Print

အသံဝင်ခြင်း

  25-Feb-2017
Preview Image

 

အသံဝင်တာကို လူတိုင်းနီးပါး ဖြစ်ဖူးကြပါတယ်။ ခဏတာ အသံဝင်ပြီး ပြန်ကောင်း သွားတာကြောင့် တစ်ခါတစ်ရံ အများစုက ဂရုတစိုက်နဲ့ သတိ မထားမိတတ်ကြပါဘူး။ ဒါပေမဲ့ မကြာခဏ အသံဝင်တတ်တာ၊ အသံဝင်တာ သုံးပတ် ထက် ပိုကြာနေတာတွေ ဖြစ် ရင်တော့ သတိပြုဖို့ လိုပါတယ်။ အသံကို အသုံးပြုတာ များတာကြောင့် အသံဝင်တာ ဖြစ်တတ်သလို ရောဂါ တစ်ခုခုကြောင့် အသံဝင်တာလည်း ဖြစ်နိုင်ပါတယ်။ အသံဝင်တာကို ရိုးရိုးသာမန် အသံဝင်တာလား၊ ရောဂါ တစ်ခုခုကြောင့် ဝင်တာလား ဆိုတာကိုတော့ ခွဲခြား သိရှိဖို့ လိုပါတယ်။ အသံဝင်တာက အဖြစ်များတာကတော့ လည်ချောင်းရောင်တာ၊ အသံအိုးရောင် တာကြောင့် အဖြစ်များပါတယ်။ ပုံမှန်ဆိုရင်တော့ သုံးရက် - ငါးရက်လောက် ဖြစ်ပြီး ရင် ပြန်ကောင်းသွားပါတယ်။ အနားယူတယ်၊ အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေ စားတယ်ဆိုရင် ပြန်ကောင်းသွားပါတယ်။ ဒါပေမဲ့ အသံကြိုးမှာ ရောဂါရှိတယ် ဆိုရင်တော့ သုံး - လေးရက်နဲ့ ပြန် မကောင်းတတ်ပါဘူး၊ ဥပမာ - အသံအိုးမှာ အသံကြိုးက ဘယ်ဘက် တစ်ချောင်း၊ ညာဘက် တစ်ချောင်းဆိုပြီး နှစ်ချောင်း ရှိပါတယ်။ အသံကို အသုံးများလို့ အသံကြိုးမှာ အသားမာ တက်တယ်ဆိုရင် သုံး - လေးရက်နှင့် ပြန် မကောင်း တတ်ပါဘူး။ 

 

နားလိုက်ရင် အသံ ပြန်ကောင်းမလို ဖြစ်သွားပေမယ့် အသံဝင်တာ ပြန်ဖြစ်တတ် ပါတယ်။ ဗိုင်းရပ်စ်ပိုး ဝင်လို့ အသံကြိုး ရောင်တာဆိုရင်တော့ နားလိုက်တာနဲ့ ကောင်း သွားပြီး ပြန် မဖြစ်တော့ပါဘူး။ အသံဝင်တာက သုံးပတ်လောက် ဆက်တိုက် အသံ ဝင်နေရင်တော့ ရောဂါကြောင့်လို့ သတ်မှတ်လို့ ရပါတယ်။အသံကြိုး ရိုးရိုးရောင်တာပဲဖြစ်ဖြစ်၊ အသံကြိုးမှာ အသားမာ တက်တာပဲဖြစ်ဖြစ် အသက် အန္တရာယ် မရှိပါဘူး။ မကုဘဲ ထားရင် အသံပျက်တာက လွဲရင် တခြား ဘာမှ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အသံအိုး ကင်ဆာ မှာလည်း ရောဂါ လက္ခဏာ အနေနဲ့ အသံဝင်တာနဲ့ ပြတတ်ပါတယ်။ အသံအိုး ကင်ဆာ ဖြစ်နေတယ်ဆိုရင်တော့ အသက် အန္တရာယ်ရှိပါတယ်။ စောစောသိပြီး စောစော ကုနိုင်ရင် ရာနှုန်းပြည့်နီးပါး ကုသပျောက် ကင်းနိုင်ပါတယ်။ အသံကြိုးရောင်တာ၊ အသံကြိုး အသားမာ တက်တာနဲ့ အသံအိုး ကင်ဆာရဲ့ ရောဂါ လက္ခဏာတွေက ရောနေတတ်ပါတယ်။ အများစုက အသံဝင်တာ ပဲဆိုပြီး ပေါ့ဆ နေတတ်ကြတယ်။ အသံကြိုး ရောင်တာပဲလား၊ အသံကြိုး အသားမာ တက်တာပဲလား၊ အသံအိုး ကင်ဆာပဲလားဆိုတာကို ကိုယ့်ဘာသာကိုယ် ခွဲခြားပြီး မသိနိုင်ပါဘူး။ နား၊ နှာခေါင်း၊ လည်ချောင်းကု ဆရာဝန်တွေက စစ်ဆေးကြည့်ရှုပြီး ခွဲခြားပေးနိုင်ပါတယ်။ 

