Print

ဂေါ်ရခါးသီးနှင့် ကျန်းမာရေး

  25-Feb-2017
Preview Image

ဂေါ်ရခါးသီးကိုမြန်မာနိုင်ငံမှာ စျေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။ရှမ်းပြည်မှာဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်။ အိမ်တိုင်းမှာလိုုလို စင်တင်ပြီး စိုက်ထားကြပါတယ်။ စားချင်တဲ့ အချိန်မှ သွားခူးစားကြတာမျိုးပါ။

 

ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေ့ါ။ စီးပွား ဖြစ်စိုက်ပျိုးကြတဲ့ စိုက်ခင်းတွေ ဆိုတာကလည်း တမျှော်တခေါ် မျက်စိတဆုံးပဲမို့ တစ်နိုင်ငံလုံးကိုတောင် ရောင်းချနိုင်လောက်အောင်ကို ဖြစ်ထွန်းအောင်မြင်နေတာပါ ။

 

တခြားနေရာဒေသတွေမှာလည်း ဂေါ်ရခါးသီး မထွက်ပေမယ့် လူတိုင်း ဝယ်ယူ စားသုံး နိုင်လောက်အောင်ကို စျေးသက်သာမယ် ပေါများမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲ ဆိုတာတော့ သတိထားမိတဲ့ သူရှားပါတယ်။ ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။

 

ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ်တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။

 

(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်း တည်ဆောက်မှုတို့ကို အကျိုးဖြစ်ထွန်း စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာ ဂေါ်ရခါးသီးကို အလုံအလောက် စားပေးခြင်းဖြင့် မွေးဖွားလာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

 

(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်း လိုသူများအတွက် အထူးပင် သင့်လျော်ပါတယ် ။

 

(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာ ရောဂါများကို ဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်း ပေးတာကိုတွေ့ရပါတယ် ။

 

(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း မဂ္ဂနိစ်ဓါတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။

 

(၅)ဂေါ်ရခါးသီးမှာ အမျှင်ဓါတ် ပေါကြွယ်ဝလို့ အူသိမ်၊ အူမတို့စွမ်းရည်ကို မြှင့်တင် ပေးတာကြောင့် ဝမ်းချုပ်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်ပါ လိမ့်မယ် ။

 

(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ၊ စိတ်ကျ ရောဂါဝေဒနာ များကို ကာကွယ်တားဆီးပေး ပါတယ် ။

 

(၇) နာတာရှည် အိပ်မပျော်သူများအတွက် အထူးပင်သင့်လျော်ပြီး ပင်ပန်း နွမ်းနယ်မှု များကိုလည်း လျော့ပါးသက်သာစေပါတယ် ။

 

(၈) ဂေါ်ရခါးသီးမှာ ဗီတာမင် B6 ပါဝင်တဲ့အတွက် မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာစေပါတယ် ။

 

(၉) ဂေါ်ရခါးသီးဟာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

 

(၁၀) သွားဖုံးကျန်းမာရေး ၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း ၊ အဆုတ်ကျန်းမာရေးနဲ့ ကျောရိုးကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ် ။

 

(၁၁) ဂေါ်ရခါးသီးဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အတွက် မကြာခဏ ဖြစ်တတ်တဲ့ အပူဖျား ၊အအေးမိဖျားရောဂါများကို ကြိုတင်ကာ ကွယ်ပေးနိုင်ပါတယ် ။

 

(၁၂) ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓါတ် ပါဝင်တဲ့အတွက် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ် ။

 

(၁၃) ဂေါ်ရခါးသီးထဲမှာ ပါဝင်တဲ့ ဇင့်ဓါတ်ဟာ ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ရှိ ဝက်ခြံများကို ပျောက်ကင်း သက်သာ စေနိုင်ပါတယ် ။

 

(၁၄) ဂေါ်ရခါးသီးထဲမှာ မဂ္ဂနီဆီယမ်ဓါတ်လည်းပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့်ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်တာလည်း တွေ့ရပါတယ် ။

 

ဂေါ်ရခါးသီး သာမက ဂေါ်ရခါးရွက်၊ ဂေါ်ရခါးညွန့် တို့ဟာလည်း အလွန်ဆေးဘက် ဝင်လှပါတယ်။ ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ကို အရွက်စိမ်းဖြစ်စေ၊ အခြောက်ခံပြီးဖြစ်စေ ရေနွေးကြမ်း (အခါးရည်) အဖြစ် မှန်မှန် သောက်သုံး သွားပါက သွေးတိုးကျစေခြင်း၊သွေးကြော မကြီးများ ပိတ်ဆို့ တင်းမာမှုကို ဖြေလျော့စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ကျောက်ကပ် ထဲရှိ ဆီးကျောက်များကို ကျစေခြင်း စသဖြင့် ဆေးစွမ်းထက်လှတာကိုတွေ့ရပါတယ် ။

 

ဒါကြောင့် စျေးနှုန်းသက်သာ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြု ပြီး ဘေးထွက် ဆိုးကျိုးလည်း ကင်းလှတဲ့ ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း အားလုံး သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းရင်း မေတ္တာပို့သ လိုက်ပါတယ်။

 

Healthcare.com.mm
Ref:
မြဝတီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18