Print

Kegel Exercise for Women (ကီဂယ်လ်) လေ့ကျင့်ခန်း

  25-Feb-2017
Preview Image

တသားမွေးတသွေးလှဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်း အင်္ဂါတွေပါ ကျန်းမာသန်စွမ်းဖို့ လိုသေးတယ်။ အမျိုးသမီး ကြီးငယ်မဟူ၊ အပျိုရော အအိုပါ၊ တစ်ဒါ်လာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း။ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့နည်းကို ရေးပါမယ်။

 

ကိုယ်ဝန်တစ်ခါဆောင်ရင်တစ်ခါ အတွင်းအင်္ဂါတွေ အားနည်းလာတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်နိုင်တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲလဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်း တယ်။ တင်ပါးဆုံအောက်ခံ လေ့ကျင့်ခန်းဖြစ်တယ်။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်းအိမ်ကျ၊ ဆီးမထိန်းနိုင်တာ၊ ဒီလိုရောဂါတွေသာမက မွေးလမ်းကြောင်း (ဗဂျိုင်းနား) ကြွက်သားတွေ အားပျော့နေတာလဲ ကျန်းမာရေးနဲ့လူမှုရေး ပြဿနာပဲ။ အိမ်ထောင် မကျသေးသူတွေလဲ တချို့ဖြစ်တတ်လို့ ငါန်းဇွန်နယ်မှာ အပျိုလေးတယောက်ကို ခွဲတောင်ပေးခဲ့ရဖူးတယ်။

 

တင်ပါးဆုံအရိုးကွင်းထဲမှာ အင်္ဂါတွေအများကြီးရှိတယ်။ ယောက်ျား-မိန်းမ နည်းနည်း မတူကြဘူး။ လူတယောက်ကို တဖက်မျက်နှာမူ ရပ်ခိုင်းပြီး ဘေးတည့်တည့် ကနေကြည့်ရင် ရှေ့ဆုံးမှာ ဆီးစပ်ရိုး၊ နောက်မှာ ဆီးအိမ်၊ နောက်မှာ မိန်းမတွေမှာ သားအိမ်၊ နောက်ဆုံးမှာ အစာဟောင်းအိမ်ရှိတယ်။ မိန်းမတွေမှာ သားအိမ်အောက်က တဆက်တည်း (ဗဂျိုင်းနား) မွေးလမ်းကြောင်းရှိတယ်။ အစာဟောင်းအိမ်အောက်က ဆက်နေတာက စအို။ ယောက်ျားတွေမှာ ဆီးအိမ်အောက် ကပ်နေတဲ့ ဆီးကျိတ်ရှိတယ်။

 

ဒီအင်္ဂါတွေကို သူ့နေရာသူ ပုံမှန်ရှိနေအောင် ကြွက်သား၊ အရွတ်ပြားတွေကနေ ထိန်းပေး-တည့်ပေး၊ မ, ပေးထားတယ်။ ထိန်း-တည့်-မ လုပ်ပေးတာတွေ အားနည်းလာ ရင် ပြောခဲ့သလို အမျိုးမျိုး ဖြစ်လာစေနိုင်တယ်။ ကြွက်သားဆိုတာ လေ့ကျင့်ပေးရင် သန်မာစေနိုင်လို့ လေ့ကျင့်ပေးရမယ်။

 

အရင်ဆုံး ဘယ်ကြွက်သားတွေကို လေ့ကျင့်ရမလည်းသိအောင် လုပ်ရတယ်။ ဆွဲကိုင်ထောက်ပြ မရနိုင်လို့ သင်ပြပေးရတယ်။ ဆီးသွားနေရင်း ဆီးမကုန်ခင်မှာ ဆီးသွားတာ ရပ်သွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နေရာကို ညှစ်ပြီး မ, တင်ပေးရင် ဆီးရပ်မလဲဆိုတာ ကိုယ်တိုင်သိလာလိမ့်မယ်။ စအိုနဲ့ မွေးလမ်းပေါက်တွေကို ပိတ်ပြီး ဆွဲတင်သလို လုပ်ရတယ်မဟုတ်လား။ အဲတာတွေလိုသိရင် အဲတာတွေကို ညှစ်လိုက် လျှော့လိုက်လုပ်ရတယ်။ အထက်နဲ့ အတွင်းထဲဆီကို ဦးတည်ရတယ်။

 

