Print

ဓာတ်ဆား ဖျော်ခြင်း

  01-Mar-2017
Preview Image

ဝမ်းပျက်ဝမ်းလျှောရောဂါမှာ လူကြီးလူငယ် မရွေးဖြစ်တတ်ကြပါတယ်။ အစားအစာ ဓာတ်မတည့်မှု၊ အစာ အဆိပ်သင့်မှု စသည်တို့မှစ၍ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ပါရာဆိုက်ကပ်ပါးပိုးများတို့ ကူးစက်ခံရမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အဓိက ရေနှင့်ဆားဓာတ် ဆုံးရှုံးမှုကြောင့် အသက်သေဆုံးနိုင်သည်။ ထို့ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ကုန်ဆုံးသွားသော ရေနှင့်ဓာတ်ဆားတို့ကို ပြန်လည်ဖြည့်တင်းရန် အရေးကြီးပါသည်။ 

 

ယနေ့အချိန်တွင် မိဘတော်တော် များများသည် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ဓာတ်ဆား တိုက်ရမည်ဟူသော အသိရှိထားကြသည်။ ကလေးငယ်များ ကိုယ်အပူချိန်တက်၍ ဖျားလျှင်ပင် သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးရိမ်လို့ဟူ၍ မိဘများက ဓာတ်ဆား တိုက်ဖို့ သတိရနေကြပြီဖြစ်သည်။

 

တချို့ကလေးများသည် ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်တွင် အစာ လက်မခံဘဲ အန်တတ်ကြသည်။ ရေများများ သောက်လျှင်ပင် အန်တတ်ကြသည်။ တချို့ကလေးများသည်လည်း မည်သည့်အတွက်ကြောင့် ကိုယ်အပူချိန် တက်သည်၊ ဖျားသည်ဖြစ်စေ ဖျားခြင်းနှင့်အတူ အန်သည့် ဝေဒနာပါပူးကပ်ပါလာတတ်သည်။ ဤတွင် မိဘများသည် သားသမီးများကို ဓာတ်ဆား ဖျော်တိုက်လိုသော်လည်း အန်နေ၍ အခက်ကြုံကြရသည်။ မိဘများသည် ဓာတ်ဆားမှုန့်များ ဝင်လျှင် ပို၍အကျိုးဖြစ်သည်ဟု ယူဆ၍ ဓာတ်ဆားမှုန့်ပမာဏ များများကို ရေနည်းနည်းဖြင့် ဖျော်၍ တိုက်တတ်ကြသည်။ ဤသည်မှာ မှားယွင်းသော ဆောင်ရွက်မှု ဖြစ်သည်။ 

 

ဓာတ်ဆားထုပ် (သို့) ဓာတ်ဆားခဲများတွင် ရေပမာဏ မည်မျှနှင့် ဖျော်ရမည်ကို အညွှန်း၌သေချာစွာ ဖော်ပြထားပါသည်။ အညွှန်းအတိုင်း ဖျော်ရန်ဖြစ်သည်။ ရေတစ်လီတာ ရေပမာဏ လိုအပ်ပါသည်။ တစ်လီတာရေနှင့် ဖျော်ရမည့် ဓာတ်ဆားထုပ်အမှုန့်ကို ၀.၅ လီတာနှင့် ဖျော်လျှင်ဝမ်းပျက်ဝမ်းလျှော ကလေးမှာ ဝမ်းမရသည့်အပြင် ဝမ်းပို၍ သွားစေမည်ဖြစ်သည်။ ပို၍ပင် ရေဓာတ် ကုန်ခန်းသွားနိုင်ပါသည်။ ဆေးပညာအရ ယင်းဖြစ်စဉ်ကို Osmotic Diarrhoea ဟု ခေါ်နိုင်ပါသည်။ 

 

ဆားရည်သည် ပြင်းအားနည်းသည့်ဘက်မှ ပြင်းအားများသည့်ဘက်သို့ ရေကို ဆွဲယူနိုင်စွမ်းရှိသည်။ ဓာတ်ဆားရည်ကို ပျစ်အောင် ဖျော်သောအခါ (ပြင်းအား များစေသောအခါ) သောက်လိုက်သော ဓာတ်ဆားရည် ခန္ဓာကိုယ်တွင်း ရောက်ရှိသွားမည့်အစား ခန္ဓာကိုယ်တွင်းမှ ရေများကို အူလမ်းကြောင်းသို့ ပြောင်းပြန်ပင် ဆွဲယူသွားမည်ဖြစ်၏။ ထို့ကြောင့် သောက်သော ရေထက်ပင် ပမာဏများသော ဝမ်းများသွားမည် ဖြစ်သည်။

 

• ဓာတ်ဆားဖျော်လျှင် အညွှန်းအတိုင်း ဖျော်ပါ။
• ဓာတ်ဆားမှုန့်များများကို ရေနည်းနည်းဖြင့် မဖျော်သင့်ပါ။


Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18