 

အသံကြိုးမှာ အသားမာ တက်တာ ခဏခဏ ဖြစ်ရင် တစ်သက်လုံး အသံပြောင်းသွား တတ်ပါတယ်။ ရေရှည်မှာ အသံကြိုးကို မထိခိုက်အောင် လေ့ကျင့်ရမယ်။ ဆေး သောက်ရတယ်။ အသံကို စနစ်တကျ အသုံးပြု ရတယ်။ နှစ်လ-သုံးလလောက် စောင့်ကြည့်တယ်။ အသားမာ တက်တဲ့ ဒဏ်ရာက မသက်သာဘူး ဆိုရင်တော့ ခွဲစိတ်ကုသရပါမယ်။  အနားပေးမယ်၊ အသံကို ထိခိုက်စေတဲ့ အပူအစပ်တွေ၊ အဆီတွေ လျှော့မယ် ၊ ရှောင်မယ်၊ အပူအအေး လွန်ကဲတာတွေ ရှောင်မယ်၊ ဆေးလိပ်၊ အရက်ဖြတ်မယ်၊ ကွမ်းလည်း ပါတယ်ဆိုပေမယ့် ကွမ်းက တိုက်ရိုက်တော့ မထိဘူး။ ဆေးလိပ်နဲ့ အရက်ကတော့ အသံကြိုးကို တိုက်ရိုက် ထိခိုက်ပါတယ်။ လိုအပ်တဲ့ ဆေးတွေ သောက်ရတယ်။ မရဘူးဆိုရင် ဆရာဝန်က မှန်ပြောင်းကြည့်ပြီး လိုအပ်တဲ့ နေရာပေါ်မှာ ဆေးပေးမယ်၊ တကယ်လို့ အဲဒီလို အဆင့်တွေ လုပ်ဆောင်ပြီး မရဘူးဆိုတော့မှ ခွဲစိတ်တဲ့ အဆင့်ကို စဉ်းစားရပါတယ်။  အသံကို အသုံးပြုနေတဲ့ အချိန်မှာ ရေကို မကြာခဏ သောက်ပေးပါ။ အသံကို အသုံးပြုပြီးရင် ပြန်အနားပေးပါ။ ပုံမှန် မဟုတ်တဲ့ အသံပြုလုပ်ပြီး အသုံးပြုရတဲ့ နည်းလမ်း မျိုးတွေ မလုပ်ပါနဲ့။ မလိုအပ်ဘဲနဲ့ ဒီလို လိုက်နာ ဆောင်ရွက်မယ်ဆိုရင် အသံကြိုးကို ထိခိုက်မှု မဖြစ်နိုင်ပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.279, October 2015, Pg. 38-40




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18