အဲလိုလေ့ကျင့်နေတုံးမှာတင်ပါးကိုဆွဲတင်တာလှုတ်တာမဖြစ်စေပါနဲ့။
ပေါင်-ခြေတွေလဲ ညှစ်တာမျိုး မလုပ်ရပါ။ အသက်အောင့်စရာ မလိုပါ။ သက်တောင့် သက်သာ အနေအထား (လှဲနေရင်း) စလုပ်ပါ။ အဆင်ပြေလာတဲ့အခါ ထိုင်ရင်း လုပ်ပါ။ နောက် ဆိုရင် အလုပ်လုပ်နေရင်းလဲ လုပ်ပါ။ ကွန်ပြူတာနဲ့ စမတ်ဖုန်းသုံးနေရင်း လည်းလုပ်ပါ။ အချိန်မရွေးလုပ်နိုင်ပါတယ်။ ကြွက်သားတွေကို ညှစ်ထိန်းထာတာကို အစမှာ ၂ စက္ကန့်၊ နောက် ၁ဝ စက္ကန့်ကြာအောင် ကြိုးစားပါ။

 

ကျွမ်းကျင်လာရင် ဗိုလ်သင်တန်းတက်မယ်။ အသက် မှန်မှန်ရှူပါ။ ကြွက်သားတွေကို ဆွဲတင်ပြီးနောက် ပြန်လျှော့ချတာကို ဇတ်ကနဲလုပ်လိုက်ပါ။ တင်းတာထက် ချတာကမြန် ပါစေ။ ၁ဝ ကြိမ် ဆက်တိုက်လုပ်ပါ။ တခါလုပ် ၈-၁ဝ ကြိမ်၊ တနေ့မှာ ၃ ခါလုပ်ပါ။ တကယ် လို့ ကိုယ့်မှာ ဆီးအိမ်ကျတာမျိုးရှိလို ပြုပြင်ရသူဆိုရင် ပိုလုပ်ရပါမယ်။ သားအိမ်ကျချင်နေ တာ၊ ဗဂျိုင်းနားထဲမှာ တစ်ဆို့ဆို့ ဖြစ်နေတာ၊ ဗဂျိုင်းနားတင်းအား လျှော့နေတာတွေ ကိုပြောတာဖြစ်တယ်။

 

ကိုယ်ဝန်ဆောင်နေချိန်မှာပါ လုပ်သင့်တယ်။ ဆီးမထိန်းနိုင်တဲ့ရောဂါ Stress urinary incontinence ကိုပါ ကုနိုင်တယ်။ ပိုဆိုးတဲ့ Urge urinary incontinence ကိုကာကွယ်ပေးပါတယ်။

 

အမျိုးသမီးတိုင်းမှာ သတိထားစရာတွေ ရှိတယ်။ ဝမ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင် မတာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို စိတ်ကနေထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဆောင့်ကြောင့် မထိုင်ပါနဲ့။ ဒူးကို၉ဝဒီဂရီထားလို့ရတဲ့ အိမ်သာမျိုးသာသုံးပါ။ ပက်လက်အိပ်နေရင်းခြေထောက်မြှောက်တာကို ၂ ဖက်လုံး တပြိုင်နက်မလုပ်ပါနဲ့။ လုပ်ရရင်လဲ သတိရှိပါ။ မတ်တပ်ရပ်နဲ့ ခြေ ၂ ဖက်ဆန့်ပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေ ကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးအိမ်တင်းနေမှသာ ဆီးသွားပါ။

 

ဝမ်းမချုပ်ပါစေနဲ့။ ဒါပေမဲ့ ဝမ်းနုတ်ဆေး ခဏခဏမသောက်ပါနဲ့။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်နဲ့ ဝမ်းသွားအောင် လုပ်ပါ။ ဝမ်းနုတ်ဆေးသောက်လို့ဖြစ်ဖြစ်၊ ဝမ်းပျက် လို့ဖြစ်ဖြစ်၊ အရက်နာကျတာဖြစ်ဖြစ် ပိုတက်ဆီယမ်ဓါတ် နည်းစေတယ်။ ကြွက်သားတွေ အားပျော့မယ်။ ဓါတ်ဆားရည်သောက်ပါ။ ရေနွေးကြမ်းသောက်ပါ။ အုန်းရည်သောက်ပါ။ ငှက်ပျောသီး၊ လိမ္မော်သီးစားပါ။ လိုအပ်ရင် ပိုတက်ဆီယမ်ဆေးသောက်ပါ။

 

စိတ်လည်း လှပါစေ၊ ကိုယ်လည်း အပြင်ကရော အတွင်းထဲကပါ လှကြပါစေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref :
Dr. တင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18