Print

လေးဖက်နာနှင့် ပြန်လည်ထူထောင်ရေး

  25-Feb-2017
Preview Image

ပြန်လည်ထူထောင်ရေးဆိုတော့ ရေဘေးကယ်ဆယ်ရေးတို့၊ ရန်ကုန်တိုင်းဒေသ ပြန်လည်တည်ဆောက်ရေးတို့နှင့် မှားနိုင်စရာရှိတာပေါ့။ တကယ်လည်း စာလုံးပေါင်းရော၊ အဓိပ္ပါယ်ရော တူပါတယ်။ Rehabilitation ဆိုတဲ့ လုပ်ရပ်မှာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေမှာ နေရာချပေးထားလိုက်တဲ့ စားဝတ်နေရေး ထောက်ပ့ံပေးတာတွေ လုပ်ရသလိုပဲ ရောဂါဒဏ်ကျရောက်နေတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုလည်း မူလတာဝန်တွေ၊ ပုံမှန်လုပ်ငန်းဆောင် တာတွေ ပြန်လည်လည်ပတ်နိုင်အောင် ကူညီဆောင်ရွက်ပေးရတာကြောင့် ခန္ဓာကိုယ် ပြန်လည်ထူထောင်ရေးလို့ဆိုရင် မမှားပါဘူး။

 

တကယ်တမ်းတော့ လေးဖက်နာတွေဟာ စကုတဲ့အချိန်ထဲက အရိုး၊ အကြော၊ အဆစ်သမားတော်နဲ့ ပြသပြီး ဆေးဝါးကုသမှုခံယူတာနဲ့ တစ်ပြိုင်တည်း ပြန်လည် ထူထောင်ရေး အစီအစဉ်တွေပါ တွဲဖက်လုပ်ဆောင်ဖို့ လိုအပ်တာဖြစ်ပေမဲ့ ထုံးစံအတိုင်း ကယ်ဆယ်ရေး၊ အရေးပေါ်ဝေဒနာ သက်သာရေး ကုထုံးတွေကသာ အရင်ဆုံးရရှိလေ့ ရှိကြပြီး ရေရှည်လုပ်ရမယ့် ပြန်လည်ထူထောင်ရေးကတော့ နောက်ကျနေတာ၊ တချိူ့ဆို ရကိုမရခဲ့ကြတာ ရှိပါတယ်။ 

 

ဒါလည်း မြန်မာပြည်မှာတင် မဟုတ်ဘဲ နိုင်ငံတကာမှာလည်း ထုံးစံလိုဖြစ်နေပါတယ်။ ဒီနေရာမှာ ပြန်လည်ထူထောင်ရေး လုပ်ရာမှာ စဉ်းစားပုံဖြစ်တဲ့ ရောဂါ၊ ဝေဒနာ၊ လှုပ်ရှားနိုင်စွမ်း ထိခိုက်မှု၊ ဆောင်ရွက်နိုင်စွမ်း ထိခိုက်မှုလို့ လေးဆင့်ခွဲခြားထား ပုံနှင့် ပြန်လည်ထူထောင်ရေးလုပ်ရာမှာလည်း အဆင့်အလိုက် အသေးစိတ် ခွဲခြား စဉ်းစားလုပ်ကိုင်ပေးရပါတယ်။

 

ဥပမာအားဖြင့် သွေးလေးဖက်နာအကြောင်း စဉ်းစားမယ်ဆိုရင် -

- သွေးလေးဖက်နာဆိုတာကရောဂါပါ။ 
- အဆစ်တွေနာတတ်၊ ဒူးဆစ်တွေနာတတ်၊ ဒူးဆစ်တွေ ခိုင်သွားတယ်ဆိုတာက ဝေဒနာပါ။
- လမ်းဝေးဝေးမလျှောက်နိုင်ဘူးဆိုတာက လှုပ်ရှားနိုင်စွမ်းထိခိုက်မှုပါ။
- ဝါသနာပါရာ အားကစားတွေ မလုပ်နိုင်တော့ဘူး။ (ဥပမာ ဂေါက်မကစားနိုင်၊ မနက်စောစော လမ်းထမလျှောက်နိုင်) ဆိုတာက ဆောင်ရွက်နိုင်စွမ်း ထိခိုက်မှုပါ။

 

ဒီလိုပဲ အရေပြားလေးဖက်နာအတွက် စဉ်းစားမယ်ဆိုရင် -

- အရေပြားလေးဖက်နာဆိုတာ ရောဂါပါ။
- နေပူထိတဲ့နေရာမှာ အနီကွက်တွေ ပေါ်တယ်ဆိုတာ ဝေဒနာပါ။
- သူ့မှာလှုပ်ရှားနိုင်စွမ်း ထိခိုက်မှု မရှိပါဘူး။
- ဒါပေမဲ့ လူနာတွေဟာ နေရောင်အောက်မှာ လှုပ်ရှားသွားလာရတဲ့ ဆောင်ရွက်မှုတွေ (ဥပမာ - အရောင်းမြှင့်တင်ရေး၊ ပင်လယ်ကမ်းခြေ အပန်းဖြေခရီး) တွေမှာ လုပ်လို့၊ ပါလို့ မရဘူးဆိုတာက ဆောင်ရွက်နိုင်စွမ်း ထိခိုက်မှုပါ။

 

လှုပ်ရှားနိုင်စွမ်းထိခိုက်မှုတွေကို ပြန်ကောင်းလာအောင် (Physiotherapy) လို့ခေါ်တဲ့ ကာယလေ့ကျင့်ခန်းဌာနက လုပ်ပေးပြီး ဆောင်ရွက်စွမ်းတွေ ပါတက်လာအောင်တော့ (Occupational Therapy) လို့ခေါ်တဲ့ လုပ်ငန်းဆောင်တာလေ့ကျင့်ခန်းဌာနက လုပ်ပေးပါတယ်။ ဥပမာ - လေးဖက်နာကြောင့် လက်တွေကွေးလို့၊ ဆန့်လို့မရ ဖြစ်သွား၊ ကြွက်သားတွေ သိမ်သွားတာကို ပြန်ဆန့်လာအောင်၊ ပြန်သန်လာအောင်၊ ကာယလေ့ကျင့်ခန်းဌာနက အပူပေး၊ အအေးပေး၊ လျှပ်စစ်နဲ့တို့၊ လေ့ကျင့်ခန်းတွေ အမျိုးမျိုးလုပ်ပေးပြီး လက်တွေလှုပ်ရှားနိုင်လာတဲ့အခါ တစ်နေ့တာလုပ်ငန်းတွေဖြစ်တဲ့ စာရေးနိုင်အောင်၊ ဇွန်းကိုကိုင်ပြီး ထမင်းစားနိုင်အောင်စတဲ့ ဆောင်ရွက်နိုင်စွမ်းအထိ ကောင်းလာအောင်တော့ လုပ်ငန်းဆောင်တာ လေ့ကျင့်ခန်းဌာနက လုပ်ပေးရပါတယ်။ မြန်မာပြည်မှာတော့ ဒီလိုလုပ်ငန်းဆောင်တာ လေ့ကျင့်ခန်းဌာနက မရှိသေးပါဘူး။ ဖွင့်လှစ်ဖို့၊ ကျွမ်းကျင်သူတွေ မွေးထုတ်ဖို့ လူနာတွေအတွက် အကျိုးရှိအောင် ဝန်ဆောင်မှု ပေးနိုင်ဖို့ကတော့ လိုနေတာ အမှန်ပါပဲ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးချစ်စိုး
Ziwaka magazine, March 2016, Pg.34-36



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18