Print

မိုက်ခရိုဝေ့ မီးဖိုထဲ မထည့်သင့်သည့် အရာ(၄)ခု

  25-Feb-2017
Preview Image

၁။ ကြက်ဥ မပြုတ်မိစေနဲ့ ။

မိုက်ခရိုဝေ့ မီးဖို၏ မြန်ဆန်လွန်းသော အပူဓာတ်ကြောင့် ကြက်ဥထဲတွင် အငွေ့ပျံစေ၏။ ထိုအငွေ့သည် ကြက်ဥထဲကနေ ထွက်စရာ မရှိသော အခါ နောက်ဆုံး ရွေးစရာ လမ်းကား ကြက်ဥ ကွဲထွက်သွားခြင်း ဖြစ်သည်။ မိုက်ခရိုဝေ့ မီးဖိုထဲမှာ ကြက်ဥနှစ်တွေ လိုက်သုတ်ရခြင်းလောက် ဒုက္ခရောက်တာမရှိ။ သို့ဖြစ်ရာ ကြက်ဥပြုတ်လိုလျှင် ရိုးရိုးမီးဖိုပေါ်တင်ပြီး ပြုတ်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

 

ရိုးရိုးမီးဖိုပေါ် ခပ်ကျယ်ကျယ် ဇလုံထဲ ကြက်ဥများထည့်ကာ ကြက်ဥအပေါ် တစ်လက်မလောက်ထိ ရေဖုံးအောင် ထည့်ပါ။ ပြီးလျှင် မီးမပြင်း မပျော့ပေးပြီး ရေဆူသည်အထိ ထားပါ။ ရေဆူလျှင် မီးပိတ်လိုက်ပြီး (၁၂) မိနစ်ခန့်နေလျှင် ကြက်ဥခွံခွာလို့ရပြီ။

 

၂။ အေးခဲထားသည့် အသား။

ရေခဲသေတ္တာထဲ ထည့်ထားသည့် ရေခဲရိုက် အသားများကို မိုက်ခရိုဝေ့ မီးဖိုထဲ အလျင်စလို မထည့်မိပါစေနှင့်။ မနက်ကျ ချက်မည်ဆိုလျှင် ညကတည်းက ရေခဲသေတ္တာ အောက်ဆင့်ထဲ ထည့်ပြီး ဖြည်းဖြည်းချင်း အခဲဓာတ် လျော့သွားအောင် လုပ်ထားပါ။ မနက်ချက်ခါနီးလျှင် ရေနဲ့ဆေးပြီး အအေးဓာတ် လုံးဝပျယ်သွားအောင် လုပ်ပြီးမှ ချက်ပြုတ်ပါ။

 

အေးခဲနေသော အသားကို အလျင်စလို ထည့်ချက်လိုက်လျှင် မိုက်ခရိုဝေ့သည် အပူဓာတ်မြန်သဖြင့် အသားဘေး ဝန်းကျင်ပိုင်းများ အရင်ကျက်သွားပြီး အေးခဲနေသည့် အတွင်းသားက ဒီအတိုင်း ကျန်ခဲ့တာမျိုး ကြုံရတတ်သည်။

 

၃။ စတီးခွက်တွေ မထည့်ပါနဲ့။

ကော်ဖီ၊ လက်ဖက်ရည် ပြန်နွှေးချင်လို့ မိုက်ခရိုဝေ့ မီးဖိုထဲ အလွယ် ထည့်ထား လိုက်တာမျိုးသည် ရည်ရွယ်ရင်း မရောက်သည့်အပြင် ဒုက္ခပါ ရောက်စေနိုင်သည်။ စတီးခွက်၊ ဒန်ခွက်များသည် အပူဓာတ်ကို သူချည်း စုပ်ယူထားသဖြင့် မိုက်ခရိုဝေ့၏ အပူဓာတ်သည် အထဲက ကော်ဖီ၊ လက်ဖက်ရည်ထံ ရောက်သင့်သလောက် မရောက်ဘဲ ဖြစ်ရတတ်သည်။

 

