Print

ရောင်ရမ်းမှုလျော့နည်းစေသော အစာစားပါ

  01-Mar-2017
Preview Image

 

အစားအသောက် အမျိုးအစားတွေက ရောင်ရမ်းမှုအပေါ် သက်ရောက်မှုရှိပါတယ်။ ကိုယ်တွင်းရောင်ရမ်းမှုတွေ သက်သာစေဖို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတစ်ခုလုံးကွေကာ၊ အပင်အခြေခံတဲ့ ပရိုတင်း (ပဲအမျိုးမျိုးနဲ့ အစေ့အဆန်)၊ ငါးကနေရတဲ့ အိုမီဂါ - ၃ အဆီ (ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး)၊ စားသုံးသင့်တဲ့ဆီ (သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ အကျိုးပြုဗက်တီးရီးယား (ဒိန်ချဉ်) စတာတွေစားသုံးပါ။ တိရစ္ဆာန်ကရတဲ့ ပြည့်ဝဆီတွေ၊ အဆီများတဲ့အသားတွေနဲ့ အဆင်သင့်သားသုံးနိုင်အောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစာတွေ စားသုံးမှုကို လျှော့ချပါ။

 

၁။ တက်ကြွစွာနေထိုင်ပါ

သင့်မှာ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်တဲ့ သွေးလေးဖက်နာရောဂါရှိရင်တောင် သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုပါတယ်။ တစ်နေ့ကို နာရီဝက်လောက် မြန်မြန်လမ်းလျှောက် ပေးတာက ကိုယ်လက်လှုပ်ရှားမှုဖြစ်စေပြီး ကိုယ်အလေးချိန်ကိုလည်းလျော့နည်းစေပါတယ်။

 

၂။ အိပ်ရေးဝအောင်အိပ်စက်ပါ

လေ့လာမှုတွေအရ အိပ်ရေးဝ၀ မအိပ်စက်သူတွေမှာ ခနွာကိုယ်တွင်း ရောင်ရမ်းမှုတွေဖြစ်ပေါ်တာကို တွေ့ရပါတယ်။ ရောင်ရမ်းမှုတွေက ခနွာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ဆက်နွှယ်နေ ပါတယ်။ အိပ်ရေးပျက်တာကြောင့် အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းနဲ့စိတ်ဖိစီးမှု ဖြစ်တဲ့အခါမှ ထွက်တဲ့ဟော်မုန်းတွေ ထွက်လာပါတယ်။ 

 

၃။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာကြောင့် ကိုယ်တွင်းရောင်ရမ်းမှုတွေ ဖြစ်ပေါ်စေပါတယ်။ဆေးလိပ်သောက်သူ အများစုက ဆေးလိပ်ဖြတ်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားပေမယ့်မဖြတ်နိုင်ကြပါဘူး။ ဆရာဝန်နဲ့ပြသပြီး အကြံဉာဏ်ယူကာ လုပ်ဆောင်ပါက ပိုမိုထိရောက်မှုရှိပါတယ်။

 

၄။ ဟင်းခတ်အမွှေးအကြိုင်

ချင်း (ဂျင်း) က ရောင်ရမ်းမှုတွေကို လျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။ သစ်ကြံပိုးခေါက်၊ လေညှင်းပွင့်၊ ငရုတ်ကောင်း၊ နနွင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမှာလည်း ရောင်ရမ်းမှုကို လျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။ နေ့စဉ်ဟင်းလျာချက်ပြုတ်ရာမှာ တစ်မျိုးမဟုတ် တစ်မျိုး ပါဝင်အောင် ချက်ပြုတ်စားသောက်ပါက ကိုယ်တွင်းရောင်ရမ်းမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဖြည့်စွက်စားသောက်ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။ သောက်သုံးနေရတဲ့ တခြားဆေးဝါးတွေနဲ့ မတည့်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။

 

၅။ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးများ

အများစုက စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ သောက်သုံးနေကြပါတယ်။ ဒါပေမဲ့ အမြဲတမ်း စွဲသောက်နေတာမျိုးမဖြစ်သင့်ပါဘူး။ ဒီဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်ပေမယ့် ရေရှည်စွဲသောက်ဖို့ လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်နှင့်သာ သောက်သုံးသင့်ပါတယ်။ရေရှည်မှာ အစာအိမ်အနာဖြစ်တာ၊ သွေးယိုစိမ့်တာတွေ ဖြစ်နိုင်တာကြောင့်ပါ။ သွေးယိုစိမ့်ရာကတစ်ဆင့် သွေးခဲဖတ်ဖြစ်လာပြီး နှလုံးတိုက်ခိုက်ခံရတာ ဒါမှမဟုတ် လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။

 

၆။ ဖြည့်စွက်သောက်သုံးပါ

အဆီများတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးတွေကနေ ရရှိတဲ့ အိုမီဂါ -၃ အဆီက ရောင်ရမ်းမှုတွေကို လျော့နည်းစေတယ်ဆိုပေမယ့် ငါးကနေ လိုအပ်တဲ့ပမာဏကို မရရှိတာကြောင့် ဖြည့်စွက်သောက်သုံးဖို့ လိုအပ်ပါတယ်။ အများစုက ဗီတာမင်ဒီ လျော့နည်းနေတာကြောင့် ဗီတာမင်ဒီလုံလောက်သူတွေထက် ကိုယ်တွင်းရောင်ရမ်းမှုတွေ ပိုဖြစ်နိုင်ပါတယ်။ နေရောင်ခြည်က အရေပြားနဲ့ ထိတွေ့တဲ့အခါ ဗီတာမင်ဒီဖြစ်လာပါတယ်။ တချို့နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိသူတွေမှာတော့ ဗီတာမင်ဒီရရှိနိုင်တဲ့ မှို၊ နေကြောစေ့ စတာတွေကို စားသုံးနိုင်ပါတယ်။


Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, June 2016, Pg.115

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18