Print

အသင့်စားအစားအစာတွေကို ဘယ်လိုစားကြမလဲ။

  01-Mar-2017
Preview Image

 

`အချိန်မရှိဘူး´ `အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိဘူး´ `အချိန်ရှားလိုက်တာ´ စသဖြင့် အချိန်နဲ့ ပတ်သက်တဲ့ ညည်းညူသဲတွေကို လူငယ်အများစုရဲ့ ပါးစပ်ဖျားမှာ ကြားရလေ့ရှိပါတယ်။ အသင့်စား အစားအစာအများစုက စျေးသက်သက်သာသာနဲ့ စားချင်စဖွယ်ဖြစ်အောင်၊ လူအများ ခံတွင်းတွေ့အောင်၊ အမြန်စားသောက်ပြီးစီးနိုင်အောင် စီမံထုတ်လုပ် ထားတာကြောင့် ကျန်းမာရေးပေတံနဲ့ တိုင်းတာတဲ့ အခါမှာတော့ လိုအပ်ချက်တွေ ရှိနေတာ တွေ့ရပါတယ်။ 

 

အသင့်စားအစားအစာတွေကို ဘယ်လိုရွေးချယ်မလဲ။

အသင့်စား စားသောက်ဆိုင်တွေ များလာတဲ့အခါ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိလာပါတယ်။ ကျန်းမာချင်ရင် ဂျုံကြမ်းနဲ့လုပ်တဲ့ စားစရာတွေ၊ ပရိုတိန်း ကြွယ်ဝတဲ့ အစားအစာတွေ၊ ဟင်းရွက်သုပ်၊ ဟင်းရွက်ပြုတ်၊ ဟင်းချိုစသဖြင့် ဟင်းသီးဟင်းရွက် များများပါဝင်တဲ့ အစိမ်းရောင် ဟင်းပွဲတွေကို ဦးစားပေးရွေးချယ်ရပါမယ်။ အကင်တစ်လှည့်၊ အသုပ်တစ်လှည့်၊ အပြုတ်တစ်လှည့် အပေါင်းတစ်လှည့် အလှည့်ကျစားပြီး ဆီးကြော်တွေကို လျှော့ရပါမယ်။ ဆီကြော်တွေက ပိုးစားကောင်းတာ မှန်ပေမယ့် သွေးနံရံမှာ အုံဖွဲ့လာမယ့် အဆီတွေကို မစုဆောင်းမိပါစေနှင့် ဟင်းချိုရည်မှာရင်တောင် အဆီများတဲ့ Soup မျိုးတွေကို ရှောင်ရပါမယ်။ 

 

ပွဲသေးပဲမှာပါ

ပွဲကြီးတွေက ဘယ်လောက်ပဲ စျေးသက်သာနေပါစေ၊ ပွဲသေးကိုပဲရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပွဲကြီးက အဆီတွေ၊ အချိုတွေ၊ အငန်တွေ၊ ကယ်လိုရီတွေ ပိုများလေပါပဲ။ ပွဲကြီးကို တစ်ထိုင်တည်း ကုန်အောင်စားရင်း လိုတာထက် ပိုစားဖြစ်သွားတဲ့ နေ့ရက်တွေ ထပ်လာနိုင်ပါတယ်။ စျေးအရ တန်၊ မတန် စဉ်းစားသလိုမျိုး ကျန်းမာရေးအတွက်လည်း တန်၊ မတန် စဉ်းစားကြည့်ပါ။

 

ရေသာလျှင်အကောင်းဆုံး

ရေဆာရင်အချိုရည်တွေ၊ ကော်ဖီတွေဝယ်သောက်မယ့်အစား ရေပဲသောက်ပါ။ ရေကကျန်းမာရေးနှင့် အညီညွှတ်ဆုံး ရွေးချယ်မှုပါပဲ။ ဖျော်ရည်သောက်ချင်ရင် အဆီလျော့ထားတဲ့ အဆီထုတ်ထားတဲ့ နွားနို့တွေ၊ ဒိန်ချဉ်တွေ၊ အချိုလျှော့ထားတဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေ သောက်နိုင်ပါတယ်။ Milk Shack ၊ Chocolate Shake ၊ Ice Cream စတာတွေကိုတော့ ရံဖန်ရံခါလောက်ပဲ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုသင့်ပါတယ်။

 

အေးအေးဆေးဆေးထိုင်ပြီး ဖြည်းဖြည်းစားပါ

အစာစားတဲ့အခါ လမ်းသွားရင်း၊ စာဖတ်ရင်း၊ ကွန်ပျူတာသုံးရင်း၊ ဖုန်းပြောရင်း စားရင် (ဒါမှမဟုတ်) အလောတကြီးနဲ့ မြန်မြန်စားရင် ထင်ထားတာထက် ပိုပြီး စားမိသွားတတ်ပါတယ်။ ဘယ်လောက် စားပြီးသွာပြီ၊ ဘယ်လောက်ပဲစားသင့်တယ် ဆိုတာမျိုး မတွက်ဖြစ်တော့ဘဲ ဝယ်လာသမျှ အကုန်စားဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အသင့်စား အစားအစာတွေ ဝယ်လာပြီးရင် ခဏအချိန်ပေးပြီး ထိုင်စားပါ။

 

ဆာတိုင်းလည်းဝယ်မစားပါနှင့် 

ဆာလောင်လာတဲ့ အခါတိုင်း စိတ်ကြိုက်အပြင်စာတစ်ခုခု အလွယ်တကူ ဝယ်စားဖြစ်နေမယ်ဆိုရင် စိတ်ကို အလိုလိုက်လွန်းရာ ကျပါတယ်။ အဆာပြေစားဖို့ အိတ်ထဲမှာ အသီးအနှံတစ်ခုခု ဆောင်ထားတဲ့ အကျင့်မျိုး လုပ်ရပါမယ်။ အိမ်မှာ သစ်သီးတွေ ဝယ်ထားပြီး အပြင်သွားကာနီးတိုင်း အလွယ်တကူ စားနိုင်တဲ့အသီးတစ်မျိုးမျိုး ယူသွားပါ။ မနက် အိမ်ကထွက်ကာနီးတိုင်း စားစရာတစ်ခုခု စားခဲ့ပါ။

 

Credit:
ဒေါက်တာမေမွန်
Wellness magazine, August 2015, Pg. 126

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18