာလျှင် ချုပ်မထားဘဲ ချက်ချင်းသွားပါ။
- ဝမ််းသွားလျှင် ဘိုထိုင်အိမ်သာသုံးပါက ဝမ်းသွားရလွယ်ကူစေရန် ခြေထောက်များကို ခုံပုလေးတစ်လုံးပေါ်တွင် တင်ထားပေးပါ။z

 

Lei

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18