ပိုဆိုးသည်မှာ အပူလွန်ကဲလာသော စတီးခွက်၊ ဒန်ခွက်များသည် မိုက်ခရိုဝေ့ မီးဖိုကို ပျက်စီးသည် အထိ ဖြစ်စေနိုင်သည်။ ဒန်ခွက်၊ သတ္တုခွက်၊ စတီးခွက်များ မိုက်ခရိုဝေ့ မီးဖိုထဲ မထည့်မိပါစေနဲ့ ။ ခဲပတ် စက္ကူမျိုးနဲ့ ပတ်ပြီး မိုက်ခရိုဝေ့ထဲ အသားငါးများ ထည့်တာမျိုးလည်း မလုပ်မိပါစေနဲ့ ။

 

၄။ ပလတ်စတစ် ခွက်တွေ။

ပလတ်စတစ် ပစ္စည်း အတော် များများထဲတွင် ပလတ်စတစ်ဆိုက်ဇာဓာတ် ပစ္စည်းပါသည်။ ထိုဓာတ်ပစ္စည်းသည် လူ့ခန္ဓာကိုယ်ထဲ ရောက်သွားလျှင် ဟိုမုန်းများထဲ ရောသွားကာ လူကို ကျန်းမာရေး ထိခိုက်စေသည်။ ပလတ်စတစ်ကို အပူတိုက် လိုက်လျှင် ပလတ်စတစ် ဆိုက်ဇာဓာတ်များ ထွက်လာသည်။ အစားအသောက် ထည့်ထားသော ခွက်ဖြစ်ပါက အစားအသောက်တွေထဲ ကူးဝင်ရောက်ရှိ သွားတော့ကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် လူသား ကျန်းမာရေး ဆိုင်ရာ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည့် စစ်တမ်း တစ်စောင်က ဆိုသည်။

 

စစ်တမ်းအဖွဲ့က လေ့လာကြည့်သည့် ပလတ်စတစ် ပစ္စည်းပေါင်း (၄၅၀) (ကလေးနို့ဗူး၊ ရေခွက်စသဖြင့်) အနက် (၉၅) ရာခိုင်နှုန်းထိသည် မိုက်ခရိုဝေ့ မီးဖိုထဲ ထည့်လိုက်လျှင် ပလတ်စတစ်ဆိုက်ဇာများ ထွက်လာကြောင်း သိရသည်။

 

ပလတ်စတစ် ဆိုက်ဇာ ကင်းစင်သည်ဟု တံဆိပ်ရိုက်ထားသည့် ပလတ်စတစ်ဗူးများ ခွက်များသည်ပင် မိုက်ခရိုဝေ့ထဲ ထည့်လိုက်လျှင် ပလတ်စတစ် ဆိုက်ဇာ အနည်းအကျဉ်းတော့ ထွက်လာကြောင်း တွေ့ရသည်။

 

ပလတ် စတစ်ဆိုက်ဇာနဲ့ ထိတွေ့မှု လျှော့ချလိုလျှင် မိုက်ခရိုဝေ့ထဲ မည်သည့် ပလတ်စတစ်ခွက်၊ ပန်းကန်မျိုးကိုမျှ မထည့်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ပုံမှန် ရေနွေးပူ ထည့်ထားသော ပလတ်စတစ်ခွက်ထက်၊ မိုက်ခရိုဝေ့ မီးဖိုထဲ ထည့်ထားသော ပလတ်စတစ်ခွက်က ပလတ်စတစ် ဆိုက်ဇာ ထွက်နှုန်း သိသိသာသာ ပိုများပြားသည်။

 

သို့ဖြစ်ရာ မိုက်ခရိုဝေ့ထဲ ဟင်းလျာများ ထည့်သွင်း ချက်ပြုတ်လိုလျှင် ကြွေထည် ပန်းကန်ပြား၊ ပန်းကန်လုံး သို့မဟုတ် ဖန်ထည် ပန်းကန်ပြား၊ ပန်းကန်လုံးများ သုံးခြင်းသည် အန္တရာယ် အကင်းဆုံး ဖြစ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
Messenger Journal